ဝက်သားစားတာ စောခဲ့သူ

ဒီနေ့ မပြောဖြစ်တာ ကြာပြီ ဖြစ်တဲ့ အဖေနဲ့ ဖုန်းရတယ်ဗျ။ "သား ရွာမှာ အလှူ လှူဖို့ ငွေစုပြီးပြီလား" "မစုဖြစ်သေး ပါဘူး အဖေရာ။ သမင်မွေးရင်း ကျားစားရင်း ပါပဲ။ အရင်ဖုန်း ပျောက်သွားလို့ နောက်ထပ် အသစ်ထွက်တဲ့ iPhone လဲလိုက်တယ် အဖေ။ အသစ်ထွက်တဲ့ ဖုန်းက အရမ်းမိုက်တယ် အဖေရ" ပြောမိတော့ "သား၊ ဝက်သားစား မစောနဲ့ နော်" လို့ မှာရှာတယ်။

ကျွန်တော် ငိုင်သွားတယ်။ အဖေဘာများ ပြောပါလိမ့်ပေါ့။ အမြဲတမ်း ဇာတ်လမ်းလေး တွေနဲ့ ဆုံးမတတ်တဲ့ အဖေ့ အကြောင်း ပြန်စဉ်းစားတော့ အခု ဇာတ်လမ်းလေး ပြန်ထွက်လာတယ်ဗျ။ အဖေ ဆုံးမခဲ့တဲ့ ဇာတ်လမ်းလေးကို ကြိုးစားပြီး တင်ပြပေးပါ့မယ်ဗျာ။ ကြားဖူးကြမယ် လို့လဲ ထင်ပါတယ်။

(၁) "ငါ ဒီဆိုင်ကို မဝင်ဖြစ် ခဲ့ရင် ကောင်းသားကွာ" ဆိုတဲ့ အတွေးရယ် ယူကျုံး မရတဲ့ နောင်တ တခုရယ်၊ ကြီးမား မှန်ကန်တဲ့ အသိတရား တခုရယ်နဲ့ ဦးစိန်မောင် ပါးပြင်ပေါ် ရေစီးကြောင်း တခုက ပူကနဲ စီးဆင်းသွား ပါတော့တယ်။

(၂) "သူငယ်ချင်း ဒီနေ့ ဘာဟင်းလဲ ဟေ့။ ငါတော့ ဝက်သား ချက်တယ် လှမြင့် ရ၊ စားပါ ဦး" "ထုံးစံအတိုင်း ကုလားပဲဆံကြော် လေးနဲ့ ဆီဆမ်း ဆားဖြူးပေါ့ စိန်မောင်ရာ မေးစရာ လိုသေးလို့လား ဟ" "တခါတလေလေး ဝက်သားဟင်းလေး ဘာလေး ချက်စားစမ်း ပါဦး သူငယ်ချင်းရာ။ မနေ့က ရွာတောင်ပိုင်းက ဝက်ပေါ်လို့ စားရတာဟ။ စားရခဲ တယ်။ ငါတောင်မှ ငါးပိသာ ဆွဲထားလိုက် သဟေ့" "ဝက်သား စားဖို့ စောပါသေးတယ် စိန်မောင်ရာ"

စိန်မောင် တယောက် သူငယ်ချင်းဖြစ်သူ လှမြင့် အဖြစ်ကို နားမလည်ပဲ ကြောင်စီစီ ကြည့်ပါတော့တယ်။ တကယ်ဆို အခုချိန် ဝက်သား ဘာလို့ မစားသင့် မှာလဲ နားမလည်နိုင်။ သူငယ်ချင်းနှစ်ယောက် ဒိုးတူပေါင်ဘက် လွှဆွဲ စားလာကြတာ ကြာလှပေါ့။ ဒီကောင် လှမြင့်ကိုက ကပ်စီး အတော်နည်းတဲ့ကောင်။ ကိုယ့်ဝမ်း ကိုတောင် မသထာ တဲ့ကောင်။ အခုရာသီ ရွာမှာ အိမ်သစ်ဆောက်တဲ့ သူတွေ ပေါတော့ သစ်ပင်ကနေ သစ်သား ဖြစ်အောင် လွှဆွဲစား ကြတဲ့ စိန်မောင်တို့ နှစ်ယောက် လက်မလည်အောင် အလုပ်ရ ကြတယ်။ ငွေလည်း ရွှင်နေတဲ့ အချိန်ပေါ့။ ဝက်သား ကြိုက်တဲ့ စိန်မောင် အတွက်တော့ နေ့တိုင်း ဝက်သား စားရတဲ့ ရာသီပါပဲ။

