ကြက်ဖနဲ့ကြက်မ ပုံပြင်

အခန်း (၁) ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။ ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူ လေ့ကျင့်ခန်းပေါ့။ ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလား မသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစီးက ဖြတ်တိုက် သွားသည်။

ဒါကိုမြင်သော အပျိုလေး အတွေး – သူတို့ရဲ့ ချစ်ခြင်းကို ဟို ကားစုတ်က ဝင်ရှုပ်သွားတာပဲ။ အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကို မကြိုက်လို့ သူ့ ကိုယ်သူ အဆုံး စီရင် သွားတာ။ လူပျိုလေးအတွေး – တောက် ဒီကောင်တော့ တသက်လုံး နေရ ခက်နေတော့ မှာပါ။

လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်း ရှာတယ်။ ဟို စကားပုံ အတိုင်းပေါ့။ တရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တလပျော်ချင် မိန်းမယူ၊ တနှစ် ပျော်ချင် မယားငယ်ထား၊ တသက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ် တဲ့။ အင်း ကြက်ဖခမျာ တသက်လုံး ပျော်ချင်လို့နဲ့ တူပါတယ်။

အခန်း (၂) ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။ ကြက်ဖအတွေး – ဒီတခါ တော့ မိလောက်ပါပြီ။ အေးလေ - မမိရင်လည်း သွေးပူပေါ့။ ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးလိုက်လာသော ကြက်ဖကို ကားတိုက် သွားသည်။ အပျိုလေးအတွေး – အင်း ကြက်မကို လိုက်ဖို့ ကြက်ဖ တကောင်တော့ ထပ်ရှာရ ဦးမှာပဲ။ အပျိုကြီးအတွေး – ရှေ့မကြည့် နောက်မကြည့် လိုက်တာကိုး။ သေတာတောင် နည်းသေး။

လူပျိုလေးအတွေး – အချစ် အတွက် အသက်ကို ပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။ လူပျိုကြီးအတွေး – ဟီဟိ - ဟို ကြက်မတော့ ကြက်ဖ မရှိရင် တသက်လုံး နေရခက်ပြီ ။

အခန်း (၃) ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။ ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။ ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလား။ ကံဆိုးစွာပင် ပြေးနေသော နှစ်ကောင်လုံးကို ကားဖြတ်တိုက် သွားသည်။

အပျိုလေးအတွေး – အစကတည်းက ကြက်ဖ မီအောင် လိုက်သင့် တယ်။ အပျိုကြီးအတွေး – ကြက်မ အပြစ် မဟုတ်ဘူး၊ ကြက်ဖ အပြစ်။ လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန် လျှော့သင့် တယ်။ လူပျိုကြီးအတွေး – ဟီဟိ အေးရော၊ ဟင်းစားတော့ ရပြီ။

အခန်း (၄) ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။ ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။ ကြက်မအတွေး – ငါပြေးနေတာ သိပ်များ မြန်နေလား မသိ။ ကြက်များ ခေါင်းထဲတွင် ထိုမျှသာ ရှိသော်လည်း လူတွေက မျိုးစုံ တွေး မျိုးစုံ ပြောနေကြ လေသည်။ အကြည်တော်

Post a Comment

0 Comments