ပုဏ္ဏားကြီးရဲ့ အကြွေစေ့

တခါတုန်းက ပုဏ္ဏားတယောက်ဟာ တိုင်းပြည်တပြည်ကို ရောက်ရှိလာ ပါတယ်။ သူဟာ လမ်းပေါ်မှာ လျှောက်သွား နေတုန်း ပိုက်ဆံ အကြွေစေ့ တစေ့ ကောက်ရပါတယ်။

သူလည်း အဲဒီ အကြွေစေ့ကို ကောက်ယူပြီး လိုအပ်မယ် ထင်တဲ့လူကို ပေးဖို့ လိုက်ရှာ ပါတယ်။ ဒါပေမယ့် တွေ့သမျှ လူတိုင်းက ပျော်ရွှင် ကျေနပ်နေ ကြပြီး လိုအပ်သူ တယောက်မှ မတွေ့ပါဘူး။

အဲဒါနဲ့ပဲ နေရာတခု ရှာပြီး သူ ညအိပ် လိုက်ပါတယ်။ နောက်တနေ့ နံနက် အိပ်ယာက ထတော့ သူတွေ့လိုက်ရ တာက အဲဒီတိုင်းပြည်ရဲ့ ဘုရင်က စစ်ထွက်ဖို့ ပြင်ဆင် နေပါတယ်။

ဘုရင်က ပုဏ္ဏားကို တွေ့တော့ "အို အသင်ပုဏ္ဏား၊ အကျွန်ုပ် တိုင်းပြည် ချဲ့ထွင်ရန် အတွက် စစ်ထွက် တော့မှာ ဖြစ်တယ်။ စစ်ပွဲ အောင်နိုင်ဖို့အတွက် ဆုတောင်းပေးပါ" ဆိုပြီး ပြောပါတယ်။

ပုဏ္ဏားကြီးလည်း ခဏ စဉ်းစားလိုက်ပြီး သူ့လက်ထဲက အကြွေစေ့လေးကို ဘုရင်ကို ပေးလိုက်ပါတယ်။ ဘုရင်က အကြွေစေ့ကို ကြည့်ပြီး "ဒီအကြွေစေ့ ပေးတာက ဘာအဓိပ္ပါယ်လဲ ပုဏ္ဏားကြီး" လို့ ပြန်မေးပါတယ်။

ပုဏ္ဏား ကလည်း ရှင်းပြပါတယ်။ "အရှင်မင်းမြတ်၊ ကျွန်တော်မျိုး ဒီအကြွေစေ့လေးကို မနေ့က လမ်းပေါ်မှာ ကောက်ရ ပါတယ်။ ကျွန်တော့်အတွက်လည်း အသုံး မလိုတဲ့ အတွက် လိုအပ်တဲ့ လူကို ပေးဖို့ လိုက်ရှာပါတယ်။

ဒါပေမယ့် အရှင်မင်းမြတ်ရဲ့ မြို့တော်ထဲက မြို့သူမြို့သားတွေ အကုန်လုံးက ပျော်ရွှင် ကျေနပ်နေ ကြပြီး လိုအပ်ချက် ရှိပုံ မပေါ်ပါဘူး။

ဒါပေမယ့် ဒီနေ့တော့ အရှင်မင်းမြတ်က နိုင်ငံတော်ရဲ့ ဘုရင် ဖြစ်နေပေမယ့် ပိုပြီး လိုချင် တပ်မက် စိတ်တွေ ရှိနေသေးတာကို တွေ့ရတဲ့ အတွက် ဒီအကြွေစေ့ လေးကို လိုအပ်မယ် ထင်လို့ ပေးတာပါ" လို့ ပြောလိုက်ပါတယ်။

ထိုအခါမှာ ဘုရင်ကြီးဟာ သူ့ရဲ့ လောဘစိတ်ကို ပြန်သတိထား မိသွားပြီး စစ်တိုက်ဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက် ပါတော့တယ်။

တခါတလေမှာ လူတိုင်းဟာ မိမိ ပိုင်ဆိုင် ရရှိထားသည် များနဲ့ ကျေနပ် ပျော်ရွှင်အောင် နေတတ်ဖို့ လိုပါတယ်။ လူတိုင်း ကတော့ ပိုမိုကောင်းမွန်တဲ့ ဘဝကို လိုချင် တပ်မက် ကြတာပါပဲ။

ဒါပေမယ့် အဲဒီ လိုချင်တပ်မက် စိတ်ကြောင့် မိမိ ပိုင်ဆိုင်ထားသမျှနှင့် ပျော်ရွှင် ကြည်နူးရမယ့် အချိန်လေးတွေကို ဆုံးရှုံးသွား တတ်ပါတယ်။ အမြဲတမ်း နှိုင်းယှဉ်ပြီး အနိုင်လိုချင် နေမယ့် အစား ပျော်ရွင်ချမ်းမြေ့ပြီး ကျန်းမာတဲ့ ဘဝလေးကို တည်ဆောက် သင့်ပါတယ်။ Crd

Post a Comment

0 Comments