အရေးအကြီးဆုံး အချိန်

တခါတုန်းက ဘုရင်ကြီး တပါး ရှိပါတယ်။ ဘုရင် ဆိုတော့လည်း တိုင်းရေးပြည်ရေး အထွေထွေနဲ့ ဦးနှောက်စားစရာ အမှုတွေကလည်း အများသားရယ် မဟုတ်လား။ ဟိုတိုင်းပြည်က စစ်လာတိုက် ဒီတိုင်းပြည်က နယ်လာချဲ့နဲ့ အဲ့ဒီ ဘုရင်ကြီးဟာ စစ်မှုရေးရာမှာလည်း ကိုယ်တိုင် ကွပ်ကဲလေသတဲ့။

ဒီလိုနဲ့ တရက်တော့ ဘုရင်ကြီး နံဘေး အနီးကပ်မှာ ခစားနေတဲ့ မှူးမတ်ကြီး တဦးက ဘုရင်ကြီးကို အကြံပေးတယ်။ "အရှင်ဘုရား အတွက် အသက် အန္တရာယ်တွေ ကလည်းများတော့ အန္တရယ်ကင်း အဆောင်လက်ဖွဲ့ တခုခု အရှင်နဲ့ အတူ ဆောင်ထားနိုင်ဖို့ အစီအမံ တခုခု လုပ်ထားလျှင် သင့်တော်ကြောင်းပါ ဘုရား" ပေါ့။

ဒီလိုနဲ့ ဘုရင်ကြီးဟာ တိုင်းပြည် အရှေ့စွန်းစွန်းမှာ သတင်းသုံး နေထိုင်တဲ့ ဆရာတော် တပါးဆီ ရောက်သွားတယ်။ အန္တရာယ် ကျရောက်ချိန်မှာ သုံးနိုင်ဖို့ တစုံတခု စီစဉ်ပေးဖို့ ဆရာတော်ကို ဘုရင်ကြီးက လျှောက်ပါတယ်။ ဆရာတော်ကလည်း "ကောင်းပြီ၊ ကျုပ် စီစဉ်ပေးပါ့မယ်။ တခုတော့ ရှိတယ်။ ကျုပ်ပေးမယ့် အရာဟာ အရှင်မင်းကြီး ဘဝမှာ အကြီးမားဆုံးသော အခက်အခဲနဲ့ ကြုံချိန်မှာ တကြိမ်တခါသာ သုံးခွင့် ရှိမယ်" လို့ မိန့်ပါတယ်။

ချိန်းဆိုထားတဲ့ နေ့မှာ ဘုရင်ကြီးက ဆရာတော့်ဆီ ပြန်သွားပါတယ်။ ဆရာတော်က ဘုရင့်ကို စာရွက် အလိပ်ကလေး တခု ပေးလိုက်ပြီး "ဒီစာရွက်ကို အရှင် အသုံးလိုချိန်၊ အရေးအကြီးဆုံး အချိန် မှသာ ကျုပ်မှာထားတဲ့ အတိုင်း တကြိမ်သာ ဖွင့်ကြည့်ပါ" လို့ သေချာ ထပ်မှာလိုက် ပါတယ်။ ဘုရင်ကြီးကလည်း လက်ထဲမှာ တရိုတသေနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ ပြန်လာပါတယ်။

ဒီလိုနဲ့ ဆရာတော် ပေးလိုက်တဲ့ စာရွက်လိပ်လေးကို အမြဲမခွာ ဆောင်ထားရင်း ဘုရင်ကြီးဟာ သက်တော် ကြီးပြီး အိုမင်း လာခဲ့လေပြီ။ သို့သော်ငြား အခုချိန်ထိ သူဟာ အဲ့ဒီ စာရွက်လေးကို အသုံးမပြုရ သေးပါဘူး။ ဘုရင်ကြီး ငယ်နုစဉ် အချိန်နဲ့ လူလတ်ပိုင်း အရွယ်တို့ မှာလည်း အသက်အန္တရယ် အခက်ခဲပေါင်း များစွာနဲ့ သေဘေးပေါင်း များစွာလည်း ကြုံတွေ့ လွတ်မြောက် လာခဲ့ရ ပြီးပါပြီ။

