သမီးလေးအတွက် ဖေဖေ့မှာတမ်း

"သမီး ရော့" "ဘာလဲ အမေ" "ညည်း အဖေ ပေးခဲ့တဲ့ စာ။ သူ့သမီးလေး အိမ်ထောင် ပြုဖြစ်မယ် ဆိုရင် မင်္ဂလာ မဆောင်ခင် ညမှာ ဒီစာလေး ပေးခဲ့ဖို့ အမေ့ကို မှာသွားတယ်" "အော် အဖေရှိရင် သိပ်ကောင်းမှာ ပဲနော်" ကျွန်မ စကားကြောင့် နှုတ်ဆိတ်သွားသည့် အမေ့ကို သတိထားလိုက် မိပါသည်။ အဝေး တနေရာကို ငေးကြည့်နေသည့် အမေ။

ကျွန်မလည်း အလိုက်တသိပင် အမေ့နားက ထွက်လာခဲ့ ပါသည်။ မနက်ဖြန် မောင်နဲ့ လက်ထပ်ရတော့မည်။ ကျွန်မ စိတ်ထဲမှာ ကြည်နူးမှု တဝက်၊ ကြောက်စိတ် တဝက်နဲ့ အိပ်မရသောကြောင့် အဖေ့စာကို ဖွင့်ဖတ်လိုက် ပါသည်။

သမီးရေ၊ မနက်ဖြန် ဆိုရင် သမီး ချစ်တဲ့သူကို သမီး လက်ထပ်ရတော့မယ်နော်။ အဖေ့ကို လွမ်းမနေပါနဲ့ သမီး။ မနက်ဖြန်က စပြီး သမီးဘဝကို အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ သမီးမှာ တာဝန် ရှိသွားပြီကွဲ့။ ကိုယ်ချစ်တဲ့ လူတယောက်နဲ့ ဘဝတခု တည်ဆောက်တော့မယ့် သမီးကို အဖေ မှာစရာတွေ ရှိတယ် သမီး။

သမီး စာမေးပွဲ အောင်တဲ့နေ့က အဖေ့ဆီက မုန့်ဖိုးတောင်းတာ သမီး မှတ်မိလား။ အဖေ သမီးကို ၂ သောင်း ပေးခဲ့တယ်လေ။ သမီးကတော့ ထင်မှာပေါ့ အဖေ ပေးတာလို့။ အဲ့ဒါ သမီးအမေက သမီးကို ပေးဖို့ အဖေ့ကို ကြိုပေးထား တာပဲ။ အဲ့ဒီအချိန်တုန်းက အဖေ အလုပ် နားထားရတဲ့ အချိန်လေ။ သမီးအမေက သူစုထားတဲ့ အိမ်သုံးစရိတ် ထဲက သမီးလေး မုန့်ဖိုး တောင်းရင် အဖေ ပေးနိုင်အောင် အဖေ့အိတ်ထဲမှာ ကြိုထည့် ပေးထားတာ ပေါ့ကွယ်။

သမီး အိမ်ထောင်ကျပြီ။ သမီးခင်ပွန်းလည်း တခါတလေ အလုပ် အဆင်မပြေချိန်၊ ငွေကြေး ပြတ်တဲ့ အချိန်တွေ ရှိလိမ့်မယ် သမီး။ သူ စိတ်ရှုတ်နေ လိမ့်မယ်။ သူ့စိတ်ထဲမှာ သူအဆင် မပြေချိန် သူ့ဇနီးက သူ့ကို အထင်သေး တန်ဖိုး မထားမှာ အရမ်းကြောက်တယ်။ အဲ့လို အချိန်မျိုးမှာ "သူ့နောက်မှာ ရပ်ပြီး သူ့ကို အားပေးနေရမယ့် သူက သူ့ဇနီးဖြစ်တဲ့ သမီးပဲ" ကွဲ့။ သမီးခင်ပွန်းကို သမီး သူ့ကို ချစ်တယ် ဆိုတာ ပြနိုင်တဲ့ နည်းက "သူ့ကို လေးစား တန်ဖိုးထားပေးခြင်း" ပဲ။

