အဖိုးကြီးအို ကဗျာလေးရဲ့ အဓိပ္ပါယ်

"အဖိုးကြီးအို ခါးကုန်းကုန်း" ဆိုသည်မှာ တို့တတွေဟာ ဘဝတိုင်း ဘဝတိုင်း အဖိုးကြီး အမေကြီး ဘဝနဲ့ အသက်အရွယ် ကြီးကြီးနဲ့ သေရတဲ့ ဘဝတွေ များခဲ့လှပါပြီ။ လူဖြစ်တော့လည်း လူအဖိုးကြီး လူအဘွားကြီး၊ ငှက်ဖြစ်တော့လည်း ငှက်အဖိုးကြီး ငှက်အဖွားကြီး၊ နွားဖြစ်တော့ လည်း နွားအဖိုးကြီး နွားအဖွားကြီး၊ ကြက်ဖြစ်တော့လည်း ကြက်အဖိုးကြီး ကြက်အဖွားကြီး၊ သူဌေးကြီး ဖြစ်တော့လည်း သူဌေးအဖိုးကြီး သူဌေးအဖွားကြီး၊ ဘုရင်ဖြစ်တော့လည်း ဘုရင်အဖိုးကြီး ဘုရင်အဖွားကြီး။ ဘဝ များစွာမှာ အရိယာ ဘဝက လွဲ၍ မဖြစ်ဖူးတဲ့ ဘဝဆိုတာ မရှိပါဘူး။

သူဌေးကြီး ဘုရင်ကြီး တွေလည်း ဖြစ်ခဲ့ဖူးတယ်။ တိရိစ္ဆာန်မျိုးစုံ ဘဝလည်း ဖြစ်ဖူးခဲ့ပြီ။ နတ်တွေ ဗြဟ္မာတွေလည်း ဖြစ်ခဲ့ဖူးပြီ။ ၃၁ ဘုံမှာ မဖြစ်ဖူးတာ မရှိသလောက်ပဲ။ ဘဝတိုင်း ဘဝတိုင်း အသက်ကြီးပြီး သေသေ ခဲ့ရတာ ချည်းပဲ။ တချို့ဆိုရင် အသက်တောင် မကြီးလိုက်ရ သေနေကြရတာပဲ။

ဒါပေမဲ့ "မသေပါနဲ့အုံး ရှေးနှစ်ခါ တန်ဆောင်မုန်း" ဆိုတာက တချို့က နောက်နှစ်ခါ တန်ဆောင်မုန်းလို့ ဆိုကြတယ်။ အမှန်က ရှေး နှစ်ခါ တန်ဆောင်မုန်းပါ။ ရှေး နှစ်ခါ ဆိုတာက လာမဲ့နှစ်လို့ ထင်တတ်ကြတယ်။ မဟုတ်ပါဘူး သာသနာတော် ၂၅၆၅ နှစ် ရှိခဲ့ပြီ။

ဘုရားရှင် ထားခဲ့တော်မူသော သာသနာတော်နှစ် ၅၀၀၀ ကို တခေတ်လျှင် အနှစ် ၅၀၀ စီဖြင့် ခေတ် (၅) ခေတ် ပိုင်းခြားကာ ၅ ခေတ် ပြည့်လျှင် တဖန် ပြန်ကျော့သည်။ (၁) ဝိမုတ္တိယုဂခေတ် (အနှစ် ၅၀၀) ဘုရားပွင့်တော်မူပြီး နှစ်ပေါင်း ၅၀၀ အတွင်းသည် ဝိမုတ္တိယုဂခေတ် ဖြစ်ရာ ထိုခေတ်အတွင်း ဈာန်မဂ်ဖိုလ် ရရှိသူများ အလွန်ပေါများသည်။ (၂) သမာဓိယုဂခေတ် (အနှစ်၅၀၀) ထိုခေတ်ကာလအတွင်း သမာဓိ တည်ရုံမျှသာ ဖြစ်ပေသည်။

