လူပေါင်း ၁၂၂ ယောက်ကို စစ်တမ်းကောက်ကြည့်တဲ့အခါ ၅၄% က အမှောင်ကြောက်ကြတာကို တွေ့ရပါတယ်။ အရွယ်ရောက်ပြီးသူတွေတောင် အမှောင်ကြောက်ကြတာဆိုရင် ကလေးတွေက ပိုပြီး ကြောက်ကြမှာပါ။

ကလေးတွေ ကြီးလာရင်တောင် အမှောင်ကို ကြောက်တဲ့စိတ်က လွှမ်းမိုးနေဆဲပါ။ အဲဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက အမှောင်မကြောက်တတ်အောင် ဘယ်လိုလေ့ကျင့်ပေးနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကလေးပြောပြတဲ့ စကားတွေကို နားထောင်ပေးပါ။

သင့်ကလေးက အမှောင်ကို ကြောက်ပြီးအော်ငိုနေရင် မဆူသင့်ပါဘူး။ ကလေးတွေရဲ့စိတ်ထဲမှာ အမှောင်ထဲမှာဆိုရင် မကောင်းဆိုးဝါးတွေ ရှိတယ်လို့ ယုံကြည်တတ်ကြပါတယ်။ အဲဒါကြောင့် ကလေးပြောပြတဲ့ ကြောက်တဲ့အရာတွေကို နားထောင်ပေးပြီး အမှောင်ကို ကြောက်စရာမလိုကြောင်း၊ မကောင်းဆိုးဝါးဆိုတာကို တကယ် မယုံကြည်သင့်ကြောင်း စိတ်ရှည်လက်ရှည် ရှင်းပြပေးနိုင်ပါတယ်။

၂။ ချီးကျူးပါ။

သင့်ကလေးကို အမှောင်ထဲမှာ နေနိုင်တာ သတ္တိရှိကြောင်း၊ ရဲရင့်ကြောင်း ချီးကျူးတာက ကလေးအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။ နောက်ထပ် ကြောက်စိတ်တွေကို ရင်ဆိုင်ရဲတဲ့စိတ်တွေ ဖြစ်လာစေမှာပါ။

၃။ ညမီးအလင်းအရောင်လေးတွေ ဆင်ပေးပါ။

သင့်ကလေးအတွက် စိတ်ပျော်ရွှင်စေမယ့် မီးရောင်လေးတွေ၊ မီးရုပ်လေးတွေ အများကြီးရှိပါတယ်။ လည်နေတဲ့ မီးရုပ်လေးတွေကို မြင်ရရင် မြန်မြန်လည်း အိပ်ပျော်လွယ်ပြီး ကြောက်စိတ်တွေလည်း ရှိစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖုန်း၊ tablet နဲ့ ကွန်ပျူတာကထွက်တဲ့ အလင်းရောင်တွေက အိပ်စက်မှုစက်ဝန်းကို ထိခိုက်စေပါတယ်။

၄။ အမှောင်ကို ကြောက်စရာအဖြစ် မမြင်အောင် ဖန်တီးပေးပါ။

သင့်ကလေးက အမှောင်အပြင် အရိပ်တွေကိုပါ ကြောက်သူ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အဲဒါကြောင့် အမှောင်နဲ့ အရိပ်ကို မကြောက်အောင် နံရံမှာ မီးထိုးပြီး အရိပ်ငှက်လေးတွေလုပ်တာ၊ အရိပ်အရုပ်လေးတွေနဲ့ ပုံပြင်ပြောပြတာတွေက အမှောင်ကို ကြောက်စိတ်နည်းပါးသွားစေပါတယ်။

၅။ ၁၀ စက္ကန့်နည်းလမ်း

တချို့ကလေးတွေက မီးပိတ်လိုက်တာနဲ့ အမှောင်ကို စပြီးကြောက်သွားပါတယ်။ ဒီနည်းလမ်းကတော့ ကလေးတွေကို အမှောင်နဲ့အသားကျအောင် ကူညီပေးနိုင်ပါတယ်။ မီးဖွင့်ထားတဲ့အချိန်မှာ ကလေးကို ၁၀ စက္ကန့်ကြာအောင် မျက်လုံးပိတ်ခိုင်းထားပါ။ မီးပိတ်လိုက်ပြီးမှ မျက်လုံးကို ပြန်ဖွင့်ခိုင်းပါ။ အဲဒီအခါ အမှောင်ကို အသားကျသွားပြီး ကြောက်တဲ့စိတ်တွေ နည်းသွားစေပါတယ်။

Zombie (lovemedia)