မြည်းမိုက်ရဲ့ မျော်လင့်ချက်

တခါတုန်းက မြေအိုးဖုတ်သမား တယောက်ဆီမှာ ဝန်ထုတ်ဝန်ပိုးတွေကို သယ်ပေးရင်း အသက်မွေးနေတဲ့ မြည်းလေး တကောင် ရှိပါတယ်။ ဒီမြည်းကလေးဟာ နေ့စဉ်နေ့တိုင်း သူ့သခင်ရဲ့ အလုပ်ခွင်မှာ ဝင်လုပ် ပေးရတဲ့ အပြင် စာနာမှု မရှိတဲ့ သူ့သခင်ရဲ့ ရိုက်နှက် ဆဲရေး ကြိမ်းမောင်းတဲ့ ဒဏ်ကိုလည်း နေ့တိုင်း လိုလို ခံရပါသတဲ့။

တနေ့မှာတော့ မလှမ်းမကမ်း ရွာမှာနေတဲ့ မြည်းကလေးရဲ့ ညီဝမ်းကွဲတော်သူ မြည်းတကောင်ဟာ သူ့အကို ဆီကို အလည်လာ ခဲ့ပါတယ်။ အလည်လာတဲ့ ညီကို တွေ့ရတော့ မြည်းကလေးဟာ ပျော်သွားပါ သတဲ့။ မတွေ့ရတာလဲ ကြာပြီ ဆိုတော့ ရောက်တုန်း ရောက်ခိုက်လေး သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ စားကြသောက်ကြရင်း စကားစမြည် ပြောဖြစ် ကြပါတယ်။

သူ့ညီ မြည်းကလေးကလည်း သူ့အကိုဆီ ရောက်တုန်း ရောက်ခိုက် အနည်းဆုံး နှစ်ရက် သုံးရက်လောက် နေပြီးမှ ပြန်မယ်လို့ ဆုံးဖြတ်ထား ခဲ့ပါသတဲ့။

နောက်တနေ့ နံနက်မိုးသောက်လို့ အလင်းရောက်ချိန် မှာတော့ အိမ်ရှင် မြည်းကလေးဟာ ထုံးစံအတိုင်း အင်မတန် လေးလံတဲ့ ဝန်တွေကို သူ့ကျောကုန်း ပေါ်မှာ တင်ပြီး သူ့အလုပ်ခွင်ကို ဝင်ရပါတယ်။ အဲဒီလို အလုပ်နေရင်း တခါတခါ သူ့သခင်ရဲ့ ရိုက်ပုတ်တာ၊ ဆဲရေး တိုင်းထွာတာ တို့ကိုလည်း မကြာမကြာ ခံရပါတယ်။ ဒီအခြေအနေကို မြင်သွားတဲ့ ညီဖြစ်သူ မြည်းကလေးဟာ တော်တော်လေးကို အံ့သြ သွားခဲ့ပါတယ်။

ညနေပိုင်း အလုပ်တွေလည်း သိမ်းပြီ ဆိုတော့ ညီဖြစ်တဲ့ မြည်းကလေးဟာ သူ့အကို ကို "အကို ကျနော်ကို ပြောပြပါဦး။ အကိုက နေ့တိုင်းပဲ ဒီလို အရိုက်အနှက် ဆဲရေး ခံပြီးတော့ သူ့ဝန်တွေကို ဆွဲပေးနေ ရတာလား" ဆိုပြီး မေးလိုက်ပါတယ်။ ဒီတော့ အကိုဖြစ်သူ မြည်းကလေးက အနည်းငယ် ပြုံးပြီး "ဟုတ်တာပေါ့ ငါ့ညီရာ။ ငါ့သခင်က နေ့တိုင်းပဲ ငါ့ကို ရိုက်နှက်ဆဲရေး တိုင်းထွာပြီး ဝန်တွေကို ဆွဲစေခဲ့ တာလေ" လို့ ပြန်ပြောလိုက်ပါတယ်။

