ဘုန်းကြီးကျောင်းက ဖား

ရှေးရှေးတုန်းက ဖားငယ်လေး တကောင်ဟာ ဘုန်းတော်ကြီး ကျောင်းနဲ့ မနီးမဝေးမှာ နေထိုင်ပါတယ်။ တနေ့တော့ ဘုန်းကြီးတွေ ဆွမ်းခံကြွပြီး ပြန်အလာ ဆွမ်းဘုန်းပေး တာကို ကြည့်ရင်း အတွေး တခု ဝင်လာတယ်။

"အင်း ငါသာ ဘုန်းကြီး ဖြစ်ရင် သိပ်ကောင်းမှာပဲ၊ အလုပ် ဆိုလို့ ထွေထွေ ထူးထူး လုပ်စရာ မလိုပဲ မိုးလင်းရင် လမ်းလျှောက် ထွက်ရုံမျှနဲ့ တဝမ်းစာကို ပူပင်စရာ မလိုပဲ နေကြရတာ" လို့ တွေးပြီး အားကျ နေမိတယ်။

ဆွမ်းဘုန်းပေး အပြီးမှာ ဘုန်ကြီးကျောင်းသားတွေကို မြင်ပြန်တော့ ကိုရွှေဖားက အတွေး ပြောင်းသွား ပြန်တယ်။ ဘုန်းကြီးတွေလို အစောကြီး ထစရာ မလိုပဲ အချိန်တန်ရင် ထစားရတဲ့ ဘုန်းကြီးကျောင်းသား တွေကို အားကျနေ မိပြန်တယ်။

ဘုန်ကြီးကျောင်းသားများ စားမကုန်တဲ့ ထမင်းဟင်းတွေကို ကျောင်းစောင့် ခွေးများကို ကျွေးတာ မြင်တော့လည်း ရှေ့နည်းတူ ကိုရွှေဖားက ခုံတလုံးမှ သိမ်းစရာ မလို၊ ပန်းကန်တလုံးမှ ဆေးစရာ မလိုပဲ စားနေရတဲ့ ခွေးတွေကို အားကျမိ ပြန်တယ်။

ခွေးများ စားပြီး မကုန်တဲ့ အရိုးအကပ် တွေကို လာစားတဲ့ ယင်ကောင်တွေ မြင်မိတော့လည်း သူတို့တွေက ကျောင်းစောင့်ပြီး ဟောင်နေရတဲ့ ခွေးလောက်တောင် မပင်ပန်းပဲ စားရတဲ့ အဖြစ်ကို အားကျနေ ပြန်တယ်။

အဲဒီလို အားကျနေတုန်း အရိုးနားက ယင်တကောင် ဖားနားကို ပျံလာပြီး ဖြတ်သန်းမိရာ ဖားတို့ရဲ့ သဘာဝ အတိုင်း လျှာထုတ်ကာ ပစ်ဖမ်းပြီး စားမိကာမှ ကိုရွှေဖားလည်း အသိတရား ဝင်လာ ပါတော့တယ်။

သူဆိုတာ ငါမဟုတ်၊ ငါဆိုတာလည်း သူမဟုတ်။ သူ့အလုပ်နဲ့သူ သူ့နေရာနှင့်သူ သူ့ ဒုက္ခနဲ့သူ။ သူ့ကို အားကျနေသမျှ ငါလည်း အစာ ဝမည် မဟုတ်။

လူအများစုက ကိုယ့်အလုပ်ကိုယ် လုပ်ကြပေမယ့် ကိုယ့်ထက် သာသူတွေကို အားကျမိတတ် ကြပါတယ်။ အဲဒီလို အားကျမှုတွေ ကြောင့်လည်း လုပ်သမျှ မအောင်မြင်ပဲ ဆုံးရှုံးတတ် ကြပါတယ်။

လူတဦး တယောက်စီမှာ အားကျစရာတွေ ရှိသလို စိတ်ပျက်စရာ တွေကလည်း ကိုယ်စီနဲ့ပါ။

သူတပါးကို အားကျလို့ ကိုယ်ဝမ်းဝမှာ မဟုတ်သလို၊ ကိုယ်လုပ်မှ ကိုယ်စား ကိုယ်ရုန်းမှ ကိုယ်လွတ်မယ့် ဒုက္ခ အခက်ခဲ ကြားမှာ ကိုယ့်ဘဝ ကိုယ့်စတိုင်နဲ့ မယိုင်မလဲ တပြိုင်တည်း မြဲမြဲ လျှောက်နိုင်မှ သာလျှင် ကိုယ့်ဘဝက သာယာနိုင် မှာပါ။ Crd

Post a Comment

0 Comments