သမီးတို့ စကားများ ရန်ဖြစ်နိုင်တယ်။ သဘောထားကွဲ ငြင်းခုံ နိုင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သမီး သူ့ကို လေးစားမှု ရှိတယ် ဆိုတာ သူသိစေ ရမယ် သမီး။ အဖေ သမီးအမေကို အော်ခဲ့တဲ့နေ့ကို သမီး မှတ်မိသေးလား။ သမီးအမေ ဘာလုပ်ခဲ့လဲ။ သူ တိတ်တိတ် နေခဲ့တယ်နော်။ သမီးအမေ အဖေ့ကို အော်ခဲ့တဲ့နေ့ ကိုရော မှတ်မိလား။ အဖေ ဘာလုပ်ခဲ့လဲ။

အဖေ နှုတ်ဆိတ်နေခဲ့တယ်လေ။ သမီး၊ တခါတလေ သမီးခင်ပွန်း စိတ်ဆိုး ဒေါသထွက်တဲ့ အခါမှာ သမီး နှုတ်ဆိတ်နေ ရမယ်။ "လူတယောက် ပူလောင်နေချိန် မှာ နောက်တယောက်က အေးနေမှ ရမယ် သမီး" နှစ်ယောက်စလုံးသာ တပြိုင်တည်း အော်နေကြမယ် ဆိုရင် အိမ်ထောင်ရေးမှာ ပြဿနာတွေ ကြီးပြီ ပေါ့ကွယ်။

နောက်တခုက "သမီးခင်ပွန်း ကြိုက်တတ်တဲ့ အရာတွေကို မှတ်ထားရမယ်" သူပြောမှ လုပ်ပေးရတာမျိုး မဟုတ်ဘဲ သမီးက သူ့အတွက် အဆင်သင့် ပြင်ဆင် ပေးထားရမယ် သမီး။ တခါတုန်းက အဖေ့ ငယ်သူငယ်ချင်း အမျိုးသမီး တယောက်နဲ့ အဖေ မုန့်အတူ စားခဲ့ဖူးတယ်။ မတွေ့တာ ကြာတော့ စကားပြောရင်းနဲ့ ပေါ့ကွာ။ အမှန်တော့ အဲ့ဒီအမျိုးသမီးက အဖေ့ ငယ်ချစ်ဦးပေါ့။ ဈေးသွားရင်း ဆိုင်ရှေ့က ဖြတ်လျှောက်သွားတဲ့ သမီးအမေလည်း အဖေတို့ကို မြင်သွားတယ်။ သမီးသာဆို ဘာလုပ်မလဲ။

သမီးအမေက ဆိုင်ထဲ ခဏဝင်လာပြီး အဖေတို့ကို လာနှုတ်ဆက်တယ်။ ပြီးတော့ သူတယောက်တည်း ဈေးဆက်သွားတယ်။ ညနေ အဖေ အိမ်ပြန်ရောက် တော့လည်း သူဘာမှ မပြောဘူး။ ပုံမှန်အတိုင်း ညစာပြင်ပေး၊ ထမင်းအတူ စားကြရင်း စကားစမြည် ပြောကြပေါ့။ မနက်က ကိစ္စကို တခွန်းမှ မဟခဲ့ဘူး သမီး။ အဖေ ထင်ထားတာက မိန်းမတို့ ထုံးစံအတိုင်း သူ အဖေ့ကို ပြဿနာ ရှာတော့မယ် ထင်ခဲ့တာ။

အဲ့ဒီ အချိန်က စပြီး အဖေ ဘယ်သူနဲ့ ဘာလုပ်လုပ် ဘယ်အမျိုးသမီးနဲ့ ဘာပြောပြော သမီးအမေ့ကို အကုန် ပြောပြခဲ့တယ်။ သူစိမ်း အမျိုးသမီးတွေ ကိုလည်း စိတ်နဲ့တောင် မပြစ်မှားခဲ့ဘူး သမီး။ "ကိုယ့်ခင်ပွန်းကို ယုံကြည်မှု စည်းနဲ့ ချည်ထားတတ်ရတယ် သမီး" သမီး ဆယ်ကျော်သက် တုန်းက အချစ်ဝတ္ထုတွေ ဖတ်ခဲ့တယ်နော်။ စိတ်ကူးယဉ် ဆန်ဆန် ရုပ်ရှင်ဇာတ်ကား လေးတွေလည်း သမီး ကြည့်တယ်နော်။ မေ့လိုက်တော့ သမီး။ သမီးရဲ့ အိမ်ထောင်ရေးလမ်းက ဒီဇာတ်လမ်းတွေ ထဲကလို ဖြောင့်ဖြူးနေမယ်လို့ မမျှော်လင့်နဲ့။ "ဘဝ ဆိုတာ စိတ်ကူးယဉ်ဝတ္ထု တစ်ပုဒ် မဟုတ်ဘူး သမီး"