ဒီလိုအချိန်မှာ ကပ်စီးကုပ်ပြီး နေ့တိုင်း ကုလားပဲဆံကြော်နဲ့ ထမင်းဆီဆမ်း နေ့တိုင်း ထုပ်လာတဲ့ လှမြင့်ကို နားမလည်တာတော့ အမှန်။ အခု နှစ်ယောက်သား အလုပ်သိမ်းလို့ အိမ်ပြန်ချိန် မှာလည်း ကြည့်၊ လှမြင့်က သစ်ဆွဲလို့ ထွက်လာတဲ့ ပကာသားတွေ ကြိုးနဲ့ စည်းပြီး ရွာထိ ထမ်းပြန်ဦးမယ်။ "လှမြင့် အဲဒီ ပကာတွေက ဘာလုပ်ဦး မလို့လဲ" "အိမ်မှာ ထင်းဆိုက်ဖို့ ပေါ့ဟ စိန်မောင်ရ" "ဟာ အများကြီးကွာ။ မင့်အိမ်မှာ မင့်က လွဲလို့ ခွေးတကောင်တောင် မရှိတဲ့ တကောင်ကြွက် ပဲဟာ" "ငါ ထင်းဆိုက်လို့ ပိုတော့ အိမ်နီးချင်းတွေ ပေးလိုက်တာ ပေါ့ကွာ။ ကုသိုလ်တောင် ရသေး" "ကြိုးစား ကြိုးစား လှမြင့် ရေ။ စိန်မောင် တို့ကတော့ မောမယ့် အလုပ် လေတောင် မချွန်ဘူးဟေ့"

(၃) "မိလှ စုထားတဲ့ ငွေ လေး ရေကြည့်စမ်းဟာ" "မနက်က ကျုပ် ရေကြည့်ထားတာတော့ ခြောက်ရာ အစိတ်တင်း ရှိတယ် တော့" "လွှက လုံးဝကို ဆွဲမရတော့ဘူး ဟ။ မနက်ဖြန် မြို့တက် ဝယ်ရမယ်။ အိမ်အတွက် လိုတဲ့ ဆန်လေးရယ် နို့ညှာကောင်အတွက် အားဆေးလေးရယ် ဝယ်ခဲ့မယ်။ လိုတဲ့ ငွေလေးရာ လောက်တော့ မသန်းရီဆီက တဆယ်တိုးပဲ ယူရတော့မှာ ပေါ့ဟာ"

ကိုစိန်မောင် တယောက် ငယ်ငယ်ကလို တင်းတင်း ရင်းရင်း မရှိတာ့ပဲ ကလေးတွေနဲ့ ဖက်သီ လိုက်နေတဲ့ သူ့မိန်းမ မယ်လှရယ်၊ နို့ပိန်ကို ကပ်တွယ်နေတဲ့ မယ်လှ ရင်ခွင်ထဲက နို့ညှာ ကောင်ရယ် ကြည့်ပြီး သက်ပြင်း လေးလေးကြီး ဆွဲမိပါ တော့တယ်။ "ဟူး၊ ဒီမိုးဦးကျ အိမ်လည်း မိုးရဦးမယ်။ ကလေးသုံးယောက်နဲ့ လူကြီးနှစ်ယောက် စားအိုးကကြီး။ လွှဆွဲတာပဲ လုပ်စားတတ်တဲ့ စိန်မောင်အဖို့ ရာသီချိန်ပြီးရင် ဝင်ငွေက မရှိပြန်။

တော်ပါသေးရဲ့လေ အကြီးကောင်ကြီးက လွှကူဆွဲပေးနိုင် လာလို့ပဲ ကူဖော်လောင်ဘက် လေးရလာလို့ တော်သေးတာပ။ ဘာလိုလို နဲ့ အကြီးကောင်ကြီးတောင် ရှင်ပြုပေးရတော့ မှာပါလား။ ဝက်သား ကျွေးလေးနဲ့ လှူလိုက်ရရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ပြောရင်း ဆိုရင်း ဝက်သား မစားရတာ ကြာပါပေါ့လား ဟာ" လို့ ဦးစိန်မောင်တယောက် တယောက်တည်း ညီးတွားသလို ရေရွတ်နေရင်းက မစားရတာ ကြာပြီ ဖြစ်တဲ့ ဝက်သားဟင်းလေးကို မြင်ယောင်ရင်း လည်ချောင်းထဲမှာ "ဂလု" ကနဲ တံတွေး မြိုချ လိုက်မိ ပါတော့တယ်။

