လှေရယ် မြင်းရယ် လူရယ်

လှေက ကမ်းမှာ ကပ်ထားရင် အန္တရာယ် အကင်းဆုံးပါပဲ။ ဒါပေမယ့် အဲဒါက လှေကို တည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ လူက အိမ်မှာ နေရင် အသက်သာဆုံးပဲ။ ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။

တနေ့ကို မိုင်တထောင် သွားနိုင်တဲ့ အာဇာနည် မြင်းပျိုလေး တကောင် ရှိတယ်။ သူ့ရဲ့ အရည်အချင်းကို ဖော်ထုတ် ပြသဖို့ အခွင့်အရေးကို စောင့်နေတယ်။ ကုန်သည် ရောက်လာတယ်။ မြင်းကို မေးတယ်။ "မင်း ငါနဲ့ လိုက်နိုင်မလား"

မြင်းက ခေါင်းခါပြီး "ငါက တနေ့ မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို့ ကုန်သည်နောက် လိုက်ပြီး ကုန်ထမ်း ရမှာလဲ" လို့ ပြောတယ်။ စစ်သား ရောက်လာတယ်။ မြင်းကို "မင်း ငါနဲ့ လိုက်နိုင်မလား" လို့ မေးတယ်။ မြင်းက ခေါင်းခါပြီး ပြောတယ်။ "ငါက တနေ့ မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို့ သာမာန် စစ်သား တယောက်နောက် လိုက်ပြီး တိုက်ပွဲ ဝင်ရမှာလဲကွ"

မုဆိုး ရောက်လာတယ်။ မြင်းကို မေးတယ်။ "မင်း ငါနဲ့ လိုက်နိုင်မလား" မြင်းက ခေါင်းခါပြီး ပြောတယ်။ "ငါက တနေ့ မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို့ မုဆိုးနဲ့ အတူတူ ပင်ပန်းဆင်းရဲမှု ဒဏ် ခံရမှာလဲကွ"

ဒီလိုနဲ့ တနေ့ပြီး တနေ့ ကုန်ဆုံးသွား ခဲ့တယ်။ မြင်းဟာ သူနဲ့ တန်တဲ့ အလုပ်ကို ရှာမတွေ့သေးဘူး။ တနေ့ ဘုရင်မင်းမြတ် အမိန့်ဖြင့် စစ်သူကြီး တယောက်က အာဇာနည်မြင်းကို လိုအပ်ကြောင်း နေရာအနှံ့ ကြော်ငြာစာများ ကပ်ကာ လိုက်ရှာလေသည်။ အာဇာနည်မြင်းက စစ်သူကြီးဆီ သွားတွေ့ပြီး ပြောတယ်။ "ကျနော်က ခင်ဗျားတို့ ရှာနေတဲ့ အာဇာနည်မြင်း ပါ"

စစ်သူကြီးက မေးတယ်။ "ဒါဆို မင်း ငါတို့ တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား" မြင်းက ခေါင်းခါတယ်။ စစ်သူကြီးက ထပ်မေးတယ်။ "ဒါဆို မင်း စစ်ပွဲ ဝင်ဖူးသလား၊ စစ်ပွဲ အတွေ့အကြုံ ရှိသလား" မြင်းက ခေါင်း ထပ်ခါတယ်။စစ်သူကြီးက ထပ်မေးတယ်။ "ဒါဆို မင်း တောထဲ တောင်ထဲမှာ သားကောင်တွေနဲ့ တွေ့တဲ့ အခါ သခင့်အတွက် ရင်ဆိုင် တိုက်ခိုက်ပြီး ရုန်းထွက်ရဲ သလား" မြင်းက ခေါင်း ထပ်ခါတယ်။

စစ်သူကြီးက "ဒါဆို မင်း ဘာအသုံးကျ သေးသလဲ" လို့ ပြောတယ်။ မြင်းက ပြောတယ်။ "ကျနော်က နေ့ဘက်ဆို မိုင်တထောင် သွားနိုင်ပြီး ညဘက်ဆို မိုင်ရှစ်ရာ သွားနိုင်တယ်။ လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ်"

စစ်သူကြီးက မြင်းပေါ် ခွတက်စီး လိုက်တယ်။ မြင်းက အားစိုက်ပြီး တဟုန်ထိုး ပြေးလိုက်တယ်။ ဒါပေမယ့် ၁၀ လှမ်း လောက်ပဲ ပြေးရသေးတယ် အမောဟိုက်ပြီး ကျောမှာ ချွေးတွေ ပြန်လာတယ်။ ထိုအခါမှာတော့ "မင်းအိုသွားပြီ မပြေးနိုင်တော့ဘူး" ဟု ဆိုကာ စစ်သူကြီးဟာ ပြန်လှည့်ထွက် သွားပါတော့တယ်။

ဒီနေ့ လုပ်တဲ့ ကိစ္စ တခုစီတိုင်းဟာ သာမာန် ကြိုးစားနေတယ် ထင်ရပေမယ့် နောင်တချိန် အတွက် အင်အားလေး တခုဆိုတာ သိထားပါ။ ဒီနေ့ ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှု တိုင်းဟာ အနာဂတ် အတွက် အုတ်မြစ်ချပ်လေး တွေပါ။ အိုသွားတဲ့ အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရ ပါလားလို့ နောင်တ မရပါနဲ့။

လှေက ကမ်းမှာ ကပ်ထားရင် အန္တရာယ် အကင်းဆုံးပဲ။ ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ လူက အိမ်မှာနေရင် အသက်သာဆုံးပဲ။ ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ ပညာက အရည်အချင်းကို ကိုယ်စား မပြုဘူး။ စာပေက ယဉ်ကျေးမှုကို ကိုယ်စား မပြုဘူး။

မနေ့က ကျော်ဇောခဲ့တဲ့ အရာဟာ ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ် အချို့ ဖြစ်သွားပါပြီ။ ဒါ့ကြောင့် အရေးကြီးတာက မနေ့က သင်ဘယ်သူလဲ မဟုတ်ပါဘူး။ ဒီနေ့ သင်ဘယ်သူလဲ ဆိုတာပါ။ ပိုပြီး အရေးကြီးတာက ဒီနေ့ သင်ဘာလုပ်သလဲ၊ မနက်ဖြန် သင် ဘာဖြစ်မလဲ ဆိုတာပါ။ Crd

Post a Comment

0 Comments