မှိုင်းမိနေသော မျောက်ငါးကောင်

တခါက ဓာတ်ခွဲခန်းထဲမှာ မျောက် ၅ ကောင် ထည့်ပြီး သုတေသီ တွေဟာ စမ်းသပ်ချက် တခု လုပ်တယ်။ ဓာတ်ခွဲခန်း အလယ်မှာ လှေခါးတခု ထောင်ထားတယ်။ လှေခါးအပေါ်မှာ ငှက်ပျောသီး တဖီး ရှိတယ်။

ငှက်ပျောသီးကို တွေ့တဲ့ မျောက်တကောင်က ငှက်ပျောသီး ယူဖို့ လှေခါးပေါ် တက်လိုက်တဲ့ အခါ ကျန် လေးကောင်ကို သုတေသီတွေက ရေအေးနဲ့ လှမ်းပက်တယ်။

သိပ်မကြာခင်မှာ မျောက်တွေ ဘာဖြစ်လာသလဲ ဆိုတော့ သူတို့ထဲက တကောင်ကောင် လှေခါး တက်ဖို့ လုပ်ပြီ ဆိုတာနဲ့ တက်တဲ့ကောင်ကို မဟားဒယား ဝိုင်းဆွဲတော့တာပဲ။ ဘယ်ပြောကောင်းမလဲ။ အကြောက်အကန် ဝိုင်းဆွဲတဲ့ ကောင်ကဆွဲ။ လိုက်ရိုက်ပုတ်တဲ့ ကောင်က ရိုက်ပုတ်နဲ့ နောက်ဆုံးမှာ မျောက်တကောင်မှ လှေခါး မတက်ရဲ တော့ဘူး။

သိပ်မကြာခင်မှာ မျောက်တကောင်ကို ဖယ်ထုတ် လိုက်တယ်။ ပြီးတော့ သုတေသီတွေဟာ မျောက်အသစ် တကောင် ပြန်ထည့် ပေးလိုက်တယ်။ မျောက်သစ်က အခန်းထဲ ရောက်ရောက်ချင်း ငှက်ပျောသီးကို တွေ့ရော။ တွေ့တော့ ကိုရွှေချောက ပွတာပဲ ဆိုပြီး ငှက်ပျောသီးကို တက်အဆွဲ ဟိုလေးကောင်က စောစောက လိုပဲ ဖုန်းဒိုင်း ဖုန်းဒိုင်းနဲ့ နှိပ်ကွပ်တော့ တာပေါ့။

မျောက်သစ်က ခဏ ငြိမ်သွားပြီး မေ့လောက် ရှိတော့ တခါ တက်ဆွဲမယ် လုပ်ပြန်ရော။ ဒီအခါမှာ ဟိုလေးကောင်က ထပ် ဆွမ်းကြီးလောင်း ပြန်တယ်။ ဒီလို နှစ်ခါ သုံးခါလောက် ထထ ဖောက်ပြီးလို့ တော်တော် အီစိမ့်သွားတော့မှ မျောက်သစ် မှတ်သွားတယ်။ လှေခါးနားတောင် မကပ်ရဲ တော့ဘူး။

တအောင့်နေတော့ နောက်ထပ် မျောက်တကောင်နဲ့ မျောက်ဟောင်း တကောင်နဲ့ ထပ်လဲ ပြန်တယ်။ ဒီကောင်လည်း အထဲရောက်တော့ ငှက်ပျောသီးကို ဝမ်းသာအားရ တက်ဆွဲတာပေါ့။ အဲဒီချိန်မှာ ဟိုမျောက် အဟောင်း သုံးကောင် အပါအဝင် ပထမဆုံး လဲတဲ့ မျောက်ကပါ ဝိုင်းသမ လွှတ်တာ ဒီကောင်လည်း ထပ်ပြီးတော့ အပိုး ကျိုးသွားတယ်။

ဒီလိုနဲ့ တတိယမျောက် စတုတ္ထမျောက်နဲ့ လဲလာလိုက်တာ နောက်ဆုံး အခန်းထဲမှာ မျောက်သစ် ၅ ကောင် ကျန်ခဲ့တယ်။ ဒီ မျောက်သစ် ၅ ကောင်ဟာ ဘာကြောင့် လှေခါး မတက်ရမှန်း နားမလည်ကြဘူး။ သို့သော် နောက်ထပ် ဝင်လာတဲ့ ဘယ်သူ့ကိုမှလည်း ဒီအပေါ် မတက်အောင် ဝိုင်းရိုက် ဖိနှိပ် သွားတော့သတဲ့။

လုပ်ငန်းခွင် – ဒီကနေ့ခေတ် လုပ်ငန်းခွင်ထဲမှာ တခုခုဆိုရင် အထက်အရာရှိက လက်အောက်ငယ်သားတွေကို ပညာသင်ပေး တဲ့အခါ ဒါကို လုပ်ရင် ဒါဖြစ်မယ်။ ဒီတော့ ဒီလမ်းအတိုင်း မင်းတို့သွား။ ကျန်တာ မင်းတို့ ဘာမှမထိနဲ့ ဆိုတဲ့ ပုံစံနဲ့ သင်ပေးတာ များကြတယ်။

