ဒဏ်ရာရနေတဲ့မိကျောင်းကို ကယ်တင်ပြီးနောက် မိကျောင်းနဲ့၂၂ နှစ်ကြာ အတူတူနေခဲ့တဲ့အမျိုးသား

မိကျောင်းတွေက လူကို အန္တရာယ်ပြုနိုင်တာကြောင့် မိကျောင်းနဲ့ ရင်းရင်းနှီးနှီးနေသူက ခပ်ရှားရှားပါပဲ။ ဒီငါးဖမ်းသမားကတော့ သေမင်းခံတွင်းဝ ရောက်နေတဲ့ မိကျောင်းတစ်ကောင်ကို ကယ်တင်ခဲ့ပြီး မိကျောင်းနဲ့အတူ ၂၂ နှစ်တာ မိတ်ဆွေဖွဲ့ခဲ့တာပါ။

Chito ဟာ Costa Rica နိုင်ငံ၊ Limón ခရိုင်၊ Siquirres မှာ နေထိုင်တဲ့သူပါ။ Chito က ငါးဖမ်းသမားတစ်ယောက်လည်း ဖြစ်သလို ခရီးသွားဧည့်လမ်းညွှန် အလုပ်ကိုလည်း လုပ်ပါတယ်။ သဘာဝလောက ပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ မိကျောင်းတစ်ကောင်က Reventazon မြစ်ထဲမှာ သေလုမြောပါး ဖြစ်နေတာကို Chito တွေ့သွားပါတယ်။ မိကျောင်းက သေနတ်နဲ့အပစ်ခံရပြီး ကျည်က ဘယ်ဘက်မျက်လုံးကနေ ခေါင်းထဲကို ဖောက်ဝင်သွားခဲ့တာပါ။

Chito က မိကျောင်းကို အိမ်ကို အမြန်ခေါ်သွားပြီး ကယ်တင်ခဲ့ပါတယ်။ မိကျောင်းကို နေပြန်ကောင်းလာတဲ့အထိ သေသေချာချာ ကုသပြုစုပေးခဲ့ပါတယ်။ မိကျောင်းကိုလည်း Pocho လို့လည်း နာမည်ပေးလိုက်ပါတယ်။

Pocho နေပြန်ကောင်းလာတော့ Chito က သူ့ကို မြစ်ထဲကို သွားလွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် မိကျောင်းက နောက်တစ်ရက်မှာ Chito ရဲ့အိမ်ကို ပြန်ရောက်လာပါတယ်။ သွားလွှတ်တိုင်းလည်း နောက်နေ့မနက်ဆို အိမ်ကို ရောက်ရောက်လာပါတယ်။

" မိကျောင်းက အိမ်ကိုရောက်လာကတည်းက သူ့နာမည်ကို ခေါ်လိုက်ရင် ကျွန်တော့်ဆီလာတယ်။ သူ့ကို သင်ပေးလို့ရမှန်း ကျွန်တော်သိသွားတယ်"လို့ Chito က ပြောပါတယ်။

Pocho လုံးဝနေကောင်းသွားတဲ့အခါ Chito က သူ့ကို အစာကျွေးပါတယ်။ Chito က မိကျောင်းကို နမ်းလည်းနမ်းသလို စကားတွေလည်း ပြောပါတယ်။ တစ်ခါတလေ မိကျောင်းနားမှာလည်း အိပ်လေ့ရှိပါတယ်။ မိကျောင်းနဲ့ Chito တို့ရဲ့သံယောဇဉ်က အရမ်းကို ခိုင်မာနေကြပါပြီ။

Chito က သူ့ရဲ့မိကျောင်းကို အာဏာပိုင်တွေ လာခေါ်သွားမှာ ကြောက်လို့ တောအနီးက လျှို့ဝှက်ရေကန်ထဲမှာ မိကျောင်းကို ထည့်ထားပါတယ်။ နောက်ဆုံးမှာတော့ Chito နဲ့မိကျောင်း ရေကူးမလို့ သွားနေတာကို တစ်စုံတစ်ယောက်က မြင်သွားပါတယ်။

" လူသားတစ်ယောက်က သူ့ကိုချစ်ကြောင်း၊ လူသားတိုင်းက ဆိုးတဲ့သူ မဟုတ်ကြောင်း မိကျောင်းကို သိစေချင်တယ်။ ကျွန်တော်က တိရစ္ဆာန်တွေကို ချစ်တတ်တယ်။ ဝေဒနာခံစားနေရတဲ့ တိရစ္ဆာန်တွေဆိုရင် ပိုချစ်တယ်"လို့ Chito က ပြောပါတယ်။

မိကျောင်းက အိမ်မွေးတိရစ္ဆာန်ခွေးလေး၊ ကြောင်လေးတွေလို ချစ်ဖို့မကောင်းပါဘူး။ လူတွေကို အန္တရာယ် ပြုနိုင်တာကြောင့်လည်း ကြောက်ကြပါတယ်။ ဒါပေမယ့် Chito နဲ့ မိကျောင်း Pocho တို့ကတော့ ၂၂ နှစ်ကြာ အတူတူရင်းရင်းနှီးနှီး နေထိုင်ခဲ့ကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments