အဖွားအိုရဲ့ ဟင်းတခွက်

တခါတုန်းက တိုင်းပြည် တပြည်မှာ အလွန်ဆင်းရဲတဲ့ အဖွားအို တယောက် ရှိတယ်။ အဖွားအိုမှာ ပိုင်ဆိုင်တာ ဆိုလို့ လဲပြိုကာနီး တဲ တလုံးရယ်၊ ညစ်ပတ်ပြီး အရောင် မထွက်တော့တဲ့ ချုပ်ရာတွေနဲ့ အဝတ်အစား တစုံရယ်၊ ကြက်မလေး တကောင်ရယ်၊ ဒါတွေပဲ သူပိုင်ဆိုင်တယ်။

အဖွားအိုရဲ့ ကြက်မလေးက အဖွားအို အတွက် နေ့တိုင်း ကြက်ဥတလုံး ဥ ပေးတယ်။ အဲဒီ ကြက်ဥလေးနဲ့ပဲ အဖွားအိုက နေ့တိုင်း သူ့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းခဲ့ပြီး အသက်ရှင်နေ ခဲ့ရတယ်။ အဖွားအို နေထိုင်တဲ့ တိုင်းပြည်ကို အလွန် အစားကျူးတဲ့ ဘုရင်တပါးက အုပ်ချုပ်နေတယ်။

တနေ့မှာတော့ ဘုရင်က တိုင်းပြည်ထဲမှာ ထူးဆန်းတဲ့ အမိန့်တခုကို မောင်းထုပြီး ကြေညာခဲ့တယ်။ အဲဒါအမိန့်က ဘာလဲဆိုတော့ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူ ပြည်သားတွေ အားလုံး ဘုရင်စားပွဲ တည်ဖို့အတွက် အသားဟင်း တခွက် လာပို့ရမယ် လို့ ကြေညာ မောင်းခတ်ခဲ့တယ်။

တကယ်လို့များ အသားဟင်း မပို့နိုင်တဲ့ အိမ်ဆို တိုင်းပြည်မှာ နေခွင့်မပေးဘဲ မောင်းထုတ်မယ် လို့ ကြေညာ အမိန့်ထုတ် ပြန်ခဲ့တယ်။

ဒီသတင်းကို ကြားတဲ့ တိုင်းသူပြည်သားတွေက တိုင်းပြည်ကနေ မောင်းထုတ် ခံရမှာ ကြောက်တာကြောင့် ရှိစုမဲ့စု ထဲက အသားဟင်းတခွက် ပို့ဖို့ ပြင်ဆင်ကြတယ်။ အဲဒီအထဲမှာ ကြက်မလေး တကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလည်း အပါအဝင်ပေါ့။

အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့စရာ မရှိဘူး ဖြစ်နေတယ်။ သူ့မှာ အသားဟင်းတခွက် ပို့ဖို့ ငွေကြေးကလည်း လုံးဝမရှိ ဆိုတော့ အရမ်းကို ခက်ခဲနေ ခဲ့တယ်။

အသားဟင်း မပို့နိုင်လို့ မင်းပြစ်မင်းဒဏ် ခံရမယ်ဆို ပိုပြီး ကြီးလေးတာကြောင့် အဖွားအိုက နောက်ဆုံးမှာ ဆုံးဖြတ်ချက် တခုကို ခက်ခဲ ပင်ပန်းစွာနဲ့ ချလိုက်ရတယ်။ အဲဒါကတော့ သူ့ကိုနေ့တိုင်း ကြက်ဥ တလုံး တလုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်း တခွက် ပို့ဖို့ သူဆုံးဖြတ် လိုက်တယ်။

ဘုရင်ကတော့ စားတော်ပွဲမှာ တအိမ် တယောက်နှုန်း အသားဟင်း ခွက်ပေါင်း မြောက်များစွာနဲ့ ပွဲတော် တည်နေခဲ့တယ်။ အသားဟင်း ခွက်တွေက သိပ်များပြား လွန်းတာကြောင့် ဟင်းခွက်တိုင်းကို မစားဖြစ် ခဲ့ပါဘူး။

မစားဖြစ်တဲ့ ဟင်းခွက်တွေထဲမှာ အဖွားအိုရဲ့ ကြက်သားဟင်းလေးလည်း အပါအဝင်ပေါ့။ ဘုရင်က တချက်လွတ်အမိန့် ချမှတ်ခဲ့တဲ့ အတွက် သူ့မှာတော့ ဘာမှ ထိခိုက်နစ်နာမှု မရှိပေမယ့် ဒီအမိန့်ကြောင့် တဘက်လူမှာ ဘဝပျက်ခဲ့ ရတယ်။

သင်ခန်းစာ အနေနဲ့ ဘုရင်ကြီး ဟင်းတခွက်စာ ဆိုပေမယ့် အဖွားအို တယောက် အနေနဲ့ ဘဝပျက်ခဲ့ ရပါတယ်။ တချို့ကိစ္စလေးတွေက ကိုယ့်အတွက် အရေးမပါ ပေမယ့် တဖက်သား အတွက်တော့ ဘဝကြီး တခု ဖြစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အတွက်နဲ့ တပါးသူ မထိခိုက်မိစေဖို့ လိုအပ်ပါတယ်။ Crd

Post a Comment

0 Comments