သနားညှာတာခြင်း၏ အကျိုး

တခါတုန်းက လူတယောက်ဟာ မြွေတကောင်ကို ပခြုပ်ထဲမှာ ထည့်ထားပြီး နေ့စဉ် ကျွေးမွေးထား ပါသတဲ့။ အဲဒီ မြွေကို အစာကျွေးရာမှာ တနေ့လျှင် ကြွက်တကောင် အားဖြင့် ပခြုပ်အတွင်း ထည့်ပြီးတော့ စားစေပါတယ်။

ဒါပေမယ့် မြွေကတော့ ပခြုပ်ထဲက ဘယ်လို လွတ်မြောက် နိုင်မလဲ လို့ အမြဲတွေးပြီး အကြံထုတ် နေတာပေါ့။ ဒါပေမယ့် သူလွတ်လမ်းကို ဘယ်လိုမှ ရှာမတွေ့ဘူး ဖြစ်နေသတဲ့။

တနေ့မှာတော့ မြွေက စဉ်းစားမိတယ်။ "သူလည်း ဒီထဲကို ရောက်နေတာ ကြာပြီ။ ဘယ်လိုမှလည်း ပြန်မထွက် နိုင်ဘူး။ သူ မကြာခင် သေရတော့ မှာပဲ။ ဒီတော့ ဒီနေ့ သူစားရမယ့် ကြွက်လေးကို မစားပဲ လွှတ်ပေး လိုက်တော့မယ်"

မြွေက အဲဒီလို တွေးပြီးတော့ သူ့အတွက် မြွေဖမ်းသမား နေ့စဉ် ထည့်ပေးနေကျ ကြွက်ကလေးကို ဒီတခါတော့ မစားဘဲ ငြိမ်နေသတဲ့။ အဲဒီလို လွှတ်ပေးလိုက်ရ လို့လည်း သူ့စိတ်ထဲ ပီတိတွေ ဖြစ်နေမိတယ်။

နာရီဝက် လောက်လည်း ကြာရော သူမစားဘဲ ဒီအတိုင်း ထားလိုက်တဲ့ ကြွက်ကလေးက ပခြုပ်ကို ကိုက်ဖြတ်လိုက် နိုင်ခဲ့ပါတယ်။ အဲဒီအခါမှာ မြွေဟာ ကြွက်ထွက်တဲ့ အပေါက်ကနေ ထွက်ပြီး လွတ်မြောက် သွားတော့ တာပေါ့။

ကျွန်တော်တို့ အများစုဟာလည်း ကိုယ့်အတွက်ကိုပဲ ပိုပြီး စဉ်းစားတတ် ကြပါတယ်။ တခါတလေမှာ ကိုယ့်လက်အောက်မှာ အလုပ် လုပ်နေတဲ့ လူတွေကို အမြဲလိုလို အပေါ်စီးကပဲ ဆက်ဆံနေ မိတယ်။

လူ့လောကမှာ ကိုယ်အဆင်ပြေဖို့ အတွက် တခြားသူကို ချနင်းချင် ကြတာ မဆန်းပါဘူး။ အလုပ်တခု လုပ်တဲ့ နေရာမှာ ကိုယ်ကပဲ ရသမျှ အကုန်ယူတာထက် လက်အောက်ငယ်သား အပေါ်မှာ ညှာတာစိတ်နဲ့ ပေးကမ်းခြင်းက အလုပ်ကို ပိုတွင်ကျယ်စေ သလို မိမိအလုပ်သမား ကလည်း မိမိအပေါ် လေးစား ချစ်ခင်လာ မှာပါ။

ကိုယ့်လက်အောက်ငယ်သား အပေါ် ညှာတာမှု ထားခြင်းက လုပ်ငန်းအပေါ် ပိုပြီး အောင်မြင်နိုင်တဲ့ အချက်တချက် ပါပဲ။

ပုံပြင်ထဲက မြွေလို လက်အောက်ငယ်သား ကြွက်ကို မစားပဲ လွှတ်ပေးလိုက်လို့ ထွက်ပေါက်ရှာ လွတ်မြောက်ရ သလိုပဲ အလုပ်တခုမှာ မိမိ လက်အောက်ငယ်သား အပေါ် အမြတ်မထုတ်ပဲ မေတ္တာနဲ့သာ ဆက်ဆံမယ် ဆိုရင် အခက်အခဲ ဖြစ်ချိန် မှာတောင်လက်အောက်ငယ်သားရဲ့ အကူအညီနဲ့ ကြိုးစား လွတ်မြောက် နိုင်မှာပါ။

ဒါ့ကြောင့် မိမိ လုပ်ငန်းအောင် မြင်ချင်တယ် ဆိုရင်တော့ လက်အောက်ငယ်သား ဝန်ထမ်းတွေကို အခွင့်အရေး ပေးဖို့ မမေ့ပါနဲ့လို့ပဲ အကြံပြုလိုက် ပါရစေ။ Crd

Post a Comment

0 Comments