တန်ဖိုးရှိဖို့ အဓိက

တခါက မြစ်ဘေးက သစ်ပင် တပင်မှာ ငှက်သားအမိ နှစ်ကောင် နေထိုင် ပါတယ်။ တနေ့တော့ ငှက်ငယ်ကလေးဟာ သစ်ပင်တပင်မှ တပင် ကူးလူး ပျံသန်းနေရင်း အတွေးတခု ပေါ်လာတာနဲ့ သူ့အမေကို မေးလိုက် ပါတယ်။

"မေမေရယ် သစ်ပင်တွေ ကလည်း အနိမ့်အမြင့် မတူကြဘူးနော်။ သားတို့ ဘေးက ကောင်းပေ့၊ မြင့်ပေ့ ဆိုတဲ့ သစ်ပင်ကိုလည်း ဟိုကျီးမဲ မိသားစုက ကြီးစိုးထား တယ်နော်။ အားငယ် လိုက်တာ မေမေရယ်" တဲ့။

အဲဒါနဲ့ ငှက်မကြီးလည်း သူ့သားရဲ့ စကားကို သဘော သိပ်မတွေ့တာနဲ့ "လာလိုက်ခဲ့" ဆိုပြီး ခပ်မြင့်မြင့်ကို ပျံတက် သွားပါတယ်။ ဒီလိုနဲ့ မြေပြင်နဲ့ အတန်အသင့် အမြင့်ကို ရောက်တဲ့ အခါ သူ့သားကို အောက်ကို ငုံ့ကြည့်ခိုင်း လိုက်ပါတယ်။

ပြီးတော့ ငှက်မကြီးက "သားရေ သစ်ပင် အားလုံးကို မြင်ရတဲ့ အမြင့်ကနေ ကြည့်လိုက်တော့ သူတို့ရဲ့ အမြင့်တွေဟာ အရေးပါသေး သလား။ အားလုံးဟာ မြေပြင်မှာပဲ ရှိနေကြတာပါ။ နောက်ပြီး မေမေတို့ နေတဲ့ သစ်ပင်က ပိုတောင် ကြီးနေသေးတယ် သားရဲ့ ကြည့်လိုက်ပါဦး။

အပွင့်အခက်တွေ ဝေဆာပြီး ပြန့်ကားတဲ့ အကိုင်းအလက်တွေနဲ့ တော်တော်လေး လှနေပါတယ် သားရယ်။ သစ်ပင်အနိမ့် အမြင့်ကို မေမေတို့ မပြင်နိုင် ကြဘူး ဒါပေမယ့် မေမေတို့ ရှုမြင်တဲ့ ပုံစံကို ပြင်လိုက်တယ်လေ။ ဒီအခါ စိတ်သက်သာရာ ရလာတယ်မလား သား။

ဘဝမှာ မလိုလား အပ်တဲ့ အရာတွေကို မနှိုင်းယှဉ်နဲ့။ တခါတခါ သစ်ပင်မြင့်မှာ ရပ်နားမိ လေလေ လေပိုတိုက် ခံရလေလေ ဖြစ်လိမ့်မယ်။ စိတ်မညစ် ပါနဲ့သား အပင်ဖျားတွေ ထက် ပိုမြင့်အောင် ပျံသန်းကြည့်လိုက် စမ်းပါ။ တိုက်လာတဲ့ လေကိုပါ လေဟုန် စီးပစ်နိုင်တယ် ဆိုတာ တွေးရလိမ့်မယ် သား။

နောက်ပြီး မျက်စိတဆုံး အမြင်နဲ့ပဲ ဘယ်တော့မှ မဆုံးဖြတ်နဲ့ သားရေ။ အားလုံးကို မြင်ရတဲ့ အမြင့်ကို ပျံနိုင်အောင် ကြိုးစား။ အပေါ်စီးကနေ ကြည့်နိုင်ဖို့ ကြိုးစား။

အောက်မှာ ဘာမဟုတ်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ အချိန် ကုန်နေကြတဲ့ သူတွေ၊ ကိုယ့်မှာ ရှိတဲ့ အရာကို တန်ဖိုး မထားတတ်ဘဲ တခြားသူတွေရဲ့ အကြောင်းအရာတွေ ကိုသာ စိတ်ဝင်စားပြီး စိတ်အားငယ် နေသူတွေလည်း အများကြီး သား။

ကျီးတွေက အုပ်စု တောင့်ကြတယ်၊ အမေတို့က သားအမိ နှစ်ကောင်တည်း။ ဒါပေမယ့် တောင်သူဦးကြီးတွေ ဘယ်သူ့ကို ချစ်ကြတယ် ထင်သလဲ။ အမေတို့ကို ပေါ့ သား။ အမေတို့လည်း သူတို့လို အဆင်းမွဲ၊ အဆင်းမဲတာ ပဲလေ။ ဒါပေမယ့် အမေတို့က သူတို့ထက် အသံသာတယ်လေ သားရဲ့။

ဒီလိုပဲ သားရေ ကိုယ့်မှာ အားသာချက်တွေ အများကြီး ရှိတယ် အဲဒါကို သိအောင် ကြိုးစား။ ကိုယ့်ကိုယ်ကို တန်ဖိုးထား။ ဘဝဆိုတာ တခြားသူတွေရဲ့ ဘဝနဲ့ ခိုင်းနှိုင်းဖို့ မဟုတ်ဘူး။ အကျိုးရှိဖို့၊ တန်ဖိုးရှိဖို့နဲ့ ကိုယ်တိုင် တည်ဆောက်ယူဖို့ပါ။ ဘယ်တော့မှ မမေ့ပါနဲ့ သား"

သင့်ရဲ့ ဘဝကို အမြဲတမ်း တန်ဖိုး ထပ်ပေါင်းထည့် နေဖို့က သင့်ရဲ့ တာဝန်ပါ။ တပါးသူတွေကြောင့် စိတ်ပျက် အားငယ်မှုတွေကို သင့်ရဲ့ ဘဝထဲ ထပ်ပေါင်းထည့်နေဖို့ သင့်မှာ တာဝန် မရှိသလို အချိန်လည်း မရှိပါဘူး။ သတိပြုကြည့်လိုက်ပါ။ ကောင်းစံသာ (ရေကြည်)

Post a Comment

0 Comments