အဖေ နောက်ဆုံး ပြောချင်တာ ကတော့ အဖေတို့ သမီးကို ဘယ်လို ကြီးပြင်းအောင် မွေးခဲ့ရလဲ ဆိုတာ သမီး မှတ်မိလား။ အဖေတို့ လက်ထပ်ပြီးတော့ အဖေလည်း အလုပ်လုပ်တယ်။ သမီးအမေလည်း အလုပ် လုပ်ရတယ်။ သမီးအမေက အချိန်ပိုင်း အလုပ်ပါ ထပ်လုပ်တော့ အိမ်ကို ည ၈ နာရီမှ ပြန်ရောက်တယ်။ ဒါပေမယ့် သမီးအမေက အဖေ့ကို ညစာ ပြင်ဆင်ပေးဖို့ ဘယ်တော့မှ မပျက်ကွက် ခဲ့ဘူး သမီး။ သမီးကြောင့်လည်း သမီးခင်ပွန်းရဲ့ မနက်စာ၊ ညစာတွေ မပျက်ကွက်ပါ စေနဲ့။ "ကိုယ့်တာဝန် ကိုယ်ယူတတ်ရမယ် သမီး" ဖေဖေ့ သမီးလေး ဇနီးကောင်းတယောက် ပီသပါစေကွယ်။ သမီးချစ်တဲ့ ဖေဖေ

အဖေ့စာကို ဖတ်ပြီးချိန် မှာတော့ ကျွန်မရဲ့ လက်ထပ်ပွဲမှာ အဖေ မရှိနိုင်တော့ ပေမယ့် ကျွန်မ ဝမ်းမနည်း တော့ပါဘူး။ ကျွန်မ ဘဝအတွက် အဖေ ရေးပေးခဲ့တဲ့ စာလေးက ကျွန်မဘေးနားမှာ အဖေ အမြဲ နေပေးပြီး သတိပေး ဆုံးမနေ သလိုပါပဲ အဖေရယ်။

"မြရေ ဟိုမှာ ကြည့်လိုက်ပါအုံးကွာ" မင်္ဂလာပွဲ ကြွရောက် အားပေးသူများကို လှိုက်လှိုက် လှဲလှဲ နှုတ်ဆက်နေသည့် မိခင် နှစ်ဦး။ ကျွန်မတို့ အဖေတွေသာ ရှိခဲ့မယ်ဆိုရင်။ "မောင် မြကို လက်ထပ်ခဲ့ ပြီးပြီ။ မြက မောင့်လက်တွဲဖော် ဖြစ်သွားပြီ။ မောင်တို့ ဘဝသစ်ကို အတူတူ လျှောက်လှမ်းဖို့ နှစ်ယောက်စလုံးရဲ့ လက်တွေ ပျော့ပျော့ ပြောင်းပြောင်း ရှိနေရမယ်နော် မြ" ကျွန်မ မောင့်ကို ပြုံးပြလိုက် ပါသည်။ တပြိုင်နက် တည်းမှာပင် ဖေဖေ့စာလေး ကိုလည်း မောင့်လက်ထဲ ထည့်လိုက် ပါတော့သည်။

ဘဝသစ်တခုရဲ့ စာမျက်နှာ - ၁ စဖွင့်သည့်နေ့ "မောင်ရေ ညနေ အလုပ်က ပြန်လာရင် ဒီစာရွက်လေး ပလတ်စတစ် လောင်းခဲ့ပါနော်" Crd အေးမို့ (ဖေဖေ့မှာတမ်း)

Post a Comment

0 Comments