ကိုယ့်ကိစ္စ ကိုယ်လုပ်ဖို့လိုတယ်

တခါတုန်းက လိပ်မိသားစု တစုဟာ ပျော်ပွဲစား ထွက်ဖို့ ပြင်ဆင် နေကြပါတယ်။ သူတို့ သဘာဝ ကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစား ထွက်ဖို့ ပြင်ဆင် တာလည်း ၇ နှစ် တောင် ကြာသွားပါတယ်။

နောက်ဆုံးမှာတော့ လိပ်မိသားစုဟာ အိမ်က ထွက်လာပြီး ပျော်ပွဲစားဖို့ သင့်တော်တဲ့ နေရာကို ရှာကြ ပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာ မှာတော့ သူတို့အတွက် အကောင်းဆုံး နေရာတခုကို ရှာတွေ့ သွားကြ ပါတယ်။

အဲဒီနေရာလေးကို သန့်ရှင်းရေး လုပ်တာတို့၊ ပျော်ပွဲစား အတွက် စားစရာ တွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင် လိုက်တာ ၆ လ အကြာမှာ ပြီးစီးသွား ပါတယ်။ အဲဒီအချိန်မှာ သူတို့ဟာ ဆား မေ့ကျန်ခဲ့ တာကို သိလိုက်ရပါတယ်။

ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ အရသာ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ ထင်ကြတယ်။ အဲဒီ ကိစ္စကို အကြာကြီး ဆွေးနွေး အပြီး မှာတော့ အငယ်ဆုံး လိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန် ပေးလိုက် ကြပါတယ်။

မိသားစုထဲမှာ အမြန်ဆုံး ဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယို ပါတော့တယ်။ နောက်တော့ ကတိတခု တောင်းပြီးမှ သွားမယ်လို့ သဘောတူလိုက် ပါတယ်။

ကတိကတော့ "သူ ပြန်မရောက်မချင်း ဘယ်သူမှ အစားအသောက်တွေကို မစားပါဘူး" ဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။

၃ နှစ် ကြာတဲ့ အထိ လိပ်ကလေး ပြန်ရောက် မလာပါဘူး။ ၅ နှစ်၊ ၆ နှစ်၊ ၇ နှစ်မြောက် မှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ ဒဏ်ကို မခံနိုင် ရှာတော့ ပါဘူး။ ဒါကြောင့် သူတော့ စားတော့မယ်လို့ ပြောပြီး အသားညှပ် ပေါင်မုန့်ထုပ်ကို ဖွင့်လိုက် ပါတော့တယ်။

အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင် အနောက် ကနေ ရုတ်တရက် ထွက်လာပြီး အော်ပြောလိုက် ပါတယ်။ "တွေ့လား၊ သားကို စောင့်ကြမှာ မဟုတ်ဘူး ဆိုတာ သိသားပဲ၊ တော်ပြီ ဆား သွားမယူတော့ဘူး" တဲ့။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့် ထားသလို လုပ်ပေးဖို့ စောင့်မျှော်ရင်း နဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပြစ်တတ် ကြပါတယ်။

သူများတွေ ဘာလုပ်သလဲ ဆိုတာကို အလေးထား စိတ်ဝင်စား နေရတာ နဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှ မလုပ်ဖြစ် မိပါဘူး။ ကိုယ့်အထုပ် ကိုယ်ထမ်းပြီး ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ လိုအပ်ပါတယ်။ crd

Post a Comment

0 Comments