မှန်တိုင်းလည်း မပြောနဲ့

တနေ့သ၌ ရွာသူကြီး သားအဖ နှစ်ယောက်သည် တဖက်ရွာမှ အိမ်အပြန် တောထဲ တနေရာ၌ ဆင်ကြီးကို ဂဠုန် ချီသွားသည်ကို တွေ့လိုက် လေ၏။ ထိုအခြင်းအရာကို သားဖြစ်သူက "အဖေ ဆင်ကြီးကို ချီသွားတာ ဘာငှက်ကြီးလဲ" ဟု မေးရာ အဖေဖြစ်သူက "ဂဠုန်ငှက်လို့ ခေါ်တယ် ငါ့သားရ´" ဟု ပြန်ပြောလေသည်။

သားဖြစ်သူက "အဖေ ဂဠုန်ဆိုတာ တကယ် ရှိလို့လား" ဟု ဆက်မေးရာ "တကယ်ရှိလို့ အခု ဆင်ကြီးကို ချီသွားတာ ငါ့သား တွေ့လိုက်တာပေါ့" ဟု ပြောပြီး အိမ်ပြန်ခဲ့ ကြလေသည်။ ရွာအနီးသို့ ရောက်လျှင် "ငါ့သား ဆင်ကြီးကို ဂဠုန် ချီသွားတယ် ဆိုတာ ဘယ်သူ့ကိုမှ လိုက်မပြောနဲ့" ဟု ကတိ တောင်းလေရာ သားဖြစ်သူ ကလည်း "ဟုတ်ကဲ့ အဖေ" ဟု ပြောလိုက် လေသည်။

နောက်တနေ့တွင် သားဖြစ်သူသည် လူငယ်ပီပီ ထူးထူးဆန်းဆန်း တွေ့လျှင် မပြောရ မနေနိုင်သည် ဖြစ်ရာ သူ၏ သူငယ်ချင်းကို ထိုအကြောင်းကို ပြောပြလေသည်။ ထိုသူမှာ မယုံသည် ဖြစ်၍ ငြင်းခုန်ရင်း အလောင်းအစား လုပ်ကြလေသည်။

သူကြီးသားက "မယုံရင် ငါ့အဖေကို သွားမေးမယ်။ ငါ့အဖေက လူကြီး ဆိုတော့ ညာမှာ မဟုတ်ဘူး။ တကယ်လို့ မဟုတ်ဘူး ဆိုရင် နွားတကောင်ကြေး" ဟု ဆိုလျက် သူကြီးထံသို့ သွားကြလေသည်။

သူကြီးထံသို့ ရောက်လျှင် သူကြီးသား၏ သူငယ်ချင်း ဖြစ်သူမှာ အကြောင်းစုံ ပြောပြလျက် မဖြစ်နိုင်ကြောင်း ပြောလေရာ သူကြီးကလည်း "ဂဠုန်ဆိုတာ ဘယ်မှာ ရှိမှာလဲ။ ငါ့သား ရူးလို့ ပြောတာ နေမှာပါ" ဟု ပြန်ပြောလိုက်သည် ဖြစ်ရာ သူကြီးသားမှာ နွားတကောင် ရှုံးသွားလေသည်။

ထိုအခြင်းအရာကို သားဖြစ်သူက မကျေမနပ်နှင့် "အဖေဗျာ မမိုက်ဘူးဗျာ ဆင်ကြီးကို ဂဠုန် ချီသွားတာ အဖေရော ကျနော်ရော မြင်လိုက်တာပဲ။ ဘာလို့ မဟုတ်ဘူးလို့ ပြောလိုက်ရတာလဲ" ဟု ဆိုလေသည်။

အဖေဖြစ်သူက "ငါ့သား လူတွေက မှန်တာ ပြောရင် မယုံတာ များတယ်၊ မမှန်တာ ပြောရင်တော့ ယုံတတ် ကြတယ်။ ငါ့သား အခု လူတွေကို ငါ့အဖေ သမင် တကောင်ကို မြားနဲ့ပစ်လိုက်တာ မြားတစင်း ထဲနဲ့ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် သုံးခုလုံးကို ဖောက်ပြီး မှန်သွားတယ်လို့ လိုက်ပြောချေ" ဟု စေခိုင်းလေသည်။

သူကြီးသားလည်း သူ၏ သူငယ်ချင်းတွေကို ထိုအခြင်းအရာကို ပြောပြသည် ဖြစ်ရာ "ဘယ်လို ဖြစ်နိုင်မှာလဲ။ ယုတ္တိမရှိတာ" ဘာညာနှင့် ငြင်းခုန်ကြ ပြန်လေသည်။ ထိုအခါ သူကြီးသားက နွားနှစ်ကောင်ကြေး လောင်းကြပြန်လျက် သူကြီးထံသို့ လာခဲ့ကြပြန်သည်။

"သူကြီး သူကြီး သမင်ကို မြားတစင်းနဲ့ ပစ်လိုက်တာ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် သုံးခုလုံးကို ဖောက်ဝင် သွားတယ်ဆို" ဟု မေးကြလေရာ "ဟုတ်တယ်လေ" ဟု သူကြီးဖြစ်သူက ပြန်ပြောလျှင် "သူကြီး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု ပြောကြလေသည်။

ထိုအခါ သူကြီးက "ကိုင်း ငါ သမင်ကို သွားပစ်တော့ သမင်က ရေသောက်နေတယ်၊ ရေသောက်နေရင်း နားရွက်ယားလို့ ဆိုပြီးတော့ ရှေ့ခြေနဲ့ ကုတ်လိုက်ရာ မြားတစင်းနဲ့ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် ဖောက်ဝင်သွားတာပေါ့" ဟု ပြောလိုက်လေရာ သူကြီးသား သူငယ်ချင်း တသိုက်လည်း "ဟုတ်ပေသည်" ဟု လက်ခံကြ လေသည်။

သူကြီးသားလည်း နွားနှစ်ကောင် နိုင်လိုက်လေသည်။ ထိုကြောင့် ပြောစမှတ် တခု တွင်သွားသည်။ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် တချက်တည်း မှန်အောင် ပစ်တတ်ဖို့ လိုတယ်တဲ့ ဗျာ။ crd

Post a Comment

0 Comments