(၄) "လှမြင့် ကုန်မာဆိုင်" တဲ့။ ဆိုင်ကြီးက ကြီးမား ကျယ်ဝန်းသလောက် ပစ္စည်းအမျိုးစား တွေကလည်း စုံလင်တာကို ကိုစိန်မောင်တယောက် တဆိုင်လုံး ပတ်ကြည့်ရင်း သွားရည် ကျမိတယ်။ ဘေးမှာလည်း သုံးထပ်တိုက်ကြီးနဲ့ ချမ်းသာလိုက်ကြတာ။ သစ်ဆွဲလွှတွေ ထားတဲ့ နေရာ အရောက် ကြည့်နေရင်းက အင်း လိုချင်တာက ဂျပန် ဘဲငန်း တံဆိပ်၊ ဈေးက ရှစ်ရာကျော် ဘယ်လိုမှ မကပ်နိုင်၊ ဒါနဲ့ တရုတ်ဖြစ် လွှတချောင်းကိုပဲ မျက်စိမှိတ်ယူပြီး ကောင်တာ ငွေရှင်းဖို့ အသွား ကောင်တာမှာ ထိုင်နေတဲ့ သန့်ပြန့်နေတဲ့ လူတယောက်က "ဟာ သူငယ်ချင်း စိန်မောင် ဘာလာ လုပ်တာလဲ" "ကျုပ် ကျုပ် လွှ လာဝယ်တာပါ" "ဟေ့ကောင် ဘာတွေ ကြောင်နေတာလဲ စကားတွေတောင် ထစ်လို့ကွာ။ငါ မင်းနဲ့ လွှအတူ ဆွဲခဲ့တဲ့ လှမြင့် လေကွာ"

ကိုစိန်မောင်တယောက် ဆွံ့အ မှင်သက်နေရင်း သန့်ပြန့်နေတဲ့ သူဌေးလှမြင့်ကို ကြည့်ရင်းက ဟောင်းနွမ်း ညစ်ပေပြီး အဘိုးအိုရုပ် ပေါက်နေတဲ့ ကိုယ့်အဖြစ်ကို သိမ်ငယ်စွာ ငုံ့ကြည့်မိ နေပါတော့တယ်။ "ကဲ အံ့ဩနေလည်း ပြီးမှ အံ့ဩတော့ ကွာ။ လာ ဆိုင်ဘေးက ငါ့အိမ် သွားရအောင်။ အိမ်မှာ မင်းကြိုက်တဲ့ ဝက်သား ချက်တယ်ကွ" လှမြင့်က သူအိမ်ခေါ်သွားပြီး ကိုစိန်မောင်ကို ထမင်း ကျွေးပါတော့တယ်။ ကိုစိန်မောင် တယောက် ဆယ်စုနှစ်လောက် မစားရတာ ကြာပြီဖြစ်တဲ့ ဝက်သားဟင်းနဲ့ ထမင်းကို ခေါင်းမဖေါ်နိုင်အောင် စားနေပါတယ်။ ကိုလှမြင့်ကတော့ ပီတိ အပြုံးတွေနဲ့ ကြည့်လို့ပေါ့။

စားလို့ သောက်လို့ အပြီးမှာတော့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြရင်း "ကဲ စိန်မောင် အခု လာဝယ်တဲ့ လွှကို မဝယ်တော့နဲ့။ ဒီထက်ကောင်းတဲ့ လွှ ငါလက်ဆောင် ပေးလိုက်မယ် ဟုတ်ပြီလား။ အိမ်က ကလေးတွေ ဖို့လည်း ဝက်သားဟင်းတွေ မုန့်တွေ ထည့်ပေး လိုက်မယ်" "ဘုရား မတာပဲ ကျေးဇူးပါ လှမြင့်ရာ။ အခု လာဝယ်တာ ငွေတိုး ယူခဲ့ရတာဟ။ ဒါနဲ့ လှမြင့် ငါတို့ မတွေ့ဖြစ်တဲ့ ၁၅ နှစ် အတွင်း မင်း ဘယ်လိုဖြစ်ပြီး ဒီလောက် ချမ်းသာ သွားတာလဲ။ သိန်းထီ ပေါက်လို့လား၊ ချမ်းသာတဲ့ မိန်းမ ရလို့လား၊ ရွှေထုပ်ကြီး ကောက်ရ လို့လား"

ကိုလှမြင့်ရဲ့ ပြန်ဖြေတဲ့ အဖြေကို သိရချိန်မှာတော့ ကိုစိန်မောင် တယောက် နောင်တ ကြီးစွာ ခေါင်းငိုက်စိုက် ကျသွားခဲ့ ပါတော့တယ်။ "မင်း ပြောတာ တခုမှ မဟုတ်ဘူး စိန်မောင်။ ငါပြောခဲ့ ဖူးတယ် မဟုတ်လား သူငယ်ချင်း ဝက်သား စားဖို့ စောသေးတယ် ဆိုတာလေ။ မင်းက ဝက်သားဟင်း နေ့တိုင်း စားနေတဲ့ အချိန်က ငါ ကုလားပဲကြော် တဆုပ်နဲ့ ထမင်း စားခဲ့တယ်။ ငါ ငွေကို ချွေတာပြီး စုဆောင်း ခဲ့တယ်။ ငါ အခု နေ့တိုင်း တသက်လုံး ဝက်သားဟင်း ချည်းပဲ စားဦးမလား စားလို့ရပြီလေ သူငယ်ချင်း။ မင်း ဝက်သားစားတာ စောခဲ့တာကိုးဟ စိန်မောင် ရ" Crd

Post a Comment

0 Comments