ဘာ့ကြောင့်လဲ ဆိုတာကို ပြန်ရှင်းပြလေ့ မရှိတဲ့ အပြင် ပြန်မေးတဲ့ ဝန်ထမ်းကိုပါ အချို့ အရာရှိတွေက အငြှိုးထား လာနိုင်တဲ့ အတွက်ကြောင့် ဝန်ထမ်းတွေ ဘက်ကလည်း ခိုင်းတဲ့အတိုင်း လုပ်မယ်။ အချိန်တန်လို့ လခ ရနေရင် ပြီးရော ဆိုတဲ့ ပုံစံနဲ့ ပညာကို လက်ဆင့်ကမ်း လာကြတယ်။

ဒီအောက်က ဝန်ထမ်းတွေဟာ တဖြည်းဖြည်းနဲ့ ရာထူးတက်လာ တဲ့အခါ ဘာတွေ ဖြစ်ကုန်သလဲ။ စမ်းသပ်ချက်ထဲက မျောက်တွေလို ဖြစ်ကုန်တော့ တာပဲ။ သူတို့ကိုယ်တိုင် ကလည်း အာဏာနဲ့သာ အရာရာကို ရှေ့ဆက်တော့တယ်။ ပြီးတော့ ဒီလမ်းအတိုင်း သွားမှသာ မှန်တယ်ဆိုတဲ့ အမြင်တွေ ဖြစ်လာတယ်။

လမ်းကြောင်းကနေ ဖောက်ထွက်ချင်တဲ့ ဝန်ထမ်းတွေ ဆိုရင် နေရာ မပေးတော့ဘူး။ ဒီလိုနဲ့ စည်းတွေ ဆက်ခါ ဆက်ခါ ခြားလာတဲ့ အခါမှာ ကုမ္ပဏီကြီးတွေရဲ့ ပွင့်လင်းမြင်သာမှုဟာ ပျောက်ဆုံးလာ ကြတယ်။ ဘယ်က တွန်းနေမှန်း မသိတဲ့ တွန်းအားကြီးနဲ့ သူတို့ဟာ ရှေ့ဆက်နေတဲ့ ပုံစံ ဖြစ်လာတယ်။

ဘယ်လို ဖောက်ထွက်နိုင်မလဲ – ဝန်ထမ်းတွေ အနေနဲ့ သိချင်တဲ့ ကိစ္စကြီးကို မေးချင်တဲ့စိတ် စူးစမ်းချင်တဲ့ စိတ်ကလေးတော့ ဦးစွာရှိဖို့ လိုအပ်ပါတယ်။ အကြောင်းက ဘာလဲ၊ ဘာ့ကြောင့် ဒါတွေ ဒါတွေဟာ လိုအပ်တာလဲ၊ ကျွန်တော်တို့ သိချင်ပါတယ် ဆိုတဲ့စကား ပြောရဲဖို့ လိုအပ်ပါတယ်။

မျောက်ငါးကောင်ပုံပြင် ပြောပြပါ – အခါသင့်ရင် သင့်သလို မျောက်ငါးကောင် ပုံပြင်လေးကို အပေါင်းအသင်းတွေ ကြားမှာ လက်ဆင့်ကမ်း ပေးကြပါ။ ဒီပုံပြင်နဲ့ လုပ်ငန်းခွင် ဆက်စပ်ပုံကို ပြောဆိုရှင်းလင်း ပြပါ။

တကယ်တော့ လုပ်ငန်းခွင်မှာ ရလဒ်ကောင်းတွေ ဖြစ်တည်လာဖို့ ဆိုရင် ပွင့်လင်းမြင်သာသော ပတ်ဝန်းကျင် တခု ဖြစ်နေသင့် ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိတဲ့အခါ လျှောက်နေရတဲ့ ဘောင် ကျဉ်းသလို လုပ်ကိုင်ရတာ ခက်ခဲလေ့ ရှိတတ်ကြပါတယ်။

လွှတ်ပေးပါ – အရာရှိတွေ အနေနဲ့လည်း လက်အောက် ငယ်သားတွေကို ယုံကြည်ပေးဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ဒီအတိုင်းပဲသွားကြ လို့ ခိုင်းတဲ့ စနစ်ဟာ သူတို့ မစွမ်းဆောင်နိုင်လို့ ဆိုတဲ့ အမြင်ကို ဆုပ်ကိုင်ထားလေ့ ရှိတတ်ကြပါတယ်။

ဒါကို တချက် စဉ်းစားကြပါ။ သူတို့ အနေနဲ့ တကယ်ပဲ မစဉ်းစားနိုင် တော့ဘူးလား။ ကိုယ့်တုန်းကရော ဘယ်လို ကိုင်တွယ်ခဲ့သလဲ စသဖြင့် မျှတွေးပေးပါ။ လွှတ်ပေးသင့်တာကို လွှတ်ပေးကြည့်ပါ။ ဒီလိုမျိုး ပြုပြင်ပြောင်းလဲ ယူနိုင်ခဲ့ရင်တော့ အဆင်ပြေ ချောမွေ့လာတဲ့ လုပ်ငန်းခွင်တခု ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။ KyawNge

Post a Comment

0 Comments