လောဘကြီးသော ကြက်ဖပျိုလေး

တနေ့မှာ လယ်သမားကြီးဟာ ကြက်ဖလေး တကောင်ကို ဈေးထဲက ဝယ်လာခဲ့တယ်။ အဲဒီနောက် ကြက်ဖလေးကို သူ့ရဲ့ကြက်ခြံထဲမှာ လွှတ်ပေးလိုက်တယ်။ ကြက်ဖလေး ခြံထဲကို ဝင်ဝင်ချင်း မှာပဲ ကြက်မတွေ အလယ်ကောင်မှာ အခန့်သား နေနေထဲ ကြက်ဖအိုကြီး တကောင်ကို တွေ့လိုက်တယ်။

ကြက်ဖအိုကြီးက "ဟေ့ကောင်လေး ကြိုဆိုပါတယ်" လို့ နှုတ်ဆက်လိုက်တယ်။ ဒါပေမယ့်လည်း အိုမင်းနေပြီ ဖြစ်တဲ့ ကြက်ဖကြီးကို ကြက်ဖလေးက အဖက်မတန် သလို နေလိုက်တယ်။ ခြံထဲမှာ ရှိတဲ့ ကြက်မတွေကို သူလိုက်ပြီး အကဲခတ်နေ တုန်းမှာပဲ ကြက်ဖကြီးက ဒီလိုပြောတယ်။

"ကောင်လေး ဒီခြံထဲမှာ ကြက်မ (၂၅) ကောင် တိတိ ရှိတယ်။ ငါက အိုလာတော့ သူတို့ ဥဥ နှုန်း ကျလာတယ်။ ဒါကြောင့် မင်းကို လယ်သမားကြီးက အသစ် ဝယ်လိုက်တာပဲ။ ငါ့ကို ငဲ့ညှာတဲ့ အနေနဲ့ ကြက်မ (၂၄) ကောင်ကို မင်းယူပြီး ငါ့အတွက် ကြက်မလေး တကောင် လောက်တော့ ချန်ထားပေးပါကွာ။ ဒီတခုတော့ တောင်းဆိုပါရစေ"

အဲဒီလို ကြက်ဖကြီး ပြောတဲ့အခါ ကြက်ဖ ပျိုလေးက မျက်ခုံး တဖက်ကို ပင့်လိုက်တယ်။ တဟင်းဟင်းနဲ့ ရယ်မော ပြန်တယ်။ ပြီးတော့ ဒီလို ပြန်ပြော လိုက်တယ်။ "ခင်ဗျား အသက်ကြီးပြီ နားလိုက်တော့။ ဒီကြက်မတွေ အကုန် ကျုပ်ပိုင်တယ်။ ခင်ဗျား တကောင်တောင် မရဘူးမှတ်"

အဲဒီလို ကြက်ဖပျိုလေးက ပြောတဲ့အခါ ကြက်ဖကြီးက ဒီလို ပြန်ပြောတယ်။ "အေးပေါ့လေ မင်းက တက်လူ၊ အဲလေ တက်ကြက်၊ ငါက ကျကြက် ကိုကွ။ ဒါပေမယ့် ဒီအတိုင်း ဆုံးဖြတ်မယ့် အစား၊ မင်းနဲ့ငါ ကြက်ခြံ တပါတ် အပြေးပြိုင်ပြီး နိုင်တဲ့သူက ကြက်မတွေ အကုန်ယူကြေး သတ်မှတ်လိုက်ရင် မကောင်းဘူးလား။ အေး မင်း ဇရှိရင်တော့ ငါ့ကို တပေ၊ နှစ်ပေ လောက် အကျောပေး ပေါ့ကွာ။ ငါက ကြက်အိုကြီးကိုး"

အဲဒီလို ကြက်ဖကြီးရဲ့ စိန်ခေါ်စကားကို ကြားတဲ့ အခါ ကြက်ဖပျို လေးက "တပေ နှစ်ပေတင် မကဘူး အဘိုးကြီး ခင်ဗျားကို သုံးပေ တိတိ အကျောပေးတယ်" လို့ ပြောပြီး စိန်ခေါ်တာကို လက်ခံလိုက်တယ်။

အဲဒီလိုနဲ့ ကြက်အိုကြီးနဲ့ ကြက်ဖပျို ကြက်ဖနှစ်ကောင်ဟာ အပြေးပြိုင်ဖို့ နေရာယူ ကြတယ်။ ကြက်ဖကြီးက သုံးပေလောက် အကွာ ရှေ့မှာ နေရာယူတယ်။ ကြက်ဖလေး ကတော့ နောက်မှာ နေရာယူပြီး စပြေးကြတယ်။

သူတို့ရဲ့ အပြေးပြိုင်ပွဲကို ခြံမှာရှိတဲ့ ကြက်မတွေ ကလည်း "ကတော် ကတော်" သံတွေ ဆူညံနေအောင် အားပေးကြတယ်။ ကြက်ဖကြီးကို အားပေးကြတဲ့ ကြက်မတွေထက် သန်မာ ဖျတ်လတ်တဲ့ ကြက်ဖပျိုလေးကို အားပေးတဲ့ ကြက်မတွေ ပိုများနေပြန်တယ်။

ကြက်ဖကြီးက ရှေ့က ဦးဆောင် ပြေးတယ်။ ကြက်ဖလေးက နောက်က လိုက်တယ်။ ကြက်ဖကြီးက ခေါင်းကို ရှေ့ကို အစွမ်းကုန် ဆန့်ပြီး ပြေးတယ်။ ကြက်ဖလေး ကလည်း အားကျမခံ ခေါင်းကို ဆန့်ထုတ်ပြီး ကြက်ဖကြီး နောက်က အမှီလိုက်လာတယ်။ ကြက်ဖကြီးက ကတော်သံ အကျယ်ကြီးနဲ့ ပြေးတယ်။ ကြက်ဖပျို ကလည်း မာန်ဖီပြီး လိုက်တယ်။

အဲဒီလို ကြက်ဖကြီးက အော်ပြီးပြေး၊ ကြက်ဖပျိုက မာန်ဖီပြီး လိုက်နေတုန်း မှာတင် လယ်သမားကြီးရဲ့ လောက်စာလုံးဟာ ကြက်ဖပျိုရဲ့ ခေါင်းတည့်တည့်ကို ထိပြီး ကြက်ဖလေးဟာ နေရာမှာတင် ဘဝပြောင်း သွားရှာတယ်။ အဲဒီလို လေးခွစာ မိပြီး သေသွားတဲ့ ကြက်ဖလေးကို လာပြီး ကောက်ယူရင် လယ်သမားကြီးက ဒီလို ပြောလိုက်တယ်။

"တောက်၊ အထီး အချင်းချင်း လိုက်နေတဲ့ ဒီလိုမျိုး အခြောက်ကြက်တွေ ဝယ်မိတာ ဒီတကောင်နဲ့ဆို (၆) ကောင် ရှိပြီ။ ဒီနေ့ ညနေလည်း ကြက်သားဟင်းပဲ စားရတော့မှာပဲ" Crd

Post a Comment

0 Comments