မာနနဲ့ ရှင်သန်ပါ

တခါတုန်းက ပန်းပဲဆရာကြီး တယောက် ရှိတယ်။ တနေ့မှာတော့ လေးသံ တခု ရတာနဲ့ ဓားတချောင်း လုပ်မယ် ဆိုပြီး ထုဆစ်လိုက်တယ်။ ပန်းပဲဆရာရဲ့ ကျွမ်းကျင်မှု သေချာ ထုဆစ်မှုကြောင့် ဓားဟာ ကြည့်ရုံလေးနဲ့ ဆေးသားကောင်း သံကောင်း အသွားထက်တဲ့ ဓားမှန်း သိသာလွန်းတယ်။

နောက်တော့ ပန်းပဲဆရာက ဓားအိမ်လေး လုပ်ပြီး သိမ်းထားလိုက်တယ်။ သံချေးတက်မှာ ဆိုးလို့ ငှက်ပျောပင်က အစီးကို အသွားတွေမှာ သုတ်လိမ်းလိုက်တယ်။ အဲ့လိုနဲ့ လပေါင်း အတော်ကြာချိန်မှာ ပန်းပဲဆရာဟာ သံကောင်းတခု ရလာလိုက် ပစ္စည်းတခု လုပ်လိုက်နဲ့ ထွန်ခြစ်တွေ ပေါက်တူးတွေ ပုဆိန်တွေ ရဲဒင်းတွေပါ ထုလုပ်ဖြစ် သွားတယ်။

သူ သေချာ လုပ်ထားတဲ့ အရာတွေကို တနေရာတည်းမှာ စီရီစွာထားတယ်။ ဓားကတော့ ဓားအိမ်လေး နဲ့ပေါ့။ ပန်းပဲဆရာကြီးက အလုပ်ပါးရက် တရက်မှာ ဓားကို ထုတ်ပြီး ဝါးကျစ်တွေ သစ်လုံးလေးတွေ ခုတ်လာတယ်။ ပြီးတော့ ပေါက်တူး၊ ထွန်ခြစ်၊ ပုဆိန်၊ ရဲဒင်း စတာတွေကို အရိုးတပ် လိုက်တယ်။

ပြီးတော့ ပေါက်တူး ကိုင်ပြီး ခြံထဲက မြက်တွေကို တနေ့ နည်းနည်း ရှင်းတယ်။ စုပုံထားတဲ့ မြက်တွေ မြေကြီးတွေကို ထွန်ခြစ်နဲ့ ဆွဲတယ်။ သစ်ပင်ခြောက်တွေကို ပုဆိန်နဲ့ ခွဲတယ်၊ ရဲဒင်းနဲ့ ခုတ်တယ်။ အဲဒီလို လုပ်နေကြရင်း ပစ္စည်းတွေကို စုထောင်ထား လိုက်တယ်။

ထိုအခါ ပထမဆုံး ပေါက်တူးက ပြောတယ်။ "သံချင်း အတူတူကို ငါကြတော့ မြက်တွေ မြေကြီးတွေ ပေါက်ရတယ်။ ဓားကတော့ ဓားအိမ်ထဲမှာ သာယာ နေတယ်။ ထွန်ခြစ် ကလည်း ငါ ပေါက်ထုတ်ပြီးမှ နောက်ကနေ အေးအေး ဆေးဆေး ဆွ၊ ဆွဲယူရတယ်"

အဲဒီအချိန်မှာ ပုဆိန်က "ပေါက်တူးရယ် ဘာလို့များ မကျေမနပ် ဖြစ်နေရတာလဲ။ ငါတို့တွေက သံဆိုတဲ့ မူလ ဇာစ်မြစ် တူကြပေမယ့် အမည်နာမ်မတွေ မတူညီကြဘူး။ ပုံသဏ္ဍန်တွေ မတူညီကြဘူး။ ငါ ပေါက်ထုတ်ရတဲ့ သစ်မြစ်တွေကို မင်းအနေနဲ့ အဆင်ပြေပြေ ခွဲခြမ်းဖို့ အဆင်ပြေပါ့ မလား။

ထွန်ခြစ် လုပ်ရမယ့် အမှိုက်နဲ့ မြေကြီး ခွဲယူဖို့ကိုရော မင်း လုပ်လို့ ကောင်းကောင်း အဆင်ပြေပါ့ မလား။ မင်းက ဓားအိမ်ထဲ ဓားကို သာယာတယ် ပြောတယ်။ သူရဲ့ အသွားကို အသုံး မပြုခဲ့ရင် မင်းဆိုတာလည်း သုံးရမှာ မဟုတ်ဘူး။

အရိုး မပါတဲ့ ပေါက်တူးက ဘာလုပ်လို့ ရနိုင်မလဲ။ အရိုး မပါတဲ့ ငါရော ဘာကို ခွဲခြမ်းရမလဲ။ အားလုံးဟာ သူ့ အတိုင်းအတာနဲ့သူ ဖြစ်လာရတာပါ။ အရာအားလုံးကို မကောင်းမြင်စိတ်နဲ့ ကြည့်နေသ၍ ဘယ်အရာကမှ ကောင်းလာမှာ မဟုတ်ပါဘူး" လို့ ပြောလိုက်သတဲ့။

မာန ထားပါ။ ငါ ဘာတွေကို ကောင်းကောင်း လုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်ချက် ရှိတဲ့ မာနမျိုး။ ကိုယ့်နဲ့ သက်ဆိုင်တဲ့ ကိုယ့်နေရာမှာ ကိုယ့်အရည်အချင်းကို ကောင်းမွန်စွာ အမြင်ရှင်းစွာ ဖော်ထုတ်ပါ။ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်ကို သေချာ အာရုံစိုက်လုပ်ပါ။

အမှား သေးသေးလေးတွေ ကပဲ ကိုယ့်အရည်အသွေးကို လျော့ကျစေ တာပါ။ ကိုယ်တယောက်တည်း လုပ်မရတဲ့ အလုပ်တွေကိုပူးပေါင်း ဆောင်ရွက် လုပ်ပါ။ အမည်နာမ်မတွေ အသုံးဝင်ခြင်း တွေကို တူညီနေစရာ မလိုပါဘူး။ လုပ်လိုက်တဲ့ အလုပ်တိုင်း အပြစ် အနာဆာ နည်းနည်းနဲ့ တပါးသူရဲ့ အမြင် ကိုယ့်အမြင်မှာ ကျေနပ်နေဖို့ပဲ လိုတာပါ။

ကိုယ့်ကိုယ်ကို အကောင်းဆုံးလုပ်ကိုင်ခြင်း အကောင်းမြင်ခြင်း တွေနဲ့ ရှင်သန်ပါ။ ကိုယ့်ရဲ့ နေရာ အရည်အချင်းကို သန့်ရှင်းအောင် ကြိုးစားပြီး ရိုးရှင်းသော မာနနဲ့သာ ရှင်သန်နေထိုင်ပါ။ ဘာမထီဘွား အတွေးစာစုလေးများ

Post a Comment

0 Comments