(၃) သီလယုဂခေတ် (အနှစ်၅၀၀) ထိုခေတ်ကာလသည် သီလကိုသာဦးစားပေးသော ခေတ်ဖြစ်သည်။ (၄) သုတယုဂခေတ် (အနှစ်၅၀၀) ထိုခေတ် ကာလအတွင်း စာပေဗဟုသုတကို ဦးစားပေးသော ခေတ်မျှသာ ဖြစ်သည်။ (၅) ဒါနယုဂခေတ် (အနှစ်၅၀၀) ထိုခေတ်ကာလသည် ဒါနပြုမှုကိုသာ အားသန်ကြသော ခေတ်ဖြစ်သည်။ ထို ၅ ခေတ်မှ လွန်သော် ဝိမုတ္တိယုဂခေတ်သို့ ပြန်လည် ရောက်ရှိလာသည်။

သို့ဖြစ်ရာ သာသနာတော်နှစ် ၂၅၀၀၊ ကောဇာ သက္ကရာဇ် ၁၃၁၈ ခုနှစ် ပြည့်ပြီးသည်မှ စ၍ ဝိမုတ္တိယုဂခေတ်သို့ ပြန်လည်ဆိုက်ရောက်လာသည်။ ထို့ကြောင့် ကောဇာသက္ကရာဇ် ၁၃၁၉ မှ ၁၈၁၉ခု နှစ် အတွင်းသည် ဝိမုတ္တိယုဂခေတ် ဖြစ်ပြီး၊ ထိုခေတ်မှ လွဲ၍ ကျန်ခေတ်များတွင် မဂ်ဖိုလ်တရားထူးများ ရရန် မလွယ်ကူတော့ပါ။ ဒါကို သိထားရပါမယ်။

"ပွဲကြည့်ပါအုံး" ဆိုတာက ဝိမုတ္တိယုဂ ခေတ် အနတ္တသာသနာ တပတ် ပြန်လည်လာတော့ ပွဲ ကြည့်ကြရ အုံးမယ်။ ဘာပွဲ ကြည့်ရလဲ ဆိုတော့ ခန္ဓာက ပြတဲ့ပွဲကို ကြည့်ချင်လည်း ကြည့် မကြည့်ချင်လည်း ကြည့်ကြရမယ့်ပွဲ။ ရုပ်ပွဲ နာမ်ပွဲ ဝေဒနာပွဲ ပရမတ်ပွဲ ဓာတ်ပွဲ အာယတနပွဲ သစ္စာပွဲတွေကို ကြည့်ကြရမယ်။

တခြား သွားကြည့်ရမှာ မဟုတ်ဘူး။ မိမိ ခန္ဓာက ပြတဲ့ပွဲကို ကြည့်ရမှာပဲ။ ပွဲလေးပွဲ ကြည့်ကြပါ။ ကာယသတိပဋ္ဌာန်ပွဲ၊ ဝေဒနာသတိပဋ္ဌာန်ပွဲ၊ စိတ္တသတိပဋ္ဌာန်ပွဲ၊ ဓမ္မသတိပဋ္ဌာန်ပွဲကို သတိ သမာဓိ ပညာ မျက်လုံး နဲ့ ကြည့်ရမယ်။ ဒါမှ အမှန်ကို အမှန်အတိုင်း မြင်လိုက်မယ်။

တို့တတွေ အားလုံး ယခုဝိမုတ္တိယုဂခေတ် အတွင်း လူဖြစ်လာရသည်မှာပင် ထူးကဲသော ဒုလ္လဘတရားပင် ဖြစ်တယ်။ ဒါ့အပြင် ဘဒ္ဒကမ္ဘာတွင် လူဖြစ်ရခြင်း၊ မြတ်စွာဘုရား၏ သာသနာတော်နှင့် ကြုံတွေ့ရခြင်း၊ ဗုဒ္ဓဘာသာဝင် မိဘများ၏ သားသမီးများ ဖြစ်ရခြင်းမှာ အင်မတန် ကြီးမားသော ဘုန်းကံကြောင့် မြတ်စွာဘုရား ပွင့်ထွန်းတော်မူရခြင်း၏ အကြောင်းရင်း တခုမှာသံသရာ ဝဋ်ဆင်းရဲ အပေါင်းမှကင်း လွတ်ရာအမှန် မြတ်နိဗ္ဗာန်သို့ ရစေခြင်းငှာ ပွင့်တော်မူခဲ့သဖြင့် နိဗ္ဗာန်ရောက်ရာ ရကြောင်းအကျင့်တရား များကို ကျင့်ကြံအားထုတ်ရပါမည်။

