နွားထက်ကြီးသောဖား

တခါတုန်းက ရေအိုင် တခုမှာ ဖားတအုပ် နေထိုင်ကြတယ်။ သူတို့နေတဲ့ ရေအိုင်က လူတွေနေတဲ့ နေရာနဲ့လည်း ဝေးတယ်။ အဲဒါကြောင့်လည်း ဖားတသိုက်ဟာ လူ၊ ကျွဲ၊ နွား၊ ခွေး စတဲ့ တိရစ္ဆာန် တွေကိုလည်း မမြင်ဘူးဘဲ ရှိနေခဲ့ ကြတယ်။

တနေ့တော့ မျက်စေ့လည် လမ်းမှားလာတဲ့ နွားတကောင်ဟာ ဖားတွေနေတဲ့ ရေအိုင်မှာ ရေလာသောက်တယ်။ ဖားတွေဟာ နွားကို ကြည့်ရင်း အံ့သြသွား ကြတယ်။ "ဟား အင်မတန် ကြီးမားတဲ့ ဧရာမ သတ္တဝါကြီးပဲ။ ငါတို့တွေက သူ့ခြေရာခွက် ထဲမှာ ရေစိမ် လို့တောင် ရတယ်၊ နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး"

"အေးကွ အရင်က ကိုဖားပြုတ်ကို အကြီးဆုံးလို့ ထင်ထားတာ ခုမှ၊ ဒီသတ္တဝါကြီးက အကြီးဆုံး ဆိုတာ သိတော့တယ်။ သူနဲ့ ယှဉ်ရင် ကိုဖားပြုတ်က အီးပေါလောပဲ"

ဖားကလေးတွေ အဲဒီလို ပြောဆိုနေတုန်း အခိုက်မှာပဲ ဖားပြုတ် ရောက်လာတယ်။ သူက ဒီလိုပြောတယ်။ "ဟေ့ကောင်တွေ မင်းတို့ ပြောတဲ့ အကောင်က ဘာကောင်မို့လဲ။ လောကမှာ ငါ့ထက် ကြီးတဲ့ အကောင်ဆိုတာ မရှိဘူး။ ငါက အကြီးဆုံးပဲ" ဆိုပြီး ဖားပြုတ်က ပြောပြော ဆိုဆိုနဲ့ သူ့ကိုယ်လုံးကို လေတွေနဲ့ ဖောင်းထား လိုက်တယ်။ "တွေ့လား ဟေ့ရောင်တွေ၊ ခု မင်းတို့ တွေ့ရတဲ့ သတ္တဝါကြီးနဲ့ တူတယ်မလား"

ဖားပြုတ်က တကိုယ်လုံးကို လေနဲ့ ဖောင်းထားတာကို ကြည့်ပြီး ကျန်တဲ့ ဖားတွေက "ခင်ဗျား ဖောင်းထားတာက ကျွန်တော်တို့ တွေ့တဲ့ သတ္တဝါကြီးရဲ့ အီးပုံလောက်ပဲ ရှိတယ်" ဆိုပြီး ရယ်မော ကြတယ်။ အဲဒီစကားကို ကြားတဲ့အခါ ဖားပြုတ်က သူ့ကိုယ်လုံးကို ထပ်ပြီး မကြီးကြီးအောင် လေတွေ ထပ်ဖြည့် လိုက်တယ်။

ဖားကလေးတွေ ကလည်း "ဟား ဟား ဟိုသတ္တဝါကြီးရဲ့ ခြေရာခွက်ထဲမှာ ခင်ဗျားလို အကောင် သုံးလေးကောင် လောက် နေလို့ရတယ်" လို့ လှောင်ကြပြန်တယ်။ အဲဒီအခါမှာလည်း ဖားပြုတ်က ပိုပြီး ဖောင်းသည်ထက် ဖောင်အောင် ပြုလုပ် ပြန်တယ်။ ဖားကလေးတွေက ရယ်မောကြ ပြန်တယ်။ ဖားပြုတ်က ဖောင်းရင်း ဖောင်းရင်းနဲ့ နောက်ဆုံး မှာတော့ ရင်ကွဲပြီး သေပွဲဝင် ရသတဲ့။

