တခါတုန်းက တိုင်းပြည်တခုမှာ ထူးဆန်းတဲ့ ဥပဒေတခုကို ပြဌာန်းထား ခဲ့တယ်။ ဥပဒေအရ ယောက်ျားတိုင်းဟာ ဘုရင်ဖြစ်နိုင်ပြီး တိုင်းပြည်ကို ၅ နှစ် အုပ်ချုပ်ခွင့် ရှိတယ်။ ဘုရင်သက်တမ်း ကုန်ဆုံးရင်တော့ လူတဦး တယောက်မှ မရှိတဲ့ ကျွန်းတကျွန်းကို ပို့ပစ်တယ်။
အဲဒီလိုနဲ့ တိုင်းပြည်မှာ ရှိတဲ့ ယောက်ျားများဟာ ဘုရင်အဖြစ်ကို တယောက်ပြီး တယောက် ရယူခဲ့ ကြတယ်။ ပထမ ဘုရင်တယောက် နန်းတက်ခဲ့တယ်။ သူဟာ ဘုရင် မဖြစ်ခင် ကတည်းက စည်းစိမ် ခံစားဖို့ ရည်ရွယ် ထားခဲ့တာ ဖြစ်လို့ ခမ်းနားတဲ့ ကပွဲ သဘင်တွေ ဆင်ယင်တယ်။
မိန်းမတွေ အများကြီးကို လက်ထပ်တယ်။ ဇိမ်ခံ ပစည်းတွေနဲ့ သူ့စိတ်က တောင်းဆိုတဲ့ အရာ မှန်သမျှကို အတားအဆီး မရှိ လုပ်ခဲ့တယ်။ အဲဒီလို ထင်သလို လုပ်ခဲ့ပြီး အချိန် ၅ နှစ် တာဟာ သူ သတိ မထားမိဘဲ စည်းစိမ် ချမ်းသာတွေကို ခံစားရင်း ကုန်ဆုံးသွား ခဲ့တယ်။
နောက်တနေ့ မနက်မှာတော့ ဘုရင် အိပ်ရာကနေ နိုးလာတုန်း စစ်သည်တွေ ရောက်လာခဲ့တယ်။ "ကျွန်ုပ်တို့ဟာ တိုင်းပြည်ရဲ့ ဥပဒေအရ သင့်ကိုလာရောက် ခေါ်ဆောင်တာ ဖြစ်တယ်။ သင်ဟာ ၅ နှစ်တာ ကာလ ဘုရင် လုပ်ပြီးပြီ ဖြစ်တဲ့အတွက် သင့်ကို ဖမ်းဆီးပြီး တကျွန်း ပို့ရလိမ့်မယ်"
ဘုရင်ဟာ အံ့သြခြင်းတော့ မဖြစ်ခဲ့ဘူး။ သူဒီလိုပဲ အဆုံးသတ်ရမယ် ဆိုတာ အစကတည်းက သူသိထား ခဲ့တယ်။ ဒါကြောင့်လည်း သူဟာ ၅ နှစ် အတွင်း အမြင့်မားဆုံး စည်းစိမ်တွေကို ခံစားခဲ့ပြီးပြီ ဖြစ်တယ်။ ဒါပေမယ့် သားရဲတိရစ္ဆာန် ထူပြောတဲ့ ကျွန်းမှာ နေရမှာကိုတော့ သူကြောက်နေခဲ့တယ်။
ဘုရင်ဟာ ကြောက်ရွံ့ပြီး ငိုကြွေးခဲ့တယ်။ သူငိုနေ ပေမယ့်လည်း ဘယ်သူမှ မရှိတဲ့ သားရဲကျွန်းမှာ တယောက်တည်းပဲ အော်ဟစ်ရင်း နေခဲ့ရ တော့တယ်။ ဒီလိုနဲ့ နောက်ထပ် ဘုရင်တပါး တက်ပြန်တယ်။ သူလည်းပဲ အသုံးအဖြန်း ကြီးစွာနဲ့ပဲ စည်းစိမ်ခံစားရင်း ကုန်လွန်ခဲ့ ပြန်တယ်။ ပထမဘုရင် သွားရာနောက် ကိုပဲ ကောက်ကောက်ပါအောင် လိုက်ခဲ့ရပြန်တယ်။
ဒီလိုနဲ့ ဘုရင်တွေ တယောက်ပြီး တယောက် ပြောင်းလဲလာခဲ့တယ်။ အစပိုင်းမှာ ရယ်ရွှင် မြူးထူးခြင်းနေ့နဲ့ စပြီး ငိုကြွေးခြင်းနဲ့ အဆုံးသတ်ရတဲ့ ခရီးတွေပဲပေါ့။ အဲဒီနောက်မှာတော့ လူငယ်လေး တဦးဟာ ဘုရင်အဖြစ်ကို ရောက်လာခဲ့တယ်။ သူလည်းပဲ ပထမဘုရင်တွေ လိုပဲ တူညီတဲ့ အခွင့်အရေး ရခဲ့တယ်။ စည်းစိမ် ခံစားခွင့်လည်း ရလာခဲ့တယ်။