ဘုရားရှင်သည် ပိဋကတ်သုံးပုံဟု ဆိုအပ်သော ဓမ္မက္ခန္ဓာပေါင်း ၈၄,၀၀၀ ကို ဟောကြားခဲ့သော်လည်း အဓိက ရည်ရွယ်ချက်မှာ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တရားကို ကျင့်ကြံ အားထုတ်ရန်သာ ဖြစ်ပါသည်။

ထိုနိဗ္ဗာန် ရောက်ကြောင်း အကျင့်တရားများသည် လူ့ဘုံဘဝက သာလျှင် ကျင့်ကြံအားထုတ်ပြီး ရရှိနိုင်ပါသည်။ သို့ကြောင့်သာမြတ်စွာဘုရားရှင်တိုင်းသည် လူ့ပြည်က သာလျှင် ပွင့်တော်မူခြင်း ဖြစ်ပေသည်။

လူ့ဘုံမှ နိဗ္ဗာန်ကို ရရန် ကျင့်ကြံသည့် နည်း ၃ နည်း ရှိရာ၊ ယင်းတို့မှာ ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်း ဟူ၍ ဖြစ်သည်။ ကံလမ်းသည် ဒါန၊ သီလဆောက် တည်၍ ကျင့်ကြံ အားထုတ်သည့်လမ်း ဖြစ်သည်။ သမထ ကျင့်ကြံအားထုတ်သည့် လမ်းကို ဈာန်လမ်းဟု ခေါ်ကြပြီး၊ ဝိပဿနာ ပွား၍ ကျင့်ကြံအားထုတ်သည့် လမ်းကို ဉာဏ်လမ်းဟု ခေါ်ပါသည်။ ဉာဏ်လမ်းသည်သာ လျှင် အမြန်ဆုံးနှင့် အကောင်းဆုံး ဖြစ်ပေသည်။

သစ္စာတရားကို ပြသတတ်သော ဆရာသမားကောင်းနှင့် တွေ့၍ ကိလေသာကြား မခိုပဲ ကျင့်ကြံ အားထုတ်ပါက နေ့ချင်းပေါက်ပင် ရနိုင်ပါသည်။ ကိလေသာကြား ခို၍ မရနိုင်ပါက ၇ ရက်၊ ၇ လ၊ ၇ နှစ် အတွင်း ရနိုင်သည်။ သို့မဟုတ်ပါက ယခုဘဝသေခါနီး အချိန်တွင် ဝိပဿနာတရား နှလုံးသွင်းပြီး သေဆုံးမည် ဆိုပါက နောက်ဘဝ နတ်ဘုံ မရောက်ခင် (ပထမအဆင့်) သောတာပတ္တိမဂ်ဖိုလ်ကို ရနိုင်သည်။

ကံလမ်းနှင့် ဈာန်လမ်းသည် နိဗ္ဗာန်ကို တိုက်ရိုက် မရောက်နိုင်။ နိဗ္ဗာန်ရောက် အထောက်အပံ့ ကောင်းသာ ဖြစ်စေပြီး၊ ဝိပဿနာဘက် ပြောင်း၍ ကျင့်ကြံအား ထုတ်မှသာ နိဗ္ဗာန်ကို ရနိုင်ပါသည်။

ယခုကာလ ဝိမုတ္တိယုဂခေတ်အတွင်း သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ မှန်ကန်သော အကျင့်ပဋိပတ်ဖြင့် လျင်မြန်စွာ ကျင့်ကြံ အားထုတ် ရောက်ရှိနိုင်ကြ ပါစေကုန်သတည်း။

Crd

Post a Comment

0 Comments