တမွှာလောက် မျှဝေလိုက်ပါ

မိဘမဲ့ကျောင်းမှာ ကြီးပြင်းလာခဲ့တဲ့ လူငယ်တယောက်က တွေ့ကြုံခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံကို ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။

ကျွန်တော် ငယ်ငယ်လေး ကတည်းက မိဘတွေ ဆုံးပါး သွားခဲ့လို့ ၉ နှစ်သား အရွယ်မှာ မိဘမဲ့ ကျောင်းတကျောင်းမှာ သွားနေခဲ့ရတယ်။ မိဘမဲ့ကျောင်း လို့သာ ဆိုတယ် ထောင်နဲ့ မကွာလှဘူး။

နေ့အချိန်မှာ ကျွန်တော်တို့ ၁၄ နာရီလောက် အလုပ် လုပ်ရတယ်။ ပန်းခြံမှာ ပန်းတွေ စိုက်ပျိုးရတယ်။ မီးဖိုမှာ ကူရတယ်။ တခါတလေ လယ်တွေ ထွန်ယက်ရတယ်။ တနှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက် တရက်ပဲ ရှိတယ်။ အဲဒီနေ့က ခရစ်စမတ်နေ့ပဲ။

အဲဒီနေ့မှာ ခရစ်စမတ် လက်ဆောင်အဖြစ် လူတိုင်းက လိမ္မော်သီး တလုံးစီ ရကြတယ်။ ခရစ်စမတ်မှာ ကျွန်တော်တို့ အတွက် အစားအသောက် ကောင်းတွေ မရှိဘူး၊ ကစားစရာ အရုပ်မရှိဘူး။ ကျွန်တော်တို့ရဲ့ ဝေစုဟာ လိမ္မော်သီး တလုံးပဲ ဖြစ်တယ်။

တနှစ်ပတ်လုံး အမှား မကျူးလွန် တဲ့သူ၊ ပြောစကားကို နားထောင်ပြီး လိမ္မာတဲ့သူမှ လိမ္မော်သီးကို ရတာ ဖြစ်တယ်။ ဒါကြောင့် ခရစ်စမတ်ရဲ့ လိမ္မော်သီးဟာ ကျွန်တော်တို့ တနှစ်ပတ်လုံးရဲ့ မျှော်လင့်ချက် ဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ ခရစ်စမတ် ပွဲတော်ရက် တရက် ရောက်လို့ လာပြန်တယ်။

အဲဒီရက်က ကျွန်တော့်အတွက် ကမ္ဘာပျက်တဲ့ နေ့ပဲ။ ကလေးတွေ အားလုံး လိမ္မော်သီး ရဖို့အတွက် ကျောင်းအုပ်ကြီးရှေ့ တန်းစီနေချိန်မှာ ကျွန်တော်က အခန်းရဲ့ ထောင့်တနေရာမှာ ပြစ်ဒဏ်ပေး ခံနေရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီနှစ် နွေတုန်းက ကျောင်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့မိလို့ပဲ။

လိမ္မော်သီးရတဲ့ ကလေးတွေ ခြံထဲ ကစားခွင့်ရတဲ့ အချိန်မှာ ကျွန်တော်က အိပ်ခန်းထဲမှာ တယောက်ထဲ လဲလျောင်း နေရတယ်။ ကျွန်တော် အရမ်းဝမ်းနည်းတယ်၊ ရှက်လည်း ရှက်တယ်။ ရှိုတ်သံတွေကို မျိုသိပ်ရင်း ကျွန်တော် မျက်ရည်ကျတယ်။ ဒီလောကမှာ ကျွန်တော် အသက်ရှင်နေတာ ဘာအဓိပ္ပါယ်မှ မရှိခဲ့ဘူးလို့လည်း ခံစားရတယ်။

ခဏကြာတော့ အခန်းထဲကို ခြေသံတခု ဝင်လာတာ ကျွန်တော် ကြားရပြီး၊ ကျွန်တော့် ကိုယ်ကို လုံးထွေး ပတ်ထားတဲ့ စောင်ကိုလည်း ဆွဲလှန်လိုက် ပါတယ်။ ကျွန်တော် မျက်စိကို ဖွင့်ကြည့်လိုက်တော့ ဝီလီလို့ ခေါ်တဲ့ ကောင်လေးတယောက် ကုတင်ရှေ့မှာ ရပ်နေတာကို တွေ့ပါတယ်။

သူ့ ညာဖက်လက် မှာလည်း လိမ္မော်သီးတလုံး ဆုပ်ကိုင် ထားပြီး၊ ကျွန်တော်ကို ကမ်းပေးနေတယ်။ သူ့ ဆီမှာ ဘယ်လိုလုပ်ပြီး လိမ္မော်သီး တလုံး ပိုနေရတာလဲ ကျွန်တော် နားမလည်ပါ။ ဝီလီကို ကြည့်လိုက်၊ လိမ္မော်သီးကို ကြည့်လိုက်နဲ့ ကျွန်တော် ဇေဝဇဝါ ဖြစ်နေမိတယ်။

ဝီလီက လက်ကို ရှေ့တိုးပြီး ထပ်ကမ်းပေး ပြန်တယ်။ အခွံ နွှာထားတဲ့ လိမ္မော်သီးကို သေချာကြည့်တော့မှ အရာရာကို ကျွန်တော် သဘောပေါက် တော့တယ်။ ကျွန်တော် မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံလို့ လာပြန်တယ်။ ဝီလီ ကမ်းပေးလာတဲ့ လိမ္မော်သီးကို လက်နှစ်ဖက်နဲ့ ကျွန်တော် ယူလိုက်ပါတယ်။

လိမ္မော်သီး အမွှာ တခုဆီ တိုင်းဟာ၊ ကလေးဆယ်ယောက်က သူတို့ ဝေစုရတဲ့ ဒီခရစ်စမတ် လိမ္မော်သီးကနေ တမွှာဆီ စုပြီး၊ ကျွန်တော့် ကိုလည်း လိမ္မော်သီးတလုံး ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒနဲ့ လိမ္မော်သီးတလုံး ဖြစ်အောင် ပေါင်းလိုက်တာပဲ ဖြစ်တယ်။ ကျွန်တော့်ဘဝမှာ အဲဒီ လိမ္မော်သီးဟာ အချိုဆုံး၊ အကောင်းဆုံး ခရစ်စမတ် လက်ဆောင် ဖြစ်ခဲ့တယ်။ သူတို့ရဲ့ စာနာတတ်တဲ့ မေတ္တာကို ကျွန်တော် နွေးထွေးစွာ ခံစားလိုက်ရတယ်။

စာနာတတ်တဲ့ သူငယ်ချင်း မိတ်ဆွေ ဆိုတာ ဘဝမှာ အဖိုးတန်တဲ့ အပေါင်းအဖော်တွေပါ။ တဦးတယောက် မတော်တဆ ပြောလိုက်မိတဲ့ စကားလေးတခွန်းနဲ့ အပြုအမှု အတွက် စိတ်ထိခိုက်နေ ပါသလား။ သင့်လက်ထဲက လိမ္မော်ချိုလေး တမွှာကို ဝေမျှလိုက်ပါ။ သင့်နှလုံးသားက ဖြေဆေးတခု ပြန်ပေးပါလိမ့်မယ်။ မုန်းခက် (ပြေသိန်းထံမှ ကိုးကားသည်)

Post a Comment

0 Comments