ဒီတော့ သူ့ညီ မြည်းကလေးက "ဒါဆို ဘာဖြစ်လို့ အကိုက ဒီသခင်ကို ထားခဲ့ပြီး အဝေးကို ထွက်မပြေး ခဲ့တာလဲ။ ကျွန်တော့် အလိုသာ ဆိုရင် ထွက်ပြေးသွားမှာ အမှန်ပဲ။ အခုတော့ အကိုက အဲဒီလို မဟုတ်ဘဲ ဒီမှာပဲ ဆင်းဆင်းရဲရဲနဲ့ ကပ်နေနေ ရတယ်လို့။ ပြောပါဦး ဘာဆွဲဆောင်စရာတွေများ ရှိနေလို့ ဒီမှာ ဆက်ပြီး နေနေရတာလဲ" လို့ မေးလိုက်တယ်။

အကိုဖြစ်သူ မြည်းလေးက "ဒီလိုကွ ငါ့ညီရ။ ဒီအိုးဖုတ်သမားကြီးမှာ အင်မတန် လှပတဲ့ သမီးလေး တယောက်ရှိတယ်။ ဒီအိုးဖုတ်သမားကြီးက သူ့သမီးလေး အမှား တခုကို လုပ်မိတဲ့ အခါတိုင်း အခါတိုင်း ‘နင့်ကို ငါ ဒီမြည်းနဲ့ ပေးစားပစ်မယ်၊ နင့်ကို ငါ ဒီမြည်းနဲ့ ပေးစားပစ်မယ်’ လို့ ခဏခဏ ပြောပြီး ကြိမ်းမောင်းတယ်ကွ။

ဒါဆို ငါ့ညီ နားလည်လောက်ပြီ ထင်ပါတယ်။ ငါဒီမှာဘာကြောင့် သူတို့ကို မစွန့်ခွာဘဲ ဆက်ပြီး နေနေတယ်ဆို တာကို။ ကဲ ဘယ်လိုလဲ အခု ငါ့ရဲ့ ဒီမှာ ဆက်နေရခြင်း အကြောင်းနဲ့ ငါ့ရဲ့ တောက်ပနေတဲ့ အနာဂတ်ကို ငါ့ညီ သိပြီမဟုတ်လား" လို့ ပြောလိုက်ပါတယ်။

ဒီတော့ ညီဖြစ်သူ မြည်းကလေးက စိတ်မထိန်းနိုင်ဘဲ ကျယ်လောင်စွာကို အော်ရယ်ပစ် လိုက်ပါတယ်။ သူ့အကိုပြောတဲ့ စကားကို မယုံကြည်နိုင် လောက်အောင် ဖြစ်သွားပြီး ထပ်ခါ ထပ်ခါ ရယ်မောပစ်လိုက်ပါတယ်။ ပြီးတော့ "အကို မင်းဟာ ငမိုက်ပဲ။ အေး မင်းသခင် ပြောသလို မင်းကို သူ့သမီးနဲ့ ပေးစားမယ့် ရက်ဟာ ဘယ်တော့မှာ ရောက်လာမှာ မဟုတ်ဘူး" လို့ ပြောလိုက်ပါတော့တယ်။

ကျွန်တော်တို့ရဲ့ နေ့စဉ် ဘဝမှာလည်း ဒီပုံပြင်လေး ထဲက အိုးဖုတ်သမားရဲ့ မြည်းလေးအတိုင်း ပါပဲ။ ကျနော်တို့ အားလုံး လိုလိုဟာ ရောက်လာဖို့ အတွက် မသေချာတဲ့ အနာဂတ်တွေကို မျှော်ကိုးရင်းနဲ့ပဲ ခက်ခဲကြမ်းတမ်းတဲ့ ဘဝခရီးကို ဖြတ်သန်းကြတယ်။ ဆင်းရဲ ဒုက္ခရဲ့ ဒဏ်တွေကို အနာဂတ် ရောင်ခြည်တွေနဲ့ ကုစားကြတယ်။

ဒါပေမဲ့ မှားယွင်းနေတဲ့ အနာဂတ်မျှော်လင့်ချက်တွေကို မိုက်ရူးရဲ ဆန်စွာနဲ့ပင် ဆုပ်ကိုင်ထား မိမယ်ဆိုရင်တော့ ပုံပြင်လေးထဲက မြည်းလို ပင်ပန်းဆင်းရဲ နေရဦးမှာပါ။ ဘဝအတွက် အရေးမပါတဲ့ တချို့အရာတွေကို ဆုပ်ကိုင်မထားပါနဲ့။ လွှတ်ချလိုက်ပါ။ Crd

Post a Comment

0 Comments