ငါမရှိလို့ မဖြစ်ပါဘူး

တခါတုန်းက မြေးမလေး သုံးယောက်နဲ့ အတူနေပြီး အရာရာကို "ငါမရှိရင် မဖြစ်ဘူး" လို့ ထင်မှတ်နေတဲ့ အဖွားအိုကြီး တယောက် ရှိတယ်။

သူ့မြေးမလေး တွေကိုလည်း အရာရာ စိတ်တိုင်းမကျ ဖြစ်ပြီး "ဒီနေ့ ဟိုဟင်း ချက်စမ်း၊ အမှိုက်သိမ်းစမ်း၊ ဒါကို မစားနဲ့၊ အဲ့ဒီကို မသွားနဲ့" ဆိုပြီး အမြဲ ဆူပူ ပြောဆိုကာ

"ဒီမြေးမလေးတွေ ကတော့ ငါမရှိရင် ဘယ်လိုများ နေကြမလဲ၊ ငါမရှိရင် ဖြစ်မှာ မဟုတ်ဘူး" လို့လည်း အမြဲ တဖွဖွ ပြောလေ့ ရှိသတဲ့။

တနေ့တော့ အဖွားအိုကြီးဟာ အလုပ်ကိစ္စ တခုနဲ့ နှစ်ရက် ကြာမယ့် ခရီးတခုကို သွားဖို့အတွက် ဖြစ်လာ ခဲ့တယ်။ သူဟာ မြေးမလေးတွေကို စိတ်မချ ဖြစ်ပြီး ခရီးသွားအံ့ ဆဲဆဲမှာလည်း နာရီဝက် တနာရီ နီးနီးလောက် ကြာအောင် မှာတမ်းတွေ ခြွေလို့ မပြီး ဖြစ်နေတော့ တာပေါ့။

အဖွားအို ခရီးက ပြန်ရောက်တဲ့ အခါမှာတော့ အိမ်ထဲကို ဝင်လိုက်တယ် ဆိုရင်ပဲ သူအရမ်း အံ့သြ တုန်လှုပ် သွားခဲ့ရတယ်။ အခန်းထဲမှာ ဝိုင်းဖွဲ့ပြီး စကား ပြောနေတဲ့ သူ့မြေးမလေးတွေရဲ့ စကားသံ တွေကြောင့်ပေါ့။

"အဖွားရှိရင် ဘာမှ မလွတ်လပ်ဘူး၊ စားချင်တာ မစားရ၊ နေချင်သလို မနေရ၊ အမြဲတမ်း အဖွား ပြောသမျှပဲ လုပ်ပေး နေရတယ်"

နောက်တယောက် ကလည်း "အေး ဟုတ်တယ် ဟိုကို မသွားနဲ့၊ ဒီဟာ မဝတ်နဲ့ ဆိုပြီးလည်း အရမ်း ချုပ်ချယ်တာပဲ"

ကျန်တယောက် ကလည်း "ဟုတ်တယ် အခုဆို အဖွား ခရီးသွား နေတော့ အရမ်း စိတ်ချမ်းသာတာပဲ။ အခုမှပဲ လွတ်လွတ်လပ်လပ်နဲ့ နေရတော့တယ်" လို့ ပြောဆို နေကြသတဲ့။

ဒီစကားတွေကို ကြားတော့ အဖွားအိုလည်း "သြော် ငါကသာ ငါမရှိရင် မဖြစ်ဘူး လို့ တွေးနေတာ၊ သူတို့ ကတော့ ငါမရှိမှ ကောင်းမယ်လို့ ထင်နေကြ ပါလား" ဆိုပြီး အသိတရားတွေ ရကာ ရာသက်ပန် တရားအား ထုတ်ပြီး နေသွားတော့သတဲ့။

ဘယ်အရာမဆို ကိုယ့်ဘက်က "ငါမရှိလို့ မဖြစ်ဘူး" ဆိုပြီး တွေးပါ များလာရင် အခြား တယောက်ရဲ့ အမြင် မှာတော့ "သူ မရှိမှ ကောင်းတယ်" လို့ ထင်သွားတတ် ပါတယ်။ Crd

Post a Comment

0 Comments