ကိုယ်ချင်းစာတရား ကျဆုံးခန်း

မိန်းမတယောက်ဟာ အိပ်ခန်းထဲမှာ လင်ငယ်နဲ့ နောက်မီးလင်းဖို့ ပြင်နေတုန်းမှာပဲ အိမ်ရှေ့ကို ကားတစီး ဆိုက်လာတဲ့ အသံ ကြားလိုက်ရတယ်။ မိန်းမဖြစ်သူက ကားသံ ကြားတာနဲ့ မှတ်မိ လိုက်တယ်။ ဒါ သူ့ယောကျာ်းရဲ့ ကား။ မနေ့ကတည်းက ခရီးထွက်သွားတာ အခု ပြန်ရောက်လာပြီ ထင်ရဲ့။ "ဟယ် ဒုက္ခပဲ ကျွန်မ ယောကျာ်း ပြန်ရောက်လာပြီ" "ဟာ ပြဿနာပဲ ဘယ်လို လုပ်ကြမလဲ"

မိန်းမ ဖြစ်သူက ခဏ စဉ်းစား လိုက်ပြီးတော့ လင်ငယ်ကို ကိုယ်လုံးတီး အတိုင်း တံခါးနားမှာ ရပ်ခိုင်း လိုက်တယ်။ ပြီးတော့ တကိုယ်လုံးကို လိုးရှင်း လူးပေးပြီး ပေါင်ဒါမှုန့်တွေ ဖြူးချပေး ထားလိုက်ရင်းက "မလှုပ်နဲ့နော် ဒီအတိုင်း ငြိမ်ငြိမ်နေ" လို့ သတိပေးလိုက် လေရဲ့။ ယောကျာ်းဖြစ်သူက အခန်းထဲ ဝင်လာရင်းနဲ့ တံခါးနားမှာ ရပ်နေတဲ့ လင်ငယ်ကို တွေ့တော့ မေးတယ်။ "ဟ ဒီဖြူဖြူကြီးက ဘာကြီးလဲဟ" မိန်းမဖြစ်သူက ဟန်မပျက် ပြန်ဖြေတယ်။

"သြော် ဒါလား၊ ဒါ အရုပ်လေ။ မနေ့က တော် ခရီးထွက် သွားတုန်းက ကျွန်မ အိမ်ဘေးက မဦးတို့ အိမ်ကို သွားလည်ရင်းနဲ့ မဦး အခန်းထဲမှာ ဒါမျိုး တရုပ် တွေ့ခဲ့တယ်လေ။ အဲဒါနဲ့ ကျွန်မလည်း သဘောကျလို့ တရုပ် ဝယ်လာတာ" တဲ့။ ယောကျာ်းဖြစ်သူက ကြမ်းပြင်ပေါ်ကို ကျနေတဲ့ ပေါင်ဒါမှုန့်တွေကို ကြည့်ပြီး စိတ်ထဲ မသင်္ကာပေမယ့် ဘာစကားမှ ဆက်မပြောခဲ့ဘူး။ အဲလိုနဲ့ သူတို့ အိပ်ရာ ဝင်ခဲ့ကြတယ်။

ညနက်လို့ မိန်းမဖြစ်သူလည်း အိပ်ရော ယောကျာ်းလုပ်သူက တိတ်တိတ်လေး ထပြီး မီးဖိုခန်းထဲ ဝင်သွားတယ်။ ပြန်ထွက်လာတော့ သူ့လက်ထဲမှာ တစုံတခု ပါလာခဲ့တယ်။ ဟုတ်ကဲ့ မိတ်ဆွေထင်သလို ဓားတွေ ကတ်ကြေးတွေ မဟုတ်ပါဘူး။ သူ့လက်ထဲမှာ ပါလာတာ ပေါင်မုန့်နဲ့ နွားနို့ တခွက်ပဲ ဖြစ်ပါတယ်။

ယောကျာ်းလုပ်သူက အဲဒါတွေ ကိုင်ပြီး အရုပ်ယောင် ဆောင်ထားတဲ့ လင်ငယ်ရှေ့ကို သွားပြီး စိတ်မကောင်းတဲ့ လေသံနဲ့ စကားတခွန်း ပြောလိုက် ရှာတယ်။ "ရော့ကွာ ပေါင်မုန့်နဲ့ နွားနို့ စားလိုက်ဦး ငါလည်း မနေ့က မင်းလိုပဲ ဘာမှ မစားမသောက်ရ ဘဲနဲ့ မဦးတို့ အိမ်မှာ တနေကုန် မတ်တပ်ရပ်လိုက် ရတယ်ကွ" တဲ့။

