၁၈ နှစ်မှ ၂၆ နှစ် အတွင်း ငွေရှာနည်း ငွေစုနည်း

ငွေစုရတာဟာ ငွေရှာရတာထက် ပိုခက် ပါတယ်။ ငွေစုရတာဟာ ပညာပါပဲ။ မိမိငွေကို သူများလက်ထဲ ဘယ်တော့မှ မထားပါနဲ့။ ချမ်းသာချင်ရင် "စုဗူး" နဲ့ စုပါ။ သောက ရောက်ချင်ရင် "စုမဲ" စုပါ။

စားသမျှ မစင် ဖြစ်တယ် ဆိုတာ မမေ့ပါနဲ့။ လူတန်းစေ့ မနေနိုင်ခင် လူတန်းစေ့ မစားချင်ပါနဲ့။ အဟာရ ဖြစ်အောင် ကျန်းမာအောင်ပဲစားပါ။ ထမင်းနှပ်မှန်အောင် စားရဖို့ ကြိုးစားနေတဲ့ အချိန် အကောင်းဆုံး အလှကုန်တွေ သုံးဖို့ မစဉ်းစားပါနဲ့။

လူတယောက် အသက်ရှင်ဖို့ အရေးကြီးဆုံး လိုအပ်ချက်ထဲမှာ (စား၊ ဝတ်၊ နေ) ရေးပဲ ပါပါတယ်။ မအောင်မြင်ခင် မလှချင် ပါနဲ့အုံး။ အောင်မြင်လာရင် လှလာ ပါလိမ့်မယ်။ (မယုံရင် ယနေ့ အောင်မြင်လာသူ တွေရဲ့ အရင်က ရုပ်ကို ပြန်လေ့လာ ကြည့်ပါ)

အိပ်တယ် ဆိုတာ သေခြင်းတမျိုး ပါပဲ။ အသက် (၆၀) မှာ သေသွားရင် သင်တကယ် အသက်ရှင်တာ အသက် (၄၀) ပဲ ရှိပါတယ်။ သင် အသက်ရှင်တဲ့ အချိန်ရဲ့ (၃) ပုံ (၁) ပုံဟာ အိပ်ယာထဲမှာ ကုန်ဆုံးသွားတယ် ဆိုတာ သတိထားမိပြီလား။ သူများ မနေနိုင်သလို နေနိုင်ချင်ရင် သူများ မစားရသလို စားရချင်ရင် သူများ အိပ်နေတဲ့ အချိန် သင်အိပ်နေ သမျှတော့ သူများနဲ့ တန်းတူပဲ ဖြစ်နေအုံး မှာပါပဲ။

သူများ ဖောက်တဲ့လမ်းကို မလျှောက်ပါနဲ့။ ကိုယ့်လမ်းကို ဖောက်ပြီး ကိုယ်လမ်းကို လျှောက်ပါ။ ဒါဆို ဘယ်တော့မှ ဘေးမရောက်ဘူး ဆိုတာ မှတ်ထားပါ။ ကိုယ်ဖောက်ထားတဲ့ လမ်းကို သူများ လျှောက်တဲ့ခါ ရန်မလုပ်ပါနဲ့၊ အရှက်မခွဲပါနဲ့။ ဒါဟာ ဂုဏ်ယူစရာ ဆိုတာ သိထားပါ။

စိတ်ဓာတ်ကို မြင့်မြင့်မားမား ထားပါ။ စိတ်ထားဆိုတာ "မြင့်မှ မြတ်" တာပါ။ ဘာပဲ လုပ်လုပ် အဆင်ပြေချင်ရင် "စေတနာ" လေး ထားပြီးလုပ်ပါ။ အကျိုးအမြတ်ကို ရှေ့တန်းတင်နေသမျှ သင်ဘယ်တော့မှ မကြီးပွားနိုင်ပါဘူး။ "ထောင်" မြင်ရင် "ရာ" စွန့်ရပါမယ်။

သေးငယ်တဲ့ လိုအင်ဆန္ဒ တွေကြောင့် ကြီးမားတဲ့ ရည်မှန်းချက်တွေကို အပျက်စီး မခံပါနဲ့။ အသေးဖွဲ့ ကိစ္စလေးတွေ အလိုမပြည့်တာကြောင့် စိတ်သောက အရောက်မခံပါနဲ့။ အချိန်ကုန် မခံပါနဲ့။ စွန့်လွှတ်သင့်တာ ရဲရဲကြီး စွန့်လွှတ်တတ်ပါစေ။

အိမ်မပိုင် သေးဘဲ ကားဝယ်မစီး ပါနဲ့။ ကားက ဘာနဲ့ သွားသွား လိုရာခရီး ရောက်ရင် ပြီးတာပါပဲ။ (လူ ဇိမ်မခံနိုင်သေးခင် ဖင်ဇိမ်မခံချင် ပါနဲ့) နေစရာ ရှိရင် စားဖို့ ပူစရာ မလိုပါဘူး။ လူမသေ ငွေမရှားပါ။ ကိုယ်ပိုင်ကား မစီးနိုင်သေးခင် I Phone ဝယ်မကိုင်ချင်ပါနဲ့ (I Phone ၄ လုံးဆို ကားတစီး ဝယ်လို့ရပြီနော်) I phone မကိုင်နိုင်တာ ရှက်စရာ မဟုတ်သလို I Phone က ဘဝတွက် မဖြစ်မနေ လိုအပ်တဲ့အရာ မဟုတ်ဘူးလေ။

"ရတနာ" မစုဆောင်း နိုင်ခင်မှာ Branded တွေကို မကိုင်ချင်ပါနဲ့။ ရတနာ ဆိုတာ "ရှိ တန်ဆာ၊ မရှိ ဝမ်းဆာ" အချိန်မရွေး ငွေ ဖော်ရ လွယ်တယ် ဆိုတာ မမေ့ပါနဲ့။ မိဘကို လက်ဝတ်ရတနာ မဆင်မြန်း နိုင်သေးခင် ကိုယ်တိုင် မဝတ်ဆင်ပါနဲ့။ (သိပ်ကို ရှက်စရာ ကောင်းပါတယ်)

လူအထင်ကြီး ခံရဖို့ အပင်ပန်းခံ မကြိုးစားပါနဲ့။ (ကိုယ့်မရှိရင် ဘယ်သူမှ ဆန်တလုံး လာမပေးပါဘူး) လူတွေ လေးစားအားကျပြီး အတုယူလာတဲ့အထိ ကြိုးစားပြလိုက် စမ်းပါ။ လက်ညှိုးထိုးတာ သူ့အလုပ်၊ လက်မ ထောင်နိုင်အောင် ကြိုးစားရမှာ ကိုယ့်အလုပ်ပါ။ သင့်မှာ အချိန်များကြီး ရှိပါသေးတယ်။ (နောက်ဆုံးအချိန်ထိ ကြိုးစားပိုင်ခွင့် ရှိပါတယ်)

မိတ်ဆွေ အကောင်းဆုံးအချိန် ဆိုတာ "ဒီအချိန်" ပါပဲ။ အခု ချက်ချင်း ပြောင်းလဲလိုက်ပါ။ Crd

Post a Comment

0 Comments