အိပ်ယာမဝင်ခင် သင့်ကလေးကို အမြဲမေးသင့်တဲ့ မေးခွန်း (၇) ခု

မိဘတိုင်းက သားသမီးတွေနှင့် နှလုံးသားချင်း ချိတ်ဆက်ပြီး ကလေးတွေရဲ့ ခံစားချက်တွေ၊ အိပ်မက်တွေ၊ ကြောက်ရွံ့မှုတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုချင်ကြပါတယ်။ ဒါပေမယ့် နေ့ခင်းဘက် အလုပ်လုပ်နေရတာကတစ်ကြောင်း၊ ကလေးကို ထိန်းနေရတာက တစ်ကြောင်းကြောင့် သားသမီးတွေကို အချိန်ပေးပြီး စကားမပြောနိုင်ပါဘူး။ ဒါကြောင့် သင့်ကလေးကို ပြောချင်တဲ့စကားရှိရင် ညဘက်ပြောတာက အကောင်းဆုံးပါပဲ။ ဒါဆို ကလေးနဲ့ ရင်းနှီးအောင် ဘယ်လိုပြုမူသင့်လဲ ဆိုတာ love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကလေးသိတဲ့လူတွေထဲက ဘယ်သူက အကြင်နာတတ်ဆုံးလဲ။

အိပ်ရာမဝင်ခင် သင့်ကလေးကို ကြင်နာတတ်ဖို့အကြောင်း ပြောဆိုပေးတာက အကောင်းဆုံးပါပဲ။ သူကိုယ်တိုင်ကလည်း လူတွေကို ခွဲခြားလာတတ်သလို အနာဂတ်မှာလည်း ကြင်နာတတ်သူတစ်ယောက် ဖြစ်စေပါတယ်။ ကလေးတွေကို အကြင်နာတရား အကြောင်းတွေးဖို့ အားပေးတာက သူတို့ရဲ့ ကြင်နာတတ်တဲ့စိတ်ကို ပိုပြီးတိုးပွားစေနိုင်ပါတယ်။

၂။ ဒီနေ့အတွက် လုံခြုံသလို ခံစားခဲ့ရလား။

သင့်ကလေးကို ဒီနေ့ဘာတွေဘယ်လို ခံစားခဲ့ရလားဆိုတာကို မေးသင့်ပါတယ်။ ဒါမှသာ သူတို့ခံစားချက်ပေါ် မူတည်ပြီး သင့်ရဲ့ အုပ်ထိန်းမှုကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ပြီးတော့လည်း ကလေးတွေကို မိမိကိုယ်ကို လေးစားမှုနှင့် ယုံကြည်မှု တည်ဆောက်နည်းကို သိဖို့ ကူညီပေးပါလိမ့်မယ်။

၃။ ဒီနေ့ရဲ့ ဘယ်အချိန်မှာ အပျော်ဆုံးလဲ။

ဒီမေးခွန်းကို မေးခြင်းက သင့်ကလေးတွေရဲ့ တစ်နေ့တာရဲ့ အပျော်ဆုံးအပိုင်းကို တွေးတဲ့အခါ သူတို့ရခဲ့တဲ့ခံစားချက်တွေကို ပြန်လည်အသက်ဝင် လာစေပါတယ်။ သူတို့ရဲ့ ရွှင်လန်းတဲ့ ခံစားချက်တွေကို တိုးပွားစေပြီး တစ်နေ့တာရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ပြန်တွေးမိစေပါတယ်။

၄။ ဒီနေ့ရဲ့ မလိုချင်ဆုံးအချိန်က ဘာလဲ။

သင့်ကလေးကို စိတ်ဆိုးