လူရွှင်တော်နှင့် နွားကျောင်းသား

တခါတုန်းက သူဌေးကြီးတဦးသည် လူထု ဖျော်ဖြေပွဲကြီး တခု ပြုလုပ်ရန် စီစဉ်လေသည်။ ထိုဖျော်ဖြေပွဲမှာ အထူးအဆန်း လုပ်ပြ နိုင်သူကို ဆုပေးမည့် အစီအစဉ် ဖြစ်သည်။ လူအများအပြားလည်း ထိုပွဲကို စိတ်ဝင်စား ကြလေသည်။ ပြိုင်ပွဲ ဝင်လိုသူများလည်း များပြားလေသည်။

ထိုအထဲတွင် လူရွှင်တော် တဦးလည်း ပါလေသည်။ သူသည် အရင်ကတည်းကပင် အထူးအဆန်းများ ပြသခြင်း၌ နာမည်ကြီးလေသည်။ သူသည် ထိုပွဲအတွက် ဘယ်နေရာ မှာမှ ပြသချင် မရှိသေးသည့် အထူးအဆန်း တခု ပြမည်ဟု ပြောလေသည်။ ထိုသတင်းကို ကြားသောအခါ တမြို့လုံး အလွန် စိတ်ဝင်စား သွားလေသည်။

ဖျော်ဖြေပွဲ နေ့သို့ ရောက်သောအခါ ထို လူရွှင်တော်ကို ကြည့်လို၍ လူအများအပြား လာရောက် ကြလေသည်။ မကြာမီ ပွဲစသောအခါ ပြိုင်ပွဲဝင်များလည်း မိမိတို့ စွမ်းသလောက် အထူးအဆန်းများ လုပ်ပြကြသည်။ သို့သော် လူရွင်တော်လောက် စိတ်မဝင်စား ကြပင်။

ခဏ ကြာသောအခါ ထိုလူရွှင်တော် စင်ပေါ်သို့ တက်လာလေသည်။ သူ့ထံတွင် အဖော်မပါ၊ ဘာမှလည်း မကိုင်ထားပေ။ သူသည် ရုတ်တရတ် သူဝတ်ထားသော ကုတ်အကျီထဲသိူ့ ခေါင်းကို ငုံ့လိုက်ပြီး ဝက်ကလေး တကောင်လို အော်လိုက်လေသည်။

သူအော်ပုံမှာ ဝက်နှင့် အလွန် တူလှသဖြင့် သူ့အကျီ အောက်ထဲတွင် ဝက်တကောင် ဝှက်ထားတာ ဖြစ်မည်ဟု လူတိုင်းက ထင်ကြသည်။ ထို့နောက် သူသည် ခေါင်းကို ကုတ်အကျီ အတွင်းမှ ပြန်ဖော်လိုက်ပြီး သူ့ကို စစ်ဆေးကြည့်ရန် ပြောသဖြင့် စစ်ဆေး ကြည့်သော အခါ ဘာမှ မတွေ့ကြပေ။ လူများလည်း အံ့သြပြီး လူရွှင်တော်အား ဆုချလေသည်။

ထိုအချိန် လာကြည့်သူ ပရိတ်သတ် ထဲတွင် နွားကျောင်းသားလေး တယောက်လည်း ပါသည်။ သူက "ငါ သူ့ထက် သာအောင် လုပ်ပြ နိုင်ပါတယ်" ဟု ပြောသည်။ နောက်နေ့တွင် အဲဒီ လူရွှင်တော်ကို နိုင်အောင် ပြိုင်မည်ဟု စိန်ခေါ် လိုက်လေသည်။

နောက်တနေ့တွင် လာကြည့်သည့် ပရိသတ်များ ပို၍ များပြား လေသည်။ လူရွှင်တော် ကိုသာ အထင်ကြီး၍ လူရွှင်တော်သာ အနိုင်ရမည်ဟု ထင်မြင်ချက်များ ပေးနေကြသည်။ မကြာမီ ပြိုင်ပွဲစကာ ပြိုင်မယ့်သူ နှစ်ဦး စင်ပေါ်သို့ တက်လာကြသည်။ လူရွှင်တော်က ပထမဆုံး ဝက်လို အော်ပြလေသည်။ ဝက်သံနှင့် အလွန်တူ၍ ပရိသတ်များ အားပေးကြသည်။

ထို့နောက် နွားကျောင်းသား အလှည့်သို့ ရောက်လာသည်။ သူသည်လည်း လူရွှင်တော် ကဲ့သို့ပင် အပေါ်အကျီထဲ ခေါင်းငုံ့ လိုက်သည်။ သို့သော် သူသည် ဝက်အစစ် တကောင်ကို အကျီထဲ ဝှက်လာပြီး ဝက်ကလေး နားရွက်ကို လိမ်ဆွဲလိုက်သည်။ ဝက်ကလေးလည်း နာကျင်၍ အော်လေသည်။

နွားကျောင်းသား ယှဉ်ပြိုင် ပြီးသောအခါ "ဝက်အော်သံ နဲ့လည်း မတူဘူး၊ လူရွှင်တော် ကသာ ပိုတူအောင် အော်နိုင်သည်" ဟု ပြောကြ၍ နွားကျောင်းသား ရှုံးသွားလေသည်။ ထိုအခါ နွားကျောင်းသားသည် ဝှက်ထားသော ဝက်ကို ထုတ်ပြပြီး "ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက် ဘယ်လောက် မှန်လည်း ဒီမှာ ကြည့်ကြ" ဆိုပြီး ပြောလိုက် လေတော့သည်။

ဒီပုံပြင်လေးကတော့ လူတယောက်ကို အထင်ကြီး လေးစား သွားသော အခါ အဲဒီလူ ဘာလုပ်လုပ် အကောင်း မြင်တတ်သည့် လူသဘာဝကို ထင်ဟပ် စေပြီး တခါတရံ လူများသည် အစစ်ထက် အတုကို ပို၍ အထင်ကြီး ယုံကြည် တတ်ကြောင်း သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။

Crd, phoomyatchal

Post a Comment

0 Comments