မြင်းမိုက်လို မဖြစ်ပါစေနဲ့

တခါတုန်းက မြင်းတကောင်နဲ့ ခရု တကောင်ဟာ လမ်းမှာ တွေ့ကြတယ်။ မြင်းက ခရုကို "မင်းတော်တော် နှေးတဲ့ အကောင်ပဲ။ နောက်ကျတဲ့ ကောင်က လမ်းဖယ်ပေး ရတယ်ကွ" လို့ ကဲ့ရဲ့တယ်။

ထိုအခါ ခရုက "အို အဆွေမြင်း၊ ကျွန်ုပ်တို့က တကယ့် ပြိုင်ပွဲတွေ မှာသာ မြန်အောင် သွားတာပါ။ မယုံရင် သင်နှင့်ကျွန်ုပ် အပြေးပြိုင် မလား" လို့ စိန်ခေါ် လိုက်တယ်။ မြင်းကလည်း လက်ခံလိုက်ပြီး ပြိုင်မည့်နေ့ကို ချိန်းဆို လိုက်တယ်။

ထို့နောက်မှာတော့ ခရုက သူ့အမျိုး ခရုတွေကို ခေါ်ပြီး "အမောင် ခရုတို့၊ မြင်းသား မစားချင် ကြဘူးလား။ မြင်းသားဟာ သိပ် အညောင်းအညာ ပြေတာ" လို့ မေးတော့ ခရုတွေက " စားချင်ကြပါတယ် ခင်ဗျ" လို့ ဖြေကြတယ်။

"စားချင်ရင် ငါပြောသလို လုပ်ပါ။ ငါ မြင်းနဲ့ အပြေးပြိုင်ဖို့ ချိန်းထားတယ်။ အဲဒီနေ့ ကျရင် မင်းတို့တွေဟာ ဒီလမ်းမကြီး တလျှောက်မှာ တဖာလုံလောက်မှာ တကောင်စီ ပုန်းနေကြ။ မြင်းက ခရု ရှိလားဟေ့ လို့ မေးရင် ရှိတယ်ဗျ လို့ ပြန်ဖြေကြ" လို့ မှာထား သတဲ့။

ပြိုင်ပွဲနေ့ ရောက်ပြီ။ ခရုက မြင်းကို "အဆွေမြင်း အသင်ပြေးတဲ့ အခါ တဖာလုံ ရောက်တိုင်း ကျွန်ုပ်ကို ရှိလားလို့ မေးပါ။ ကျွန်ုပ် ပြေးနေကြောင်း ပြန်ဖြေ ပါ့မယ်" လို့ ပြောတယ်။ မြင်းက "ကောင်းပြီလေ"

သဘောတူပြီး စပြေးကြတယ်။ မြင်းဟာ အေးအေး ဆေးဆေး လမ်းလျှောက်နေတာပေါ့။ ဒီခရုလောက်တော့ ဘာဂရုစိုက်စရာ လိုလို့လဲ။ တဖာလုံ ရောက်လာတော့ "ဟေ့ ခရုနှေးလေး ရှိသေးရဲ့လား ကွဲ့" "ကျုပ်ပြေးနေပါတယ်ဗျ"

ခရုရဲ့ စကားကို ကြားလိုက်ရတော့ မြင်းက လန့်သွားတယ်။ ကိုယ့်နားတောင် ကိုယ် မယုံသလို ဖြစ်သွားတယ်။ မဖြစ်ဘူး ဒီကောင် ငါ့ကို မီလာတယ် ပြေးမှ ဆိုပြီး ဒုံးစိုင်းပြေး တော့တယ်။

တဖာလုံ ရောက်လို့ တခါ မေးတိုင်း ခရုက ရှိနေတယ်ချည်းပဲ ဖြေတော့ မြင်းဟာ အစိုးရိမ် လွန်လားပြီး ကဆုန်စိုင်းသတဲ့ စိုင်းပြီး ပြေးတာ နောက်ဆုံးတော့ အမော ဆို့ပြီး သေရှာတော့တယ်။ ခရုတွေ ကတော့ အောင်သေအောင်သား စားကြတော့ တာပေါ့။

ဒီပုံပြင်လေးမှာလည်း တွေးတော ဆင်ခြင်စရာတွေ အများကြီး ရမှာပါ။ ဆရာ နန္ဒာသိန်းဇံရဲ့ အတွေးလေးက ပိုပြီး နှစ်သက်ဖွယ် ကောင်းလို့ ဆရာအတွေးလေး ကိုပဲ ပြန်ရေး ပါ့မယ်။ ကျွန်ုပ်တို့ဟာ မြင်းမိုက်လိုပဲ လမ်းမှာ တွေ့ခဲ့တဲ့ ခရုတွေကို မူလ ခရု မဟုတ်မှန်း မသိပဲ၊ ခရု အတုတွေကို အစစ် ထင်ခဲ့ကြတယ်။

ဆိုလိုတာက ကျွန်ုပ်တို့ ခန္ဓာကိုယ်ကြီးဟာ ကလပ်စည်းတွေ အမြဲ ပြောင်းလဲနေတာ အစားထိုးမှုကြောင့် အမြဲ ရှိတယ် ထင်နေကြတယ်။ အဲဒီ အထင်ကြောင့် ငါ၊ ငါ့ဟာ လို့ ထင်လာပြီး သိမ်းပိုက်ချင် ကြတယ်။ သိမ်းပိုက်ချင်တော့ မရမက ရှာဖွေရတော့ တာပေါ့။ ရှာဖွေရင်းနဲ့ အမောဆို့ သေတဲ့ ဘဝတွေ ဘယ်လောက် များပြီလဲ။

မွေးကတည်းက တည်နေတဲ့ ခန္ဓာကိုယ်လို့ ထင်ထားမှတော့ လွဲနေပြီပေါ့။ သန္တတိအစဉ်တန်းကို အမြဲရှိ လို့ ထင်နေကြတယ်။ ငါ့သား ငါ့သမီးဟာ အမြဲရှိ၊ ငါ့ရာထူး ငါ့ငွေ ငါ့ဂုဏ်ဟာ အမြဲရှိ၊ ကျွန်ုပ်တို့မှ အမောဆို့ မသေရင် ဘယ်သူ သေတော့မှာလဲ။

ဘဝဆိုတာ ရုပ် နာမ် ဖြစ်ပျက် အစဉ်ကြီး သက်သက်သာ ဖြစ်ပါတယ်။ အဖြေထွက်ပြီးသား ပုစ္ဆာကြီးပါ။ ပန်းတိုင်ကို မလျှောက်ပဲ ရောက်နေကြတာပါ။ မြင်းမိုက် ဘဝက လွတ်မြောက်ကြပါစေ။ အရှင်ပညာသီရိ (ရမ္မာကျွန်း)

Post a Comment

0 Comments