ဒီစာလေးကို ဖတ်ပြီး တခု နားလည်လိုက် ရပါတယ်။ သြော် ကိုယ်ချင်းစာတရား ဆိုတာက ကိုယ်တိုင် ခံစားဖူးမှ ပိုပြီး လေးနက်တဲ့ သဘော ရှိပါသလား လို့လေ။ တခု ထပ်တွေးမိပြန်တယ်။ ပညာရှိ ဆိုတာမျိုးက သူတပါးရဲ့ အတွေ့အကြုံ ကနေ သင်ခန်းစာ ယူရတယ် ဆိုတော့ ကိုယ်တိုင်ကြုံမှ ဆိုရင်ရော နောက်ကျ မနေဘူးလား လို့။

အဲဒီလို တွေးမိတော့ ဖတ်ဖူးတဲ့ ဟာသတပုဒ်ကို ထပ်ပြီး သတိ ရမိပြန်ရော။ ဒီလိုပါ။ လူတယောက်က အုတ်ဂူတခု ရှေ့မှာ နေ့တိုင်း ယူကြုံးမရ လေသံနဲ့ "သားကြီးရာ မင်းသေတာ သိပ်စော တယ်ကွာ၊ မင်းသေတာ စောလွန်း တယ်ကွာ" ဆိုပြီး တဖွဖွ လာငိုနေလို့ ဖြတ်သွား ဖြတ်လာတွေက ဝိုင်းမေးကြတယ်။ "ဟေ့လူ ဒီအုတ်ဂူက ခင်ဗျား ညီလား"

ဟိုလူက "မဟုတ်ဘူးဗျ" ဆိုပြီး ခေါင်းရမ်းတယ်။ "ဒါဆို ခင်ဗျားအကို ဟာလား" "မဟုတ်ပါဘူးဗျာ" "ကျွန်တော့် အထင်တော့ ခင်ဗျား အချစ်ဆုံး သယ်ရင်း ထင်ပါ့" "မဟုတ်ပါဘူးဗျာ" "ဒါဆို ဘယ်သူ့ဟာလဲ ဗျ" "ကျွန်တော့် မိန်းမရဲ့ အရင်ယောကျာ်းဂူ ဗျ" "တိန်"

အဖြေက ကိုယ်တိုင် ကြုံရင်တော့ နောက်ကျဖို့ ရာခိုင်နှုန်း များနေပြီ လို့ပဲ ထွက်လာပါတယ်။ ဒါဆို အကောင်းဆုံးက ဘယ်လိုဖြစ်မလဲ။ ဆရာ လင်္ကာရည်ကျော် ပြောထားတာလေး တခု အမှတ်ရ လိုက်တယ်။ "ကိုယ်ချင်းစာတရား ဆိုတာက သူ့နေရာကို ကိုယ်ဝင်ပြီး ခံစားလိုက်တာပါ" တဲ့။ အင်း သိပ်တော့ မခက်ဘူးဗျ နော်။ ကိုယ်တိုင် မကြုံရပေမယ့် သူတပါးရဲ့ နေရာမှာ ခဏ ဝင်ပြီး စိတ်ရော ကိုယ်ပါ နက်နက် နဲနဲ ဝင် ခံစားပေးလိုက်ရင် ဒီ ကိုယ်ချင်းစာတယ် ဆိုတဲ့ အလုပ်က ပြီးမြောက်ပြီ လို့ ယူဆ ရတယ်။

ဒီထဲကနေ သင်ခန်းစာ ယူတတ်ခဲ့ရင် ကိုယ့်အတွက် နောင်တနဲ့ ယှဉ်တဲ့ ကိုယ်ချင်းစာတရားလည်း ဖြစ်လာစရာ မလိုတော့ဘူး လို့ ထင်တယ်။ ဒါပေမယ့် တခု မေးစရာ ရှိသေးတယ်ဗျ။ အဲဒါက ပို အရေးကြီးတယ်။ မေးရမှာလည်း အားနာတယ်ဗျ။ ဒါပေမယ့် ဒါလေး ကျန်မှတော့လည်း ချန်မထားခဲ့ချင် တော့ဘူးလေ။ မေးပါရစေ။

"သူတပါးကို ကိုယ်ချင်းစာ ရအောင် ခင်ဗျားတို့မှာ ခံစားတတ်တဲ့ နှလုံးသားရော ပါလာရဲ့လား ဗျ" Crd ဇေယျကျော်ထင်

Post a Comment

0 Comments