သတိထားပြီးကြည့်ပေးသင့်တဲ့ ခွေးလေးတွေရဲ့အမူအရာ (၇) ချက်

တချို့ခွေးလေးတွေရဲ့ လူသားတွေရဲ့ စိတ်ခံစားချက်ကို ဖတ်တတ်ကြပေမယ့် ခွေးလေးတွေရဲ့ခံစားမှုကိုတော့ လူတွေက သိပ်ပြီး သတိမထားမိတတ်ကြပါဘူး။

ခွေးလေးတွေရဲ့ ခံစားချက်ကို ဖတ်နိုင်ဖို့ သူတို့ရဲ့ အမြီး၊ နားရွက်၊ သွား၊ မျက်လုံးတို့ကို ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ပိုပြီး အာရုံစိုက်ကြည့်သင့်တဲ့ ခွေးလေးတွေရဲ့အမူအရာ (၇) ချက် ရှိပါသေးတယ်။

၁။ နားရွက် လိပ်နေပြီး အမြီးက ကုပ်နေခြင်း

ဒီလိုအနေအထားနဲ့တွေ့ရတယ်ဆိုရင် ခွေးလေးက လက်ရှိအခြေအနေမှာ အဆင်မပြေတာကြောင့် ထွက်ပြေးချင်နေတာပါ။ အဲဒီလိုအချိန်မှာ ခွေးတွေက ပြန်ကိုက်တတ်ပါတယ်။ အဲဒါကြောင့် ကလေးတွေကိုလည်း ခွေးတွေနား မထားသင့်သေးပါဘူး။

၂။ အမြီးက ခြေထောက်နှစ်ချောင်းကြားမှာ ဝင်နေခြင်း

ခွေးလေးတွေမှာ ကြောက်စိတ်ဖြစ်ပေါ်နေတဲ့အခါ အမြီးက ခြေထောက်နှစ်ချောင်းကြားကို ဝင်နေတတ်ပါတယ်။ သူတို့မသိတဲ့ပတ်ဝန်းကျင်၊ သူတို့မသိတဲ့လူတွေကြားထဲကို ရောက်တဲ့အခါ ကြောက်လန့်တတ်တာမျိုးပါ။ အမိန့်ကို နာခံတတ်တဲ့ ခွေးလေးတွေကလည်း အမြီးကို ခြေထောက်နှစ်ချောင်းကြားထဲ ထည့်ထားတတ်ပါတယ်။

၃။ မာန်ဖီခြင်း

မာန်ဖီတာက တစ်ခါတရံမှာ သင့်ဆီကနေ အာရုံစိုက်ခံရတာကို လိုချင်လို့ပါ။ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရင်၊ ခဏခဏလာစရင်လည်း မာန်ဖီပါတယ်။

၄။ ပက်လက်လှန်အိပ်ခြင်း

ခွေးတွေက ပက်လက်လှန်အိပ်တာဟာ သင့်နဲ့နေရတာ အဆင်ပြေတယ်၊ သက်တောင့်သက်သာ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ နောက်တစ်မျိုးအဓိပ္ပါယ်က သူတို့ပက်လက်လှန်ပြီး အိပ်နေရင် လာထိတာ မကြိုက်ဘူးဆိုတဲ့သဘောပါ။

၅။ နှုတ်ခမ်းကို လျှာနဲ့ သပ်ခြင်း

ပန်းကန်ထဲမှာ စားစရာကုန်သွားတဲ့အချိန် နှုတ်ခမ်းကို လျှာနဲ့သပ်ပြရင် မဝသေးဘူး၊ ထပ်ထည့်ဦးလို့ ဆိုလိုတာပါ။ စားစရာမရှိဘဲ နှုတ်ခမ်းကို လျှာနဲ့သပ်နေရင် စိတ်ဖိစီးမှုများတာ၊ ကြောက်နေတာကို ပြတာပါ။ တစ်ခါတရံ နှုတ်ခမ်းကို လျှာနဲ့သပ်နေရင်း အမြီးကုပ်နေတတ်ပါတယ်။

၆။ ခွေးလေးတွေ စိတ်မပျော်ရွှင်တဲ့အခါ ပြတတ်တဲ့အမူအရာများ

ခွေးလေးတွေလည်း လူသားတွေလို စိတ်မပျော်ရွှင်တဲ့ အခိုက်အတန့်တွေ ရှိပါတယ်။

- ခွေးလေးတွေက တစ်နေရာထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပါတယ်။ အဲဒါကို သူအပြင်ထွက်လမ်းလျှောက်ချင်နေတာလို့ လူသားတွေက ထင်တတ်ကြပါတယ်။

- လေးလံထိုင်းမှိုင်းပြီး အိပ်တဲ့ပုံစံတွေ ပြောင်းတဲ့အခါ စိတ်မပျော်ရွှင်တာ ဖြစ်နိုင်သလို နေမကောင်းလို့လည်း ဖြစ်နိုင်ပါတယ်။

- ခွေးတွေမှာ ဝမ်းနည်းစရာတွေရှိတဲ့အခါ အစားကို နည်းနည်းပဲ စားတော့သလို လုံးဝမစားတော့တာလည်း ဖြစ်တတ်ပါတယ်။

- အိမ်က ပစ္စည်းတွေ လိုက်ဖွနေရင်၊ သင်အမိန့်ပေးတာကို ငြင်းနေရင်လည်း သတိထားကြည့်သင့်ပါတယ်။

- ခွေးလေးတွေက သူတို့ရဲ့ခြေတွေ၊ လက်တွေကို လျှာနဲ့ လျက်တတ်တဲ့အကျင့် မရှိပါဘူး။ သူတို့ခြေတွေလက်တွေမှာ တစ်ခုခု ဒဏ်ရာရတဲ့အခါ လျှာနဲ့ လျက်တတ်ပါတယ်။

၇။ အမြီး

အမြီးကနေ ခွေးလေးတွေရဲ့ ခံစားချက်ကို သိနိုင်ပါတယ်။ အမြီးက ညာဘက်ကို ပိုယမ်းနေရင် ပျော်ရွှင်နေတာဖြစ်ပြီး ဘယ်ဘက်ကို ပိုယမ်းနေရင် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ်တွေ များနေတာပါ။

Zombie (lovemedia)

Post a Comment

0 Comments