အကောင်းဆုံးဖြစ်အောင် လုပ်ပါ

တခါတုန်းက ဝက်ကလေးသုံးကောင် ရှိသတဲ့။ သူတို့သုံးကောင်ဟာ အချိန်တန် အရွယ်ရောက် ဝက်လားမြောက် လာတော့ ရေကြည်ရာ မြက်နုရာ တိုးတတ် ကြီးပွားအောင် ရှာကြံဖို့ အိမ်ကနေ ထွက်ကြမယ်ပေါ့။

အဲဒီလို ထွက်ခါနီးမှာ မိခင်ဖြစ်သူ ဝက်မကြီးက သားသုံးယောက်ကို ခရီးမထွက်ခင် "သားတို့ရေ မင်းတို့တွေ ဘာပဲလုပ်လုပ်၊ မင်းတို့ အကောင်းဆုံး ဖြစ်အောင် လုပ်ကြပါ။ ဘာကြောင့်လဲ ဆိုရင် မင်းတို့ ကောင်းအောင် လုပ်ရင် လောကကြီး ကလည်း မင်းတို့ကို ကောင်းကျိုး ပြန်ပေးတတ်လို့ ပဲကွ" ဆိုပြီး မှာလိုက်ပါသတဲ့။

အဲဒီလိုနဲ့ ဝက်ကလေး သုံးကောင် ထွက်လာခဲ့တာ သူ့နေရာသူ ကိုယ်စီ နေကြရင်း ပထမဆုံး ဝက်ကလေး ကတော့ သူနေထိုင်ဖို့နေရာကို ကောက်ရိုးတွေနှင့် ပြုလုပ်ထား သတဲ့။ ဒုတိယ ဝက်ကလေး ကတော့ သူနေဖို့ကို သစ်ချောင်း လေးတွေနဲ့ ပြုလုပ်ထားပြန်သတဲ့။ အဲ နောက်ဆုံး တတိယ ဝက်ကလေး ကတော့ အုတ်တွေနှင့် သူ့နေရာကို အခိုင်အမာ လုပ်ထားတာပေါ့။

အဲဒီလို အသီးသီး နေကြတာ တနေ့မှာတော့ တောထဲက ဝံပုလွေ တကောင်ဟာ အစာရှာ ထွက်လာရာမှာ ဝက်ကလေးတွေ နေတဲ့ နေရာ ရောက်တော့ ပထမ ဝက်ကလေး နေတဲ့ ကောက်ရိုးတဲကို တွေ့ပါလေရော။ အဲဒီမှာ ဝက်ငယ်လေး တကောင်တည်းနေတာ သိတော့ စားဖို့ အကြံနဲ့ "ငါ့ကို အထဲကို ဝင်ခွင့်ပေးပါ။ မပေးရင် မင်းရဲ့ တဲကို ဖြိုပြီး ငါဝင်လာမယ်" လို့ ခြိမ်းခြောက်ပြီး ပြောတယ်။

အဲဒီမှာ ဝက်ကလေးက အပြင်က ဝံပုလွေကို ကြည့်ပြီး "ငါနှင့် အသွေးအ မွှေး မတူ၊ မင်းလိုလူ ဝင်ခွင့်မပြု" လို့ ပြန်ပြောလိုက်တော့ ဝံပုလွေက စိတ်ဆိုးပြီး ကောက်ရိုးအိမ်ကို ဖြိုဖျက်လိုက်တယ်။ ပြီးတော့ ဝက်ကလေးကို စားပစ် လိုက်တယ်။

နောက်တရက်မှာလည်း အဲဒီ ဝံပုလွေဟာ ဒုတိယ ဝက်ကလေးတွေ နေတဲ့နေရာ ရောက်လာ ပြန်တယ်။ အဲဒီမှာ ဝက်ငယ်လေးတကောင်တည်း နေတာ သိတော့ စားဖို့ အကြံနဲ့ "ငါ့ကို အထဲကို ဝင်ခွင့်ပေးပါ။ မပေးရင် မင်းရဲ့ တဲကို ဖြိုပြီး ငါဝင်လာမယ်" လို့ခြိမ်းခြောက်ပြီး ပြောပြန်တယ်။

အဲဒီမှာ ဝက်ကလေးက ဝံပုလွေကို ကြည့်ပြီး "ငါနှင့် အသွေးအမွှေး မတူ၊ မင်းလိုလူ ဝင်ခွင့်မပြုလို့" ပြန်ပြောလိုက်တာပေါ့။ အဲဒီမှာ ဝံပုလွေက အရင်လိုပဲ သစ်ချောင်းအိမ်ကို ဖြိုဖြတ်ပစ် လိုက်တယ်။ နောက်တော့ ဝက်ကလေးကို စားပစ်လိုက်တယ်။

နောက်တရက်မှာလည်း တတိယ ဝက်ကလေးရဲ့ အိမ်ကို လာပြန်တယ်။ အရင်လို ပြောပြီး ဖြိုဖို့ လုပ်တော့တာပေါ့။ ဒါပေမယ့် တတိယဝက်ကလေးက အခိုင်အခံ့ ဆောက်ထားတော့ ဝံပုလွေဟာ ဖြိုလို့ မရနိုင်ခဲ့ဘူး။ နောက်ဆုံး ဝံပုလွေကြီး အကြံထပ်ထုတ်တယ်။ အိမ်ကို ဖြိုမရတော့ ဘေးမှာရှိတဲ့ နေရာကို ရှာကြံပြီး အိမ်ခေါင်မိုးပေါ် တတ်ဖို့ ကြံစည်တာပေါ့။

အဲဒီလိုနဲ့ အိမ်ခေါင်ပေါ် ရောက်အောင် တွယ်တက်လာပြီး အထဲဝင်ဖို့ အပေါက်ရှာရာမှာ မီးခိုးခေါင်းတိုင်တွေ့တာနဲ့ အဲဒီထဲကနေ အောက်ကို ဆင်းလိုက်တယ်။ ဝံပုလွေ အဲဒီလို လုပ်နေတာတွေကို အထဲက ဝက်ကလေးက ဂရုတစိုက် စောင့်ကြည့်နေတော့ သိနေတာပေါ့။

အဲဒီတော့ မီးခိုးခေါင်းတိုင်ထဲ ဝင်တာနဲ့ မီးဖိုထဲ မီးဇာထဲပြီး မီးရှို့ပစ်လိုက်တာ ဝံပုလွေလည်း အကင် ဖြစ်သွားတော့တာပေါ့။ နောက်တနေ့မှာ အဲဒီ ဝက်ငယ်လေးဟာ မိခင်ကို အိမ်အလည် ခေါ်ပြီး ဝံပုလွေ အကြောင်း ပြောတာပေါ့။ အဲဒီမှာ မိခင် ဝက်မကြီးက

"ကဲ အမေ ပြောလိုက်တယ် မဟုတ်လား သားရေ။ လောကမှာ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး လုပ်တဲ့သူကို လောကကြီးက ကောင်ကျိုး ပြန်ပြုပါတယ် ဆိုတာ အခုလက်တွေ့ မဟုတ်လား သားရဲ့" လို့ ဆုံးမစကား ပြောသတဲ့။ Crd Lu Bo

Post a Comment

0 Comments