ကံတရားနှင့် ယုံကြည်မှု

တခါတုန်းက တိုင်းပြည် တပြည်ကို သိမ်းပိုက်ဖို့ ရန်သူ့စစ်တပ်ဟာ နန်းမြို့ရိုးကို ဝန်းရံထားတယ်။ ရန်သူ့ စစ်တပ်ဟာ ဘုရင့်စစ်တပ်ထက် အင်အား များနေတဲ့ အတွက် ဘုရင်ကလည်း ထွက်မတိုက်ဘဲ နေခဲ့တယ်။ ဒီလိုနဲ့ အချိန်ကြာလာတော့ ဘုရင့်တပ်ဟာ အစာရေစာ ပြတ်လုနီးနီး ဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘုရင်ကြီးဟာ အရေးပေါ် အစည်းအဝေး တခု ခေါ်လိုက်တယ်။

ဘုရင်ကြီး – ငါတို့ မကြာခင်အချိန်မှာ အစာ ရေစာ ပြတ်ပြီး အငတ်ဘေးနဲ့ ကြုံရတော့မယ်။ ဒါကြောင့် ရန်သူ့တပ်ကို ငါတို့ ထွက်တိုက်မယ်။

စစ်သူကြီး – ဒါကတော့ မဖြစ်သင့်ပါဘူး အရှင်။ ရန်သူ့စစ်တပ်ဟာ ဘုရင့်စစ်တပ်ထက် အင်အား ကြီးလွန်းပါတယ်။ ဒါကြောင့် ထွက်တိုက်ရင် သေချာပေါက် ရှုံးပါလိမ့်မယ်။ ကံတရားက ကျွန်တော်တို့ကို ရှုံးဖို့အတွက် ကြိုတင် သတ်မှတ် ပြီးသားပါ။

ဘုရင်ကြီး – ဒါဆို စစ်မတိုက်ရ သေးဘဲ ငါတို့ ရှုံးမယ်လို့ ကံတရားက သတ်မှတ် ထားတာလား။

စစ်သူကြီးများ – ဟုတ်ပါတယ် အရှင်မင်းကြီး။

ဘုရင်ကြီး – ကောင်းပြီလေ။ မင်းတို့တွေ ကံတရားကို အဲဒီလောက် ယုံကြည်တယ် ဆိုရင် ငါတို့ ကံစမ်း ကြည့်ကြတာပေါ့။

ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ့ သူ့အိတ်ထဲက အကြွေစေ့တခု ထုတ်လိုက်ပြီး ပြောတယ်။

ဘုရင်ကြီး – အခု ငါ့လက်ထဲမှာ အကြွေစေ့ ရှိတယ်။ ငါမြောက်လိုက်လို့ ပြန်ကျလာ တဲ့အခါ ခေါင်းကျရင် ဒီစစ်ပွဲမှာ ငါတို့နိုင်မယ်။ ဒါကြောင့် ထွက်တိုက်မယ်။ ပန်းကျရင်တော့ ငါတို့ ရှုံးမယ်။ ဒါကြောင့် ထွက်မတိုက် တော့ဘူးလို့ ဆုံးဖြတ်မယ်။ ဘယ်လိုလဲ။

စစ်သူကြီးများ အားလုံးက တညီတညာတည်း ထောက်ခံကြတယ်။ ဒါနဲ့ဘုရင်ကြီးက အကြွေစေ့ကို လေထဲ မြောက်ပြီး ပြန်အကျမှာ ဖမ်းလိုက်တယ်။ ပြီးတော့ လက်ကို ဖြေးဖြေးချင်း ဖွင့်လိုက်တဲ့ အခါမှာ ခေါင်းဘက် ကျနေတာကို တွေ့ကြတယ်။ ဒါကြောင့် စစ်သူကြီးအားလုံး အရမ်းကို ပျော်သွားတယ်။ နောက် ဒီစစ်ပွဲမှာ သူတို့နိုင်မယ်လို့ ယုံကြည် သွားတယ်။

ဘုရင်ကြီးနဲ့ စစ်သူကြီးတို့ဟာ ထွက်တိုက်ဖို့ အတွက် စီမံကိန်း ရေးဆွဲကြတယ်။ သူတို့က အင်အားနည်းတဲ့ အတွက် ယှဉ်တိုက်ဖို့မလွယ်ဘူး။ ဒါကြောင့် ညအိပ်ချိန်မှာ အလစ်တိုက်ဖို့ အစီအစဉ် ဆွဲလိုက်တယ်။ ဒီစစ်ပွဲမှာ သေချာပေါက် နိုင်မယ် ဆိုတဲ့အကြောင်းကို စစ်သူကြီးတွေ ကနေ တဆင့် စစ်သည်တော်တွေ အထိ ပြန့်နှံ့သွားတယ်။ ဒါကြောင့် စစ်သူကြီးတွေရော၊ စစ်သည်တော် တွေရော အားလုံး စိတ်ဓာတ်တက်ကြွ နေကြတယ်။ သူတို့ နိုင်မယ် လို့လည်း ယုံကြည်မှု ပြင်းထန်နေ ကြတယ်။

သူတို့အစီအစဉ် ဆွဲထားတဲ့ အတိုင်း ညအချိန်ကို ရောက်တဲ့အခါ ရန်သူ့တပ်ကို ဝင်တိုက်ကြတယ်။ ရန်သူတွေဟာ အလစ်တိုက်ခံလိုက်ရတဲ့ အတွက် ဖရိုဖရဲ ဖြစ်ပြီး နောက်ဆုံးမှာ နောက်ဆုတ် ထွက်ပြေးကြ ရတော့တယ်။ စစ်နိုင် သွားတဲ့အတွက် ဘုရင်ကြီးနဲ့ အတူ မှူးမတ်တွေ အားလုံး စားသောက်ပွဲ ကျင်းပကြတယ်။ စားသောက်ပွဲမှာ ဘုရင်ကြီးက မေးတယ်။

ဘုရင်ကြီး – ဒီစစ်ပွဲမှာ ငါတို့ ဘာကြောင့် နိုင်တာလဲ။

စစ်သူကြီး – ကံတရားကြောင့်ပါ အရှင်မင်းကြီး။

ဘုရင်ကြီး – ကံကြောင့် မဟုတ်ဘူးကွ။ မင်းတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကြောင့်ပဲ။ ကံကြောင့် မဟုတ်ဘူး။ မယုံရင် မင်းတို့ကို ငါ သက်သေပြမယ်။

ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ့ အကြွေစေ့ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။ အကြွေစေ့ရဲ့ မျက်နှာ၂ ဘက်လုံးဟာ ခေါင်းဖြစ်နေတာကို စစ်သူကြီးတွေ တွေ့သွားတယ်။

ဘုရင်ကြီး – အလုပ်တခု အောင်မြင်ဖို့ အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ လိုတယ်။ ကံဆိုတာ ရွှေဒင်္ဂါး ၁ ပြား ဖြစ်ခဲ့ရင်ကြိုးစားမှုက ၉၀ ကျပ်သား အခွင့်အရေး ၁၀ ကျပ်သား သွန်းလောင်းထားတယ်။ ဗန်းမော်သိန်းဖေ

Post a Comment

0 Comments