ရိုးသားမှုနှင့် အကျိုးအမြတ်

တခါတုန်းက သူကြွယ်တဦးဟာ ရေစီးသန်တဲ့ မြစ်ကို ကူးဖြတ်ရင်း လှေမှောက် သွားခဲ့လို့ မြစ်လယ်မှာ ရှိတဲ့ ကျောက်တုံး တတုံးပေါ် တက်ပြီး အကူအညီ ရဖို့ အော်ဟစ် နေခဲ့တယ်။

အဲဒီအချိန်မှာ လှေသမား လူငယ်တဦး ရောက်လာခဲ့တယ်။ လူငယ်ဟာ သူကြွယ်ကို ကယ်ဖို့ လှေကို လှော်ခတ် လာခဲ့တယ်။ ဒါပေမယ့် ရေစီးသန်တဲ့ အတွက် လှေက ထင်သလောက် အမြန် မလှော်နိုင် ခဲ့ဘူး။

"ငါ့ကို မြန်မြန် ကယ်ပါ။ ငါ့ကို ကယ်နိုင်ရင် မင်းကို ငွေတထောင် ပေးမယ်" လို့ သူကြွယ်က အော်ဟစ် ပေမယ့် ရေစီး သန်တဲ့ အတွက် လှေက ဖြေးဖြေးပဲ ရွေ့လျား နိုင်ခဲ့တယ် ။

သူကြွယ်က "မြန်မြန် လှော်ပါ၊ ဒီအရောက် လှော်ခဲ့ရင် ငါ ငွေနှစ်ထောင် ပေးမယ်" လို့ ထပ်အော်တယ်။ လူငယ်က အားကြိုး မာန်တက် လှော်ခဲ့ ပေမယ့် လှိုင်းတွေ ကြားမှာ ထင်သလောက် အရာ မရောက်ခဲ့ဘူး။

"ရေတွေ တက်လာပြီ အားစိုက်စမ်းပါ။ မင်းကို ငွေငါးထောင် ပေးမယ်" လို့ သူကြွယ်က အော်ဟစ်တယ်။ ရေက သူရပ်ထားတဲ့ ကျောက်တုံးကို တဖြည်းဖြည်း မြုပ်လာခဲ့ပြီ ဖြစ်တယ်။

လူငယ်ဟာ သူကြွယ်ဆီ လှော်ခတ် နေတဲ့ လှေလှော်နှုန်း ဟာလည်း တဖြည်းဖြည်း ပိုနှေး သွားတယ်။ "မြန်မြန်လှော် ငါ တသောင်း ပေးမယ်"

သူကြွယ်ရဲ့ ခြေကို ရေ စမြုပ်နေပြီ ဖြစ်တယ်။ ဒါပေမယ့် လှေသွားနှုန်း က ပိုနှေးလာ ခဲ့တယ်။ "ငါးသောင်း ပေးမယ် ငါးသောင်း"

စကားတောင် ဆုံးအောင် မပြောနိုင်ဘဲ လှိုင်းကြီး တလုံးကြောင့် သူကြွယ် မြစ်ထဲကျ နစ်မြုပ်ပြီး ရေနောက် ပါသွား ခဲ့တယ်။ လူငယ်က လှေကို ကမ်းကပ်ပြီး ဝမ်းနည်းစွာနဲ့

"ခင်ဗျားကို ကျွန်တော် ကယ်မလို့ပါပဲ။ ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ကို ငွေတွေ လာပေးခဲ့ရ သလဲ။ တကြိမ်ပြီး တကြိမ် ငွေတွေ ထပ်တိုးပေး ခဲ့လို့ ကျွန်တော် ဖြေးဖြေး လှော်ရင် ငွေပိုရနိုင်မယ် လို့ တွေးထင် ခဲ့တယ်။ ဒါကြောင့် ရေနောက် ခင်ဗျား ပါသွား ခဲ့တယ်။ ကျွန်တော့်ကြောင့် ခင်ဗျား အသက် ဆုံးရှုံး ခဲ့ရတယ်။

ဒါပေမယ့် ခင်ဗျားကို ကယ်ဖို့ အစက ကျွန်တော့ စိတ်ထဲမှာ ရိုးသားမှု တွေပဲ ရှိပြီး အကျိုးအမြတ်ကို ထည့်မစဉ်းစားမိ ချိန်မှာ ခင်ဗျား ဘာဖြစ်လို့ ကျွန်တော်ကို ငွေတွေ ပေးမယ်လို့ ပြောခဲ့ရ သလဲ" လို့ တယောက်တည်း ပြောနေမိ ပါတော့တယ်။

ကျွန်တော်တို့တွေရဲ့ တန်ဖိုး မရှိ အသုံး မကျတဲ့ အတ္တတွေ၊ မာနတွေရဲ့ အော်ဟစ်မှုတွေ ကပဲ ကိုယ့်ကိုယ်ကို အဆိပ်သင့် စေပြီး၊ ကိုယ့်ကိုယ်ကို သတ်သေ စေသလို ဖြစ်နိုင်တာကို ဂရုပြု သတိထားဖို့ လိုပါမယ်။ Crd

Post a Comment

0 Comments