ကြောင်လေးတွေက လူသားတွေနဲ့ အတူတူ နေထိုင်လာခဲ့တာဟာ နှစ်ပေါင်းထောင်ချီ ကြာနေပါပြီ။ ဒါပေမယ့် ကြောင်လေးတွေက လူသား တွေလောက်တော့ အသက်မရှည်ကြပါဘူး။ သူတို့ရဲ့အသက်ကို လူသားတွေရဲ့အသက်နဲ့ နှိုင်းယှဉ်ကြည့်ရင် အသက်ဘယ်လောက်ရှိမလဲ ဆိုတဲ့အကြောင်းကို love media ကနေ ဒီနေ့မှာ ဖော်ပြပေးပါမယ်နော်။
ကျွမ်းကျင်သူတွေက ကြောင်လေးတွေရဲ့အသက်ကို ၆ ဆင့် ခွဲခြားထားပါတယ်။
Kitten
Junior
Adult
Mature
Senior
Super senior ဆိုပြီး အဆင့် ၆ ဆင့် ခွဲခြားထားပါတယ်။ အထက်ပါဇယားအရ ကြောင်လေးတွေရဲ့အသက်က လူသားတွေရဲ့ အသက် ဘယ်လောက်နဲ့ ညီမျှလဲ ဆိုတာကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
Kitten
မွေးကင်းစကနေ အသက် ၆ လအထိကို ကြောင်ပေါက်စအရွယ်အဖြစ် သတ်မှတ်ပါတယ်။ ကြောင်လေးတွေ အသက် ၁ ပတ်ကနေ ၂ ပတ်အတွင်းမှာ စပြီး ကြားနိုင်၊ မြင်နိုင်ပါပြီ။ အနံ့လည်း ခံနိုင်လာပါပြီ။ အသက် ၃ ပတ်လောက်ရောက်ရင် အပြင်လောကကို စူးစမ်းတတ်နေပါပြီ။
သွားလေးတွေလည်း ပေါက်လာပြီး အစားအစာတွေကို ဝါးစားနိုင်ပါတယ်။ ဒီအဆင့်မှာ ကြောင်လေးတွေက ကြီးထွားတာ မြန်ပါတယ်။ ကြောင်လေးရဲ့အသက် ၁ လဝန်းကျင်လောက်မှာ ကာကွယ်ဆေးထိုးပေးဖို့ လိုအပ်ပါတယ်။ ကြောင်လေးရဲ့အသက် ၆ လက လူသားအသက် ၁၀ နှစ်အရွယ်နဲ့ ညီမျှပါတယ်။
Junior
အသက် ၇ လကနေ အသက် ၃ နှစ်အထိကို Junior လို့သတ်မှတ်ကြပါတယ်။ ကြောင်လေးတွေအတွက် ဒီအရွယ်က ဟိုမရောက် ဒီမရောက်အရွယ်ပါပဲ။ အသက် ၁ နှစ်ရောက်ရင် ကြောင်လေးတွေရဲ့ခန္ဓာကိုယ်က အရွယ်ရောက်ပြီးကြောင်လို ကြီးထွားလာပါပြီ။
ကြောင်လေးရဲ့ကျန်းမာရေးကောင်းမွန်လားဆိုတာကို သိဖို့ တိရစ္ဆာန်ဆေးခန်းကို ခေါ်သွားလို့ရပါတယ်။ ဒီအရွယ်မှာ အမွေးနဲ့ သွားကျန်းမာရေးကို ဂရုစိုက်နိုင်ရင် ပိုပြီးကောင်းပါတယ်။ တစ်နှစ်အရွယ်ကြောင်က လူသားအသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်နဲ့ ညီပြီး ၂ နှစ်အရွယ်ကြောင်ကတော့ လူသားအသက် ၂၄ နှစ်လိုပါပဲ။
Adult
အသက် ၃ နှစ်ကနေ ၆ နှစ်အရွယ်က ကြောင်လေးတွေဘဝရဲ့အကောင်းဆုံးအရွယ်လို့ ပြောကြပါတယ်။ ဒီလိုအသက်မှာဆိုရင်တော့ ဆိုးရွားတဲ့ကျန်းမာရေး ပြဿနာတွေ မရှိကြပါဘူး။ ဒါပေမယ့် ဖြစ်လာမယ့် ရောဂါတွေကို ကာကွယ်ဖို့ ကာကွယ်ဆေးကိုတော့ မှန်မှန်ထိုးပေးသင့်ပါတယ်။ အသက် ၅ နှစ်အရွယ်ကြောင်က အသက် ၃၀ ရှိတဲ့ လူသားနဲ့ အသက်အတူတူပါပဲ။
Mature
အသက် ၇ နှစ်ကနေ ၁၀ နှစ်အရွယ်ကြောင်တွေက အရွယ်ရောက်ပြီး ကြောင်တွေပါပဲ။ ဒီအရွယ်မှာ သူတို့အတွက် အစာအာဟာရက အရေးကြီးပါတယ်။ အသက် ၇ နှစ်ကျော်ရင် လှုပ်ရှားမှုတွေ နှေးကွေးလာပြီး အဝလွန်ရောဂါလည်း ရလာတတ်ပါတယ်။
