မာန်တက်နေသော ကြက်တူရွေး

တခါက အိမ်တအိမ်မှာ မွေးထားတဲ့ ကြက်တူရွေး တကောင် ရှိသတဲ့။ အဲဒီ ကြက်တူရွေးလေးက စကားလည်း ပြောတတ်တာမို့ လူတိုင်းက ချစ်ကြတာပေါ့။

အဲဒါကြောင့်လည်း သူက စိတ်ကြီးဝင်ပြီး မာန်တတ် နေတာပေါ့။ လှောင်ချိုင့် ထဲကနေ တခြားအိမ်မွေး တိရစ္ဆာန်တွေ ကိုလည်း ဆရာကြီးလုပ်ပြီး ဝေဖန်နေ တတ်တယ်။

ကိုနွားကြီး ခင်ဗျားဖြင့် တနေ့ တနေ့ စားမြုံ့ ပြန်နေတာပဲ။ ဘာမှလည်း မလုပ်ဘူး။ ကိုကြက်ဖ ခင်ဗျားလည်း မနက်တခါ တွန်ပြီးရင် အစာပဲ ကောက်ရှာစား နေတာပဲ။

ကိုခွေး ခင်ဗျားဖြင့် ခွေချည်း အိပ်နေတာပဲ စသဖြင့် ပေါ့။ သူတို့တွေ ကတော့ ကြက်တူရွေးကို ဘာမှ ပြန်ပြော မနေဘူးပေါ့။

တရက်မှာတော့ သူ့သခင်မလေးက လှောင်ချိုင့်ဖွင့် အစာထည့် ကျွေးမလို့ လုပ်နေစဉ်မှာ အရေးကြီး အလုပ်တခု ပေါ်လို့ သွားလုပ်နေ တာနဲ့ လှောင်ချိုင့် မပိတ်ခဲ့မိဘူး။

ကြက်တူရွေးလည်း အပြင်ထွက်ပြီး ဟိုဟိုဒီဒီ သွားကြည့် တာပေါ့။ အတောင်ပံ တွေကို ညှပ်ထားတာမို့ ပျံလို့တော့ မရဘူးပေါ့။ လယ်ကွင်းတွေနား ရောက်သွားတော့ ကိုနွားကြီးက လယ်ထွန်တဲ့ ဆီမှာ ပင်ပင် ပန်းပန်း လုပ်နေရှာတာ တွေ့တယ်။

ကြက်မကြီးနဲ့ ကြက်ကလေးတွေ အစာရှာတဲ့နား ကြည့်နေတုန်း မြွေတကောင်က ကြက်တွေကို လာဆွဲတယ်။ ကြက်ဖကြီးက လာပြီး ရဲရဲဝင့်ဝင့် ခွပ်လိုက်တော့ မြွေ ထွက်ပြေး သွားတာပေါ့။

အဲဒီမှာ ကြက်တူရွေးလေးက သူတို့လည်း သူတို့အလုပ်နဲ့ သူတို့ပါလား ဆိုပြီး တွေးနေတုန်း ဗြုန်းဆို ကြောင်တကောင်က သူ့ကို လာခုန်အုပ် ပါလေရော။

အဲ့ဒီအချိန်မှာပဲ ကိုခွေးကြီးက အဝေးက ပြေးလာပြီး ကြောင်ကို ကိုက်မယ် လုပ်မှ ကြောင်ထွက်ပြေး သွားလို့ ကြက်တူရွေးလေး အသက် ချမ်းသာရာ ရတာပေါ့။

နောက်တော့ သူ့သခင်မလေး ရောက်လာတာနဲ့ သူ့ကို အိမ်ခေါ်သွား၊ ပြုစုပေး သတဲ့။ အဲဒီအချိန်က စပြီး ကြက်တူရွေးလေးဟာ မာနကြီး မာန်တက်တဲ့ စကားတွေ မပြောတော့ဘူးတဲ့။

"ကျွမ်းကျင်ရာ လိမ်မာ" ဆိုတဲ့ ဆိုရိုးစကားလေး လက်ကိုင်ထားပြီး ကိုယ်တော်တယ် ကိုယ်တတ်တယ် ဆိုပြီး မာန မထားသင့်ပါဘူး။ အားလုံးမှာ သူ့တို့ အရည်အချင်း၊ သူတို့ ကိုယ်ပိုင် တန်ဖိုး ရှိကြပါတယ်။ Crd

Post a Comment

0 Comments