တခါတလေမှာ ကျွန်တော်တို့ တွေဟာ သူတပါး အထင်ကြီးအောင် ကြိုးစားရင်းနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ Identity ပျောက်ဆုံးလာ ကြပါတယ်။ အဆိုတော် တယောက်ကို အများကြိုက်ကြတဲ့ အခါ ကိုယ်မကြိုက်ရင် လူရာ မဝင်သယောင် ထင်မြင်လာတယ်။

စာအုပ်တအုပ်ကို အများကြိုက်ကြတဲ့ အခါ ကိုယ်မကြိုက်ရင် လူမဖြစ် သယောင် ထင်မြင်လာတယ်။ နာမည်ကြီး ကြက်ကြော်ဆိုင်၊ ဘာဂါဆိုင် ကိုယ့်အကြိုက်နဲ့ သိပ်မကိုက်ညီ လှပေမယ့်လည်း အများကြိုက်နေတာကြောင့် ဇွတ်မှိတ်ပြီး ကြိုက်လိုက် ကြပြန်တယ်။

လူအများရဲ့ trend ကို လိုက်ရင်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာ ကြတယ်။ ကိုယ်မကြိုက်တဲ့ ကော်ဖီတခွက်ကို လူအများအထင်ကြီး စေဖို့ ကြေးကြီး ပေးပြီး သောက်နေသူတွေလည်း ရှိသလို၊ ကိုယ်ဖတ် မကြည့်တဲ့ စာအုပ်တအုပ်နဲ့ ဓါတ်ပုံ တွဲရိုက်ကြသူတွေလည်း ရှိကြပါတယ်။

လူတွေဟာ အထင်ကြီးခံရဖို့ အတွက် မိမိရဲ့ စစ်မှန်တဲ့ true color ကို အရောင်တွေ ခြယ်သ ထားကြသူတွေ ဖြစ်လာကြတယ်။ နွားနဲ့ တူအောင် လိုက်ဖောင်းနေတဲ့ ဖားပြုတ်လို ကိုယ်နဲ့ မတူတဲ့ ဝန်းကျင်တခုရဲ့ အထင်ကြီးခြင်းကို ရဖို့အတွက် အဓိပ္ပါယ် မဲ့စွာ ကြိုးစားနေကြသူတွေပဲ ဖြစ်တယ်။

မတူတာကို တုမိတဲ့ အတွက် ရင်ကွဲတဲ့ ဖားပြုတ်လို ရင်ကွဲ ပက်လက်တွေ ဖြစ်ကြပြန်တယ်။ တပါးသူတွေရဲ့ အကြိုက်ကို လိုက်ရင်း အချိန်ကုန်၊ ငွေကုန်၊ အကျိုးမဲ့တွေ ဖြစ်ကြပြန်တယ်။ တကယ်တော့ ကိုယ့်နှစ်သက်ရာ၊ ကိုယ်အထင်ကြီး လေးစားရာကို ဖော်ပြခြင်း သာလျှင် ကိုယ်ကိုယ်တိုင်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်ခြင်း ဖြစ်သလို ဟန်ဆောင်ခြင်း ကင်းတဲ့ ဖြူစင်ခြင်းလည်း ဖြစ်တယ်။

Don’t be afraid of being different, be afraid of being the same as everyone else. သူများတွေနဲ့ မတူမှာကို မစိုးရိမ်ပါနဲ့။ သူများယောင်တိုင်း လိုက်ယောင်တဲ့သူ ဖြစ်မှာကိုသာ စိုးရိမ်ပါ ဆိုတဲ့ စကားအတိုင်း ကိုယ့်ရဲ့ ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ဖော်ပြတတ်ဖို့ လိုနေမှာပဲ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments