မိန်းမတယောက်ကို ထမင်းကျွေးနိုင်ရုံလောက်နဲ့ လက်မထပ်နဲ့

မြန်မာ့အိမ်ထောင်ရေးနဲ့ အမျိုးသမီးတို့ ခံစားချက်။ ။ ယောက်ျား အချို့ဟာ ကိုယ်တိုင်က တာဝန် မယူနိုင်ဘဲ မိန်းမ ယူချင် ကြတယ်။ တာဝန်ယူတယ် ဆိုတာ လက်ထပ်ရုံ၊ ငွေကြေးထောက်ပံ့ ပေးရုံကို ပြောတာ မဟုတ်ပါဘူး။ မိန်းကလေး တယောက်ရဲ့ စိတ်ခံစားမှုကို နားလည်နိုင်မှုကို ပြောတာပါ။ အဲဒီတော့ မိန်းမယူပြီး ပိုက်ဆံပေးရင် ရပြီထင်တာ မှားပါတယ်။

မိန်းကလေး တယောက်ကို ထမင်းကျွေးနိုင် ရုံလောက်နဲ့လည်း မယူပါနဲ့၊ လက်မထပ်ပါနဲ့။ ထမင်းက သူ့မိဘလည်း သူတို့သမီးကို မငတ်အောင် ကျွေးထားနိုင်တယ်။ ဒါပေမယ့် မိန်းကလေးရဲ့ အိမ်မက်တွေရော ကိုယ့်ရဲ့ အိမ်မက်တွေ ကိုပါ အပြန်အလှန် အကောင်အထည် ဖော်နိုင်အောင် ကူညီနိုင် ကြမယ်ဆို ယူပေါ့။ ဒါကမှ တာဝန်ယူနိုင်မှု အစစ်ပဲ။

အချို့က ရှိသေးတယ် "မင်း ငါနဲ့ ယူပြီးရင် ဘာအလုပ်မှ မလုပ်နဲ့၊ အိမ်မှာ ကလေးနဲ့ အေးအေးဆေးဆေးနေ" တဲ့။ အဲဒါ တကယ့်ထောင်ချောက်။ မိန်းမတိုင်းက ကလေးမွေးပြီး ကလေးကို ပြုစု စောင့်ရှောက် နိုင်မှုမှာ ယောက်ျားတွေထက် သာတာ မှန်ပေမယ့် တသက်လုံး သူတို့ အပြင်လောကနဲ့ မဆက်ဆံခိုင်းရင် ကြာတဲ့အခါ သူမဟာ အိမ်မှာနေရင်း လှောင်အိမ်ထဲက ငှက်လို ဖြစ်ပြီး အကြံတုံး ညဏ်တုံး ဖြစ်သွားလိုက်မယ်။

ဘယ်မိန်းမ မဆို ယောက်ျားရပြီးသည့် တိုင်အောင် ကိုယ်စိတ်ဝင်စားတာ တခုခုကို စွဲစွဲမြဲမြဲ လုပ်နိုင်ခွင့်တော့ ရှိရမယ်။ ဘာလို့လဲ ဆိုတော့ မိန်းမတွေမှာ အိမ်မှာနေပြီး သူဝါသနာ ပါရာ လုပ်နိုင်မှသာ တန်ဖိုး မမဲ့မှာ။ မဟုတ်ရင် သူ့ယောက်ျားက တခြားတယောက်ကို စိတ်ဝင်စား နေခဲ့ရင် သူတို့မှာ ကိုယ့်တန်ဖိုးတောင် ဘာမှန်း မသိလောက်အောင် စိတ်ဓာတ် ကျရမယ်။

အဲဒီတော့ ယောက်ျားတယောက်က မိန်းမတယောက်ကို တကယ်ချစ်ရင် အဲဒီမိန်းမကို respect ပေးရမယ်။ သူလုပ်ချင်တာလေးတွေ ပေးလုပ်ရမယ်။ "ငါ ပိုက်ဆံပေး၊ ရှာကျွေးထားတာ မင်းက ငါပြောတာပဲ နားထောင်" ဆိုတာကို ဘယ်မိန်းမမှ "ချစ်တာ" လို့ ခံစားရမှာ မဟုတ်ဘူး။ အဲဒါက သခင်နဲ့ ကျွန် ဆက်ဆံရေး။ လင်နဲ့မယား ဆိုတာ အပြန်အလှန် ဆွေးနွေးတိုင်ပင် တယောက်ပြောတာ တယောက် သေချာ နားထောင်တဲ့ ဆက်ဆံရေးပါ။ ဒါကြောင့် ဘယ်တယောက်ကမှ နှိမ်သလို အရေးမပါ သလို ဆက်ဆံလို့ မရဘူး။

နောက်တခုက Healthy relationship ဆိုတာ တယောက်အကြောင်း တယောက် နားလည်ပြီး မေတ္တာတွေ သည်းခံမှုတွေနဲ့ ရှေ့ဆက်ရတာပါ။ တယောက်နဲ့ တယောက် အလျော့အတင်း လေးတွေနဲ့ ဆက်ဆံရတာမျိုးပါ။ အမြဲတမ်း တင်းလွန်းရင်လည်း ပြတ်တတ်သလို့ လျော့လွန်းရင်လည်း အဆင်မပြေပါဘူး။ တယောက်နဲ့တယောက် နားလည်မှု ရှိသည့်တိုင် ပြဿနာ ဆိုတာ အခြေအနေ အရပ်ရပ်က ဝင်လာမှာမို့လို့ ဘယ်လိုအခြေအနေ ရောက်ရောက် အတူတူ ရင်ဆိုင်မယ် ဆိုတဲ့ ရဲဘော်ရဲဘက် စိတ်လည်း လိုပါတယ်။

