အကုသိုလ်ဖြစ်မှာ ကြောက်သောသူ

တခါတုန်းက ကိုရိုး ဆိုတဲ့ ရဟန်း လူထွက်ကြီးဟာ အိမ်ထောင်ကျပြီး မိရိုးဖလာ တောင်ယာ အလုပ်ကို လုပ်ကိုင် စားသောက် ပါတယ်။ သူဟာ လယ်ထွန်၊ ပေါင်းသင်၊ ယာခုတ် စတဲ့ လုပ်ငန်းတွေ လုပ်နေတဲ့ အချိန်မှာ ပိုးမွှား ကောင်လေးတွေကို ထိခိုက်မိရင် အကုသိုလ် ဖြစ်တန်ကောင်းရဲ့ လို့ ယူဆမိတာကြောင့် အလုပ် မလုပ်ခင်မှာ

"ငါ ဒီလယ်ယာကို ခုတ်ထွင် ရှင်းလင်းတော့မှာ ဖြစ်လို့ ဒီထဲမှာ ရှိတဲ့ ပိုးမွှားများ ဝေးရာသို့ သွားကြပါ၊ လွတ်ရာသို့ ရှောင်ကြပါ" လို့ ဘေးနားက လူအများ ကြားလောက်အောင် သုံးကြိမ် သုံးခါ အော်လေ့ ရှိပါတယ်။ သူဟာ အကုသိုလ် ဖြစ်မှာ ကြောက်စိတ် ရှိပြီး၊ မိမိမှာ ထိုစိတ် ရှိကြောင်း ကိုလည်း လူအပေါင်းကို သိစေချင်တယ် ထင်ပါရဲ့လေ။

ဒီလိုနဲ့ တနေ့မှာတော့ အမှိုက်ပုံကို မီးရှို့ရမဲ့ အချိန် ရောက်လာ ပါတော့တယ်။ သူ့ထုံးစံအတိုင်း အော်ပြန်ပါတယ်။ "ငါဟာ အခု ဒီအမှိုက်ပုံကို မီးရှို့တော့မှာ ဖြစ်တာမို့ အမှိုက်ပုံထဲမှာ ရှိတဲ့ ပိုးကောင် မွှားကောင်များ ရှောင်ကြပါ၊ ရှားကြပါ။ လွတ်ရာ အဝေးသို့ ပြေးကြပါလေ" လို့ အော်ပြီး မီး စတင် ရှို့ပါတော့တယ်။

အဲဒီမှာ မီးပုံကြားက တရွေ့ရွေ့ တိုးထွက်လာတာက မြွေပွေးကြီး တကောင်။ "ဟိုက်၊ ဒုက္ခပဲ။ အကျိုးနည်း၊ အမလေး မဖြစ်ချေဘူး မဖြစ်ချေဘူး"

ကိုရိုးဟာ မျက်ကလဲဆန်ပြာ ရွံ့ထိတ်စွာနဲ့ ဟိုလှည့် ဒီလှည့် လျင်မြန်စွာနဲ့ ဝန်းကျင်ကိုကြည့်၊ ဘယ်သူတဦးမှ မမြင်ဘူး ဆိုတာလည်း သေချာရော ဘာပြောကောင်းမလဲ လက်ထဲက တုတ်ရှည်ကြီးနဲ့

"ဟဲ့ ဟဲ့အကောင်၊ နင်မပါဘူးလေ နင်မပါဘူး။ ပြန်ဝင်စမ်း ပြန်ဝင်စမ်း ဟဲ့" ဆိုပြီး မီးပုံကြီးထဲ သေသေချာချာ အားပါး တရ ထိုးထည့်လိုက်ပါရောတဲ့။ မှတ်ကရော။

လူ့စိတ်ဆိုတာ ဒါပါပဲလေ။ လူမြင်ကောင်းအောင် လူကြားကောင်းအောင် အပေါ်ယံ လုပ်ဆောင်ချက်တွေ ဘယ်လိုပဲ ရှိရှိ တကယ့် အရေးရယ်လို့ ကြုံလာခဲ့ရင် "အကုသိုလ်တရား ပါလား" ရယ်လို့ ဆင်ခြင်စိတ်တောင် ဘယ်ချောင် ရောက်မှန်း မသိစတမ်းပါ။ ငါသူတပါး ယောင်္ကျား မိန်းမ၊ ကြီး ငယ် မဟူ ရှောင်နိုင်သူမှာ ရှားပေစွ တကား။

အဲသည်လို ပုထုဇဉ်တို့ရဲ့ အတွင်းစိတ် အဇ္ဇျတ္တ အမှန်လေးတွေကို မီးမောင်း ထိုးပြထားတဲ့ ပုံတိုပတ်စ သာဓကလေးတွေဟာ အရမ်းကို တန်ဖိုးရှိ ရသမြောက်စွာ ကောင်းလွန်းလှ သလို လက်တွေ့ ကျကျ နေ့စဉ်ဘဝတွေ မှာလည်း ဗုဒ္ဓံပူဇေမိ ဓမ္မံပူဇေမိ သံဃံပူဇေမိ အစချီတဲ့ ဘေးအိမ်က အဖွားညွန့်ရဲ့ နေ့စဉ်မပျက် ဘုရား ရှိခိုးသံ မနက် စောစော ကျက်သရေ မင်္ဂလာပြည့်ဝစွာနဲ့ ကြည်ညို သဒ္ဓါစိတ် ဖြစ်မိနေတုန်း

"ပါဏာတိပါတာ" ဖတ်(ခြင်ကို လက်နှင့်ရိုက်သောအသံ) "ဝေရမဏိသိက္ခာပဒံ" ဖတ် ဖတ်။ "ဟင်၊ ပေါလိုက်တဲ့ ခြင်တွေတော်" ဖတ်။ "သမာဒိယာမိ" ဖတ်။ "ဟဲ့ ဝါဝါမော်၊ ဝါဝါမော်ရေ ခြင်ရိုက်တံ ယူခဲ့စမ်းဟယ်။ လွန် လွန်း အားကြီးတယ် အာရုံကို မရဘူး"

လာ လာ ငါ့ဘေးနားထိုင်။ ယပ်စမ်းဟဲ့ တကတည်းမှပဲ ဂေါ်ဇီလာတောင် မတိုးဘူး။ ဗျစ် ဗျစ် ဗျစ် (ခြင်ရိုက်ဘက်တံကို ခြင်တိုးသံများ) "အေး ဟုတ်ပြီ နာနာယမ်း နာနာယမ်းစမ်း။ အကုန် သေကုန်မှ အေးမယ် ဟွန်း။ အာမဘန္တေပါ အရှင်ဘုရား" တဲ့။ အဟီး။ မေဦး(မြန်မာစာ)

Post a Comment

0 Comments