ဘောလုံးပွဲ ပုံပြင်

တခါက မျက်မမြင် အသင်းနဲ့ အရူးအသင်း ဘောလုံး ကန်ကြမယ် ဆိုလို့ ပရိသတ် ကလည်း ကြိတ်ကြိတ်တိုး လာပြီး အားပေး ကြတယ်။ ဘာတွေကို ဘယ်လို ကန်ကြလေမလဲ ပေါ့။

ပြိုင်ပွဲမစခင်မှာ မျက်မမြင် အသင်းရဲ့ နည်းပြက သူ့အသင်း သားတွေကို "မင်းတို့က မျက်မမြင်တွေ ဆိုတော့ အကြားနဲ့ ကန်ကြရမယ်။ မင်းတို့ ကန်သွင်းရမယ့် ဂိုးပေါက်မှာ ငါ ခေါင်းလောင်း ချိတ်ထားပေးမယ်။ အဲဒီနေရာကို ဘောလုံး သယ်လာပြီး သွင်းကွာ။

ဘောလုံးမှာလည်း ချူ တပ်ပေးထား မယ်ကွာ။ ပြီးတော့ မင်းတို့ အချင်းချင်း သိရအောင် မင်းတို့ ဖိနပ်တွေ မှာလည်း ချူ တပ်ပေးထားမယ်ကွာ၊ ရပြီလား" လို့ မှာတယ်။ "ရပြီ ဆရာ၊ ဒါဆိုရင်တော့ အဆင်ပြေပြီ ဆရာ"

မျက်မမြင် အသင်းကို သူ့နည်းပြမှာ နေတာတွေ့တဲ့ အရူးအသင်း နည်းပြကလည်း ကွင်းထဲမှာ ထင်ရာလုပ်နေ ကြတဲ့ သူ့ရဲ့ အသင်းသားတွေကို လှမ်းခေါ် လိုက်တယ်။ အရူးတွေက အားလုံး ကိုယ်လက် အင်္ဂါ ကောင်းကြပြီး ဗလ ကောင်းကောင်းနဲ့ ထောင်ထောင် မောင်းမောင်း တွေချည်းပဲ။ ဒါပေမဲ့ ဦးနှောက် မကောင်းကြဘူး။

သူ့အသင်းသား တွေကို မှာတာက "မှတ်ထားကြကွ၊ ဘောလုံးကို ဂိုးပေါက်ထဲ ကို များများသွင်း။ ဖြစ်နိုင်ရင် မင်တို့ (၁၁) ယောက်လုံး တယောက် တဂိုး သွင်းကြကွာ။ ဒါဆိုရင် ငါတို့ နိုင်ပြီ။ မသွင်းနိုင် ရင်တော့ ငါရိုက်မှာနော်" တဲ့။ အရူးတွေက "ဟာ စိတ်ချ ဆရာ။ တယောက် တဂိုး ရအောင် သွင်းမှာ"

ဒီလိုနဲ့ စကန်ကြတာ ငါးမိနစ်နဲ့ ပွဲက ပြီးသွားတယ်။ ပြီးမှာပေါ့။ အဖြေကလည်း ကြည့်လေ။ (၁၁) ဂိုး ဂိုးမရှိ။ နိုင်သွားတာက မျက်မမြင် အသင်း။ နိုင်သာ သွားရတယ် မျက်မမြင်တွေက ဂိုးသွင်းဖို့ နေနေ သာသာ ဘောလုံးတောင် မထိလိုက် ကြရဘူး။ အရူးတွေကပဲ ကိုယ့်ဂိုးကိုယ် ပြန်သွင်း သွားကြတာ။

ဘာဖြစ်လို့လဲ ဆိုတော့ မျက်မမြင်တွေက စမ်းစမ်း စမ်းစမ်းနဲ့ ချူသံ ကြားရာနောက် ပြေးလိုက်နေကြလို့ ရှုပ်ထွေး နေလေတော့ အရူးတွေက ဟိုဘက်ကို မကန်တော့ဘဲ ဆရာ မှာထားတဲ့ အတိုင်း နီးလည်းနီး ရှင်းလည်း ရှင်းတဲ့ ကိုယ့်ဂိုးမှန်းလည်း ကိုယ်မသိကြ လေတော့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့။ အဓိက က ဂိုးဝင်ဖို့ မဟုတ်လား။

ဒီလိုနဲ့ တယောက်ပြီး တစ်ယောက် ကိုယ့်ဂိုးကိုယ် သွင်းလိုက်ကြတာ (၁၀) ဂိုး ဖြစ်သွားတယ်။ ဂိုးသမား ကလည်း မင်းတို့ အလှည့် ပြီးပြီလား၊ ငါ့အလှည့် လာထား ဆိုပြီး ဘောလုံးလေးကို ဂိုးရှေ့ ချပြီး နောက်ပေါက်လေးနဲ့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့။

တသင်းလုံး ထခုန်ကြတယ်။ ပျော်လိုက်ကြတာ။ သူတို့ တသင်းလုံး ဂိုးသွင်းကြရ လို့လေ။ ဒီလိုနဲ့ပဲ မျက်မမြင် အသင်းက အရူး အသင်းကို တဂိုးမှ မသွင်းရဘဲ (၁၁) ဂိုး ဂိုးမရှိနဲ့ နိုင်သွားတော့တယ်။

လောကမှာ ဘယ်အရာတွေနဲ့ ဘယ်လိုပဲ ပြည့်စုံနေပါစေ အကြောင်းအကျိုး၊ အကောင်းအဆိုး အမှားအမှန်၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြား သိမြင်နိုင်သော အသိဉာဏ်ပညာ မရှိလျှင် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ဂိုးကိုယ် သွင်းမိပြီး ကိုယ်ကျိုး နည်းသွားနိုင်တယ် ဆိုတာပါပဲ။ ခွဲခြား သိမြင်နိုင်သော အသိဉာဏ် ရှိကြပါစေ။

လူထုဦးလှ

Post a Comment

0 Comments