နောက်တခုကတော့ ဘေးစကားတွေပါ။ မြန်မာ မိသားစု တွေမှာ အတော်စပ်စုပြီး စကားရှုပ်တဲ့ လူတွေ ပါဝင်နေတတ် ပါတယ်။ ကိုယ့်မိသားစုကိစ္စ မဟုတ်ပဲ ကိုယ်ဘာမှ မသိဘဲ ဝင်ယောင်တာ ဝင်ရှုပ်တာနဲ့ ရန်ဖြစ် စကားများရတဲ့ လင်မယားတွေ အများကြီးပါ။ တကယ်တော့ သူတို့ဟာ ကူညီသလိုလိုနဲ့ အဆင်း ဘီးတပ်နေတဲ့ ဆွေမျိုးတွေပါပဲ။ ကျွန်မ ပြောတာ မြန်မာမိသားစု အတော်များများရဲ့ ဖြစ်နေကြ ပြဿနာတွေပါ။

ဒီတော့ ဘေးစကားကြောင့် ပြဿနာတက်မယ်ဆို ကိုယ့်လူ အသိဆုံးပဲ။ အပြင်လူနဲ့ ကိုယ့်လူ ဆိုရင် ကိုယ့်လူ စကားဘဲ ယုံရမှာပဲ။ ကိုယ့်လူနဲ့ ကိုယ်ပြဿနာတက်ရင် နှစ်ယောက်လုံး စိတ်ဆင်းရဲ ရတာပဲ။ ဘေးလူက အေးဆေး အနေသာကြီးပါ။ ဒါကြောင့် လင်မယား ပြဿနာတက်ရင် ကိုယ့်အချင်းချင်း ကြားမှာ ကိုယ့်ဘာသာပဲ ရအောင်ရှင်းပါ။ တချို့ ကိစ္စတွေက အပြင်လူပါမှ ရှင်းမရ ဖြစ်တတ်ပါတယ်။

နောက်ပြီး ဘေးပတ်ဝန်းကျင်ရဲ့ ပြောစကားဆိုတာ အင်မတန်မှ အိမ်ထောင်ရေးကို ရိုတ်ခက်ပါတယ်။ မြန်မာ့လူနေမှုမှာ သူများအကြောင်း စပ်စုတာဟာ အလေ့တခုလို ဖြစ်နေပါပြီ။ ကျွန်မရဲ့ ပုဂ္ဂလအမြင်အရ ဆိုရင်တော့ စပ်စုတာကို တော်တော်မုန်းတဲ့ထဲမှာ ပါပါတယ်။

စပ်စုမယ်၊ စကားသယ်မယ်၊ ဒီစကားဟိုပို့မယ်၊ ဘာမဟုတ်တာကို ပုံကြီးချဲ့မယ် ဒါတွေ အားလုံးဟာ မုသာဝါဒထဲမှာ အကျုံးဝင်တယ်။ အတိအကျအနေနဲ့ ဆိုရင် သမ္ဖပ္ပလာပ လို့ခေါ်တဲ့ သေးနုပ်သိမ်ဖျင်းတဲ့ အတင်းအဖျင်း စကားထဲမှာ အကျုံးဝင်တယ်။ ဒါကိုဘာလို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး အမည်ခံပြီး လုပ်နေကြလဲ ဆိုရင် ဘုရား စကားကို နားမလည်လို့ လို့ပဲပြောရမှာပဲ။

ကျွန်မတို့ မြန်မာနိုင်ငံက မိသားစု တော်တော်များများ ၊ လင်မယား မိတ်ဆွေတွေကြား ပြဿနာတက်တာ ခုနက သမ္ဖပ္ပလာပ ကို ပျော်ပျော်ကြီး ကျူးလွန်နေကြလို့ပါ။ သူများကို မသိဘဲ ကဲ့ရဲ့ တတ်တာလည်း ဝစီကံ ကျူးလွန်တာပါပဲ။ ကိုယ်တိုင်က မသိလို့ သိတဲ့သူက ပြောရင်လည်း "ဟုတ်လား ငါမှမသိတာ ငါထင်တာက" ဆိုတာနဲ့ ထင်ကြေး ပေးတတ်ခြင်းကလည်း မုသာဝါဒ မြောက်ပါတယ်။

ဒီမုသာဝါဒသာ ထိန်းနိုင်ကြည့် crime လည်း လျော့သွားမယ်။ ပြဿနာ တော်တော်များများလည်း လျော့သွားမယ်။ တချို့တွေက ပြောတဲ့ white lie ဆိုတာ ရှိသေးတယ်။ ဗုဒ္ဓအဘိဓမ္မာမှာ White lie လည်း မရပါဘူး။ မုသာဝါဒက မုသာဝါဒပဲ။ မုသာဝါဒ မလုံတဲ့သူဟာ ဘာသီလမှ မလုံတော့ပါဘူး။ အဲဒါကြောင့် ဘယ်ဆက်ဆံရေး မဆို ကြာရှည်တည်မြဲ ချင်ရင် အဆုံးစွန်ဆုံး ရိုးသားဖို့ လိုတယ်။ ရိုးသားတာကို မကြိုက်တဲ့သူက မရိုးသားလို့ ပါပဲ။ Crd

Post a Comment

0 Comments