အဲ့ဒီလို အချိန်မျိုးတွေ တိုင်းမှာ ဘုရင်ကြီးဟာ ဆရာတော် ပေးလိုက်တဲ့ အရာကို ထုတ်သုံးဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့သူ ဖြစ်ပါတယ်။ တကြိမ်သာ သုံးခွင့်ရှိမှာ ဖြစ်တဲ့ အတွက် အရေးကြီးဆုံးအချိန် ရောက်လာချိန်ကို စောင့်ရင်း မသုံးပဲ ပြန်သိမ်း ခဲ့တာတွေသာ ရှိခဲ့ပါတယ်။ ခုတော့ ဘုရင်ကြီးဟာ နာမကျန်းစွာနဲ့ အိပ်ရာထဲ လဲနေရပြီပေါ့။

ဘုရင့်ဘေးမှာ ရှိနေတဲ့ မှူးမတ်ကြီးတွေက ဘုရင်ကြီး အသုံးမပြုသေးတဲ့ ဆရာတော့် အဆောင်ကို အင်မတန်မှ သိလိုကြသလို နောက်ဆုံး သက်တော် မကုန်ခင် အချိန်မှာ အသုံးပြုသွား ဖို့လည်း တိုက်တွန်း ကြတယ် ဆိုပါတော့။ မှူးမတ်တွေရဲ့ ပြောဆိုသံတွေ အဆုံးမှာ ဖျော့တော့စွာနဲ့ လဲလှောင်းနေတဲ့ ဘုရင်ကြီး ပြုံးပါတယ်။

ဆရာတော် ပေးလိုက်တဲ့ စာရွက်လေး ကိုလည်း သူ ဖြည်ကြည့်စရာ မလိုပဲ သိနေခဲ့ ပါပြီ။ ဆရာတော် မပြောလိုက်တဲ့ စကားတခွန်းကိုလည်း ဘုရင်ကြီးဟာ ခုချိန်မှာ သေချာ ကြားနိုင် နားလည်နိုင် နေပါပြီ။ ဘုရင်ကြီးဟာ နောက်ဆုံးသော ခွန်အားလေးနဲ့ သလွန်တော် ထက်ကနေ မှူးမတ်ကြီးတွေဆီကို ငဲ့စောင်းကြည့်ရင်း တီးတိုး မိန့်တော်မူပါတယ်။

"အရေးကြီးဆုံး ရယ်လို့ တွေးထင်ခဲ့တဲ့ အရာတိုင်းဟာ အချိန်တန်ရင် လွန်မြောက် သွားကြမှာ။ အရေးကြီးဆုံးကို စောင့်ကြည့်ရင်း တကယ်တော့ ဘဝမှာ အရေးကြီးဆုံး ဆိုတာ ဘာမှ မရှိဘူး၊ ရှိမနေပါဘူး" လို့ ပြောရင်း နောက်ဆုံး အကြိမ်အဖြစ် ပြုံးကာ သက်တော်ကုန် နတ်ရွာစံ သွားပါတော့တယ်။

ဘုရင်ကြီး နတ်ရွာစံပြီး နောက်မှာ မှူးမတ်ကြီးတွေက ဆရာတော့် စာရွက်လေးကို ဖွင့်ကြည့်ခဲ့ ကြပါတယ်။ ဘာအင်းမှ ချမထား၊ ဘာစာမှ ရေးမထားတဲ့ သာမန် ဗလာစာရွက် ခေါက်လေး တရွက်ကိုသာ မူးမတ်ကြီးတွေ တအံ့တသြ မြင်တွေ့လိုက် ရပါတော့တယ်။ "အရာတိုင်းဟာ အချိန်တန်လျှင် ပြီးဆုံးသွားစမြဲပါ"

Crd, phoomyatchal

Post a Comment

0 Comments