ဒါပေမယ့် သူဟာ ၅ နှစ် ဆိုတဲ့ အချိန်ကို အဓိပ္ပါယ်ရှိစွာ ကုန်လွန်ဖို့ပဲ တွေးတောခဲ့တယ်။ သူ့ဘဝ အဆုံးသတ် ရမယ့် သားရဲ ထူးထပ်တဲ့ ကျွန်းကို သူရောက်တဲ့အခါ အဆင်ပြေစေဖို့ ကြိုတင် စီစဉ်မှုတွေ ပြုလုပ်ခဲ့တယ်။ ပထမနှစ်မှာ ဘုရင်ဟာ စီမံကိန်း တခု ချမှတ်ခဲ့တယ်။
သူဟာ စစ်သည်ရဲမက်တွေ တိရစ္ဆာန် လေ့ကျင့်ပေးတဲ့ နေရာမှာ ကျွမ်းကျင်သူတွေကို အတူတွဲပြီး သားရဲကျွန်းကို လွှတ်ခဲ့တယ် ။ အဲဒီလိုနဲ့ သားရဲကျွန်းက တိရစ္ဆာန်ရိုင်းတွေ ပပျောက်ပြီး လူတွေအတွက် အကျိုးရှိမယ့် အိမ်မွေး တိရစ္ဆာန်တွေ ဖြစ်လာကြတယ် ။ ဘုရင်ကြီးဟာ စနစ်တကျ စီမံ ကွပ်ကဲခဲ့ တာကြောင့် စီမံကိန်းဟာ စနစ်တကျပဲ အောင်မြင်ခဲ့တယ်။
ဒုတိယနှစ်မှာတော့ လယ်ယာ စိုက်ပျိုးသူ တောင်သူတွေကို သားရဲတွေ မရှိတော့တဲ့ သားရဲကျွန်းကို ပို့ပြန်တယ်။ တောင်သူတွေဟာ ကြီးမားတဲ့ သီးနှံစိုက်ခင်းတွေ၊ လယ်ယာတွေကို စိုက်ပျိုးလုပ်ကိုင် ကြတယ်။ တတိယနှစ်မှာ သူဟာ ကျွန်းရဲ့ အခြေခံ အဆောက်အအုံတွေ ဖြစ်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဓါတ်အားပေး ဌာနတွေ၊ လမ်းတွေ၊ တံတားတွေကို တည်ဆောက်တယ်။
စတုတ္ထနှစ်ကို ရောက်တဲ့ အခါမှာတော့ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ ဆရာဝန် စတဲ့ အတတ်ပညာရှင်တွေ အကုန်လုံးကို ကျွန်းကို ပို့ပြန်တယ်။ နောက်ဆုံးနှစ် မှာတော့ သူဟာ သူ့ရဲ့ အဆွေအမျိုး အပေါင်းအသင်း မိတ်ဆွေတွေကို တကျွန်း ပို့ခဲ့တယ်။ နောက်ဆုံးတော့ သူ့ရဲ့ အလှည့်လည်း ရောက်လာခဲ့တယ်။
၅ နှစ် တာ ကာလ ကုန်ဆုံးပြီ ဖြစ်လို့ ရဲမက်တွေဟာ သူ့ကို တုပ်နှောင်ပြီး တကျွန်းကို ပို့ခဲ့ကြတယ်။ အဲဒီအခါ ဘုရင်ကြီးက ကျေနပ်စွာ ပြုံးပျော်ပြီး လိုက်ပါ သွားခဲ့တယ်။ သူ့အတွက် သာယာတဲ့ နိုင်ငံသစ် တခုက အသင့် စောင့်ကြိုနေလို့ ပါပဲ။
ဒီပုံပြင်လေးက ကျွန်တော်တို့ကို သတိပေးထားတာတွေ ရှိပါတယ်။ ပထမဘုရင်တွေလို ဘဝရဲ့ ပထမပိုင်းမှာ ပေါ့ပေါ့ပါးပါး နေမယ် ဆိုရင် ဘဝ နေဝင်ချိန် ရောက်တဲ့ အခါမှာ ငိုကြွေးရမယ်။ ပညာရှိ ဘုရင်လေးလို စနစ်တကျ ပုံဖော်ပြီး ကောင်းမှုကုသိုလ်တွေ ပြုကြမယ် ဆိုရင် ဘဝနေဝင်ချိန်ဟာ လှပတဲ့အပြင် နောက်ဘဝတွေ မှာလည်း ကောင်းသော ဘုံတိုင်းက ကြိုဆိုနေကြမှာပါ။ Crd
0 Comments