ကျောက်ကပ်နဲ့ နှလုံးပြဿနာရှိလားဆိုတာကို သိနိုင်ဖို့ စစ်ဆေးပေးသင့်ပါတယ်။ ကြောင်လေးရဲ့ခန္ဓာကိုယ်က ပြောင်းလဲမှုတွေကိုလည်း သတိထားကြည့်သင့်ပါတယ်။ အသက် ၉ နှစ်အရွယ်ကြောင်က လူသားအသက်နဲ့ဆိုရင် အသက် ၅၂ နှစ်နဲ့ ညီမျှပါတယ်။
Senior
အသက် ၁၁ နှစ်ကနေ အသက် ၁၄ နှစ်အရွယ်ကြောင်လေးတွေကို Senior ကြောင်လို့ သတ်မှတ်ကြပါတယ်။ ဒီအရွယ်မှာ သူတို့ရဲ့ဦးနှောက် မှတ်ဉာဏ်ကောင်းဖို့ အရုပ်လေးတွေနဲ့ ကစားပေးသင့်ပါတယ်။ အသက်ကြီးလာတဲ့အခါ ကြောင်လေးတွေက စိတ်တိုလွယ်လာပါတယ်။ သူတို့ရဲ့ဦးနှောက်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်လာပြီး ခန္ဓာကိုယ်လည်း နာကျင်လာပါတယ်။
အရိုးအဆစ်တွေမှာလည်း ပြဿနာတွေရှိလာတာကြောင့် နေရထိုင်ရ အဆင်မပြေဖြစ်လာပါတယ်။ အသက်ကြီးလာတာကြောင့် သူတို့ရဲ့ကိုယ်လက်အင်္ဂါတွေက အရင်ကလည်း မဖျတ်လတ်တော့ပါဘူး။ အဲဒါကြောင့် သူတို့အတွက် အစာကျွေးတဲ့ပုံစံကိုလည်း ပြောင်းလဲသင့်ပါတယ်။ အသက် ၁၂ နှစ်အရွယ်ကြောင်က လူသားအသက်နဲ့ ယှဉ်တွက်မယ်ဆိုရင် အသက် ၆၄ နှစ်အရွယ် ရှိပါတယ်။
Super senior
အသက် ၁၅ နှစ်နဲ့အထက်ကြောင်တွေကို Super senior ကြောင်လို့ ခေါ်ကြပါတယ်။ တချို့ကြောင်တွေမှာ အသက်အရမ်းကြီးတဲ့ လက္ခဏာတွေ အရမ်းမပြကြပါဘူး။ တချို့ကြောင်တွေကျတော့လည်း သွားလာလှုပ်ရှားတာ အရမ်းနှေးကွေးလာပါတယ်။
အသက် ၁၅ နှစ်နဲ့အထက်ဆိုရင် သက်ကြီးရွယ်အိုကြောင် ဖြစ်နေပြီမို့ ၆ လတစ်ခါ တိရစ္ဆာန်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကြောင်လေးတွေအတွက် အထူးဖြည့်စွက်စာတွေကိုကျွေးဖို့လည်း ရံဖန်ရံခါမှာ လိုအပ်ပါတယ်။ Super senior ကြောင်တွေမှာ အမြင်အာရုံ၊ အကြားအာရုံ အားနည်းလာပါပြီ။ သူတို့တွေက အသက်ကြီးလာတဲ့အခါ အချိန်အကြာကြီး အိပ်ကြပါတယ်။
အသက်ကြီးတဲ့ကြောင်တွေမှာ သတိတွေလည်း အားနည်းလာတာကြောင့် အပေါ့အလေးစွန့်တဲ့အခါ အဆင်မပြေ ဖြစ်လာပါတယ်။ အသက် ၁၅ နှစ်အရွယ်ကြောင်က လူသားအသက် ၇၆ နှစ်နဲ့ ညီမျှပြီး ကြောင်အသက် ၂၁ နှစ် ဆိုရင် လူအသက် နှစ် ၁၀၀ ပါပဲ။
ကြောင်လေးတွေကို အသက်ရှည်အောင် ဘယ်လိုစောင့်ရှောက်မလဲ။
- ကြောင်တွေကို သင်းကွပ်ပေးပါ။ သင်းကွပ်ထားတဲ့ ကြောင်အများစုက အသက်ရှည်ကြပါတယ်။
- ကြောင်ရဲ့ကျန်းမာရေးကို ဆရာဝန်နဲ့ အနည်းဆုံး တစ်နှစ်ကို တစ်ကြိမ်ခန့် စစ်ဆေးပါ။
- ကြောင်လေးတွေကို ကာကွယ်ဆေး ပုံမှန်ထိုးပေးပါ။
- ကြောင်လေးရဲ့ခန္ဓာကိုယ် ကျန်းမာအောင် ပုံမှန်ကစားပေးပါ။
- ကြောင်လေးရဲ့အသက်အရွယ်ကိုလိုက်ပြီး အာဟာရရှိတဲ့ အစားအစာတွေကို ကျွေးပါ။
- အဝလွန်ရောဂါမဖြစ်အောင် သင့်တင့်လျောက်ပတ်တဲ့ ပမာဏကိုသာ ကျွေးပါ။
- ကြောင်လေးတွေ ညဘက်မှာ အပြင်ထွက်တာက သူတို့အတွက် ပိုပြီးအန္တရာယ်များတာကြောင့် စိတ်ချရတဲ့နေရာမှာသာ ထားပါ။
Zombie (lovemedia)
0 Comments