အဖွားပေးသော သင်ခန်းစာများ

အသူရာနှင့် သိကြားမင်း တို့ကား တာဝတိံသာ၌ လက်ပံ ပွင့်ချိန်တွင် နှစ်တိုင်း စစ်ခင်း ကြသည်ဟု ဆို၏။ ကျည်ခွံတွေ ဘယ်ကို ကျသလဲ ဆိုပြီး မေးရင် အဖွားက အဖြေ မရသဖြင့် ကျွန်ုပ် ကျောချ ခံရ၏။

မနက်တိုင်း တရားများ ရွတ်ဖတ်သော အဖွားနား ကပ်၍ သားနားလည်အောင် ဘာသာ ပြန်ပြပါ ပြောတိုင်း ကျွန်ုပ် အအော် ခံ ရ၏။

ဥပုသ်စောင့်သည်သာ ဆိုသည် အိပ်ယာ ဝင်လျှင် ခြင်ရှာကာ တဖတ်ဖတ် ရိုက်ရင်း အိပ်မပျော် တတ်ပေ။ ထိုအချိန် ပါဏာတိပါတာက ဘာလဲ မေးရင် အဖွားက မျက်စောင်း ထိုးလေ၏။

ကုသိုလ်ရအောင် ဟု ဆိုကာ ကျွန်ုပ်ကို ဆွမ်းလောင်းခိုင်း လေသည်။ သို့သော် အသားဟင်း ချက်တိုင်း ဆွမ်းဟင်းခွက်ထဲ ဟင်းမပါ သည်က များ၏။ ကျွန်ုပ်က ဝင်ထည့်လျှင် ငရှည်ကောင်ဟု အပြော ခံရသေး၏။

သံဃာတော် များအား ကြည်ညိုသည် ဟုသာ ဆိုသည် တရား နာနေရင်း အမြဲ လိုလို အိပ်ငိုက် တတ်သည်။ အိမ်ပြန် လျှင်လည်း တရား မဆုံးသည်က များ၏။ ကျွန်ုပ်မေးလျှင် သိပြီးသားတွေ ဟောနေ၍ဟု ဆို၏။

အဖွားက နှစ်နာရီ တိတိ စိတ်ငြိမ်အောင်ဟု ဆိုကာ တရားထိုင်၏။ ပြီးလျှင် ဟင်းခိုးစားသော ကျွန်ုပ်ကို အမြဲ မိတတ် သေး၏။ နောက်စေ့မှာ မြင်ရလေ သလား မေးလျှင် အရိုက် ခံရ ပြန်၏။

အလှူအတန်း ရက်ရော၏။ အကြွေး ပြန်မရလျှင်ကား တထောင် နှစ်ထောင်သာ ဖြစ်ပါစေ ကူးတို့ခဟု မကျိန်လိုက် ရလျှင် အဖွား မကျေနပ်ပါ။ လှူလိုက်ပေါ့ ဟု ပြောလျှင် ကျွန်ုပ် အအော် ခံရ သေး၏။

ကျွန်ုပ်ကို အကုသိုလ် မလုပ်ရန် အမြဲ တား၏။ သို့သော် ငါးရံ့အရှင် ရပါက ကျွန်ုပ်ကို ခေါင်းထု၍ သတ်ခိုင်း လေသည်။ မသေပါက အသုံးမကျဟု အပြော ခံရသေး၏။

စေတနာ ကောင်းလျှင် ကံကောင်းသည်ဟု အဖွား ပြောပါသည်။ တသက်လုံး စေတနာ ကောင်းခဲ့သည်လည်း ဆို၏။ မုသားမဟုတ်လျှင် ဘယ်တုန်းက ကံကောင်းသလဲ မေးပါက သူ့ တဘဝလုံး တလွဲချည်းသာ ဖြစ်သည်။

ငါ့မြေးက လိမ္မာ၍ အဖွား အသေဖြောင့်ပြီ ဟု ခဏ ခဏ ပြောရှာ၏။ အဖွား ဆုံးခါ နီးသော အခါ မြေးလေး မြေးလေးဟု ပါးစပ်ဖျားက မချ။ ဒါက အဖွား ပြောသည့် အသေဖြောင့်ခြင်းလား ဟု အမေ့ကို မေးမိ သေးသည်။ အခေါက်ခံရရုံမှ လွဲ၍ အခြား မရှိ။

ပေါက်ကရ ပြောရင် မိုးကြိုး ပစ်ခံ ရမည် ပြော၏။ မိုးကြိုးကား ကျွန်ုပ်ကို မပစ်ပေ၊ ကန်ဘောင်ပေါ်မှ ထန်းပင်အိုကြီးအား နှစ်ခါ တိတိ ပစ်လေသည်။ ဖြစ်နိုင်သည် ထိုထန်းပင်ကြီးကား ပေါက်ကရ ပြောလေသလား ကျွန်ုပ် မပြောတတ်တော့။ ငြိမ်းမောင် (NNNT)

Post a Comment

0 Comments