ကောင်လေးနှင့် ခွေးကလေး

စတိုးဆိုင် ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ် အသစ်တခု ထပ်ချိတ်သည်။ "ခွေးပေါက်လေးများ ရောင်းရန် ရှိသည်" တဲ့။ ဒီကြော်ငြာမျိုးကို ကလေးတွေ အလွန် စိတ်ဝင်စားသည်။ သူတို့က ခွေး ချစ်တတ်သူများ မဟုတ်လား။

ခဏအကြာမှာပင် ကလေးတယောက် ဆိုင်ပေါက်ဝသို့ ရောက်လာသည်။ "ခွေးလေး တကောင် ဘယ်လောက် ရောင်းသလဲ ခင်ဗျ" ဟု ကလေးက မေးလိုက်သည်။ "ဒေါ်လာ ၃၀ ကနေ ၅၀ အထိ ဈေး အစားစား ရှိတယ်" ဟု ဆိုင်ရှင်က ဖြေသည်။

ကောင်လေးက သူ့အိတ်ထဲမှာ ရှိသည့် ပိုက်ဆံ အကြွေတွေ နှိုက်ထုတ်သည်။ "ကျွန်တော့် မှာ ၂ ဒေါ်လာနဲ့ ၃၇ ဆင့် ရှိပါတယ်၊ ခွေးလေးတွေ ကျွန်တော် ကြည့်လို့ ရမလား ခင်ဗျ"

ဆိုင်ရှင်က ပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည် ခွေးမကြီးကို လေချွန်ပြီး ခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ခန်းထဲ ပြေးဝင်လာတော့ သူ့ နောက်က ခွေးပေါက်ကလေး ငါးကောင် တန်းစိ၍ လိုက်ပါလာသည်။

ခွေးလေးတွေက ပိစိကွေးလေးတွေ။ အမွှေးက သိပ်ရှည်တော့ တကိုယ်လုံး အမွှေးတွေ ဖုံးကာ လုံးနေသည်။ အဲဒီ အထဲမှ တကောင်က အနောက်တွင် ပြတ်ကျန် ခဲ့သည်။ ထော့တီးထော့နဲ့နှင့် လမ်း မလျှောက်တတ် သလိုလိုနဲ့ တလှမ်းခြင်း လျှောက်ကာ ရောက်လာသည်။

ကောင်လေးက ဒီအကောင်လေးကို မြင်တော့ ချက်ချင်း စိတ်ဝင်စား သွားသည်။ "ဒီခွေးလေးက ဘာဖြစ်တာလဲဟင်" ဆိုင်ရှင်ကို မေးသည်။ ဆိုင်ရှင်က ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက် ပါမလာသဖြင့် တသက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်က ပြောဆိုသည့် အကြောင်း ရှင်းပြသည်။

ကောင်လေး ပို၍ စိတ်ဝင်စား သွားသည်။ "ဒီခွေးလေးကို ကျွန်တော် ဝယ်ချင်တယ်ဗျာ" ဟု သူက ဆိုသည်။ "ဟာ မဝယ်ပါနဲ့ကွာ၊ မင်းလိုချင်ရင် ငါ ပေးပါ့မယ်" ဟု ဆိုင်ရှင်က ပြောသည်။

ဒီစကားကြားတော့ ကောင်လေး မျက်နှာ ပျက်သွားသည်။ သူက မကျေနပ်သည့် အမူအရာမျိုးနှင့် ဆိုင်ရှင်ကို မော့ကြည့်ပြီး ပြန်ပြောသည်။ "အလကား ပေးတာ ကျွန်တော် မလိုချင်ဘူး ခင်ဗျ။ ဒီခွေးလေးလည်း ကျန်တဲ့ ခွေးတွေနဲ့ အတူတူ တန်ဖိုး ရှိတာပဲ၊ တပြားသားမှ မလျော့ပါဘူး။

ကျွန်တော် တန်ဖိုး အပြည့်ပဲ ပေးပါ့မယ်။ ဒါပေမဲ့ ကျွန်တော့်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲ ပါတယ် အခု အဲဒါ ယူထားပါ။ နောက်ကို တလ ဆင့်ငါးဆယ်ဆီ ကျေတဲ့ အထိ ကျွန်တော် ဆက်ပေးပါ့မယ်"

သို့သော် ဆိုင်ရှင်က အလျှော့မပေး။ "မဝယ်ပါနဲ့ ကလေးရယ်၊ နောက်ကျတော့ မင်းစိတ်ပျက် သွားလိမ့်မယ်။ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ ခုန်ပေါက် ကစားနိုင်မှာ မဟုတ်ဘူး"

ဒီအခါ ကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကို မော့်ကြည်ကာ သူ့ဘောင်းဘီ အောက်စ နားကို လှန်ပြရင်း လေသံ တိုးတိုးနှင့် ပြောသည်။ "ကျွန်တော်လည်း ကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ။ ပါပီလေး ခမျာမှာ သူ့ကို ကိုယ်ချင်းစာမယ့် လူတယောက်တော့ ရှိဖို့ လိုမှာပေါ့" တဲ့။

ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော် ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ လမ်းလျှောက်နိုင်ရန် အတွက် သတ္တု ချုပ်တံများဖြင့် အားဖြည့် ပေးထားရ လေသည်။ ဖေမြင့်

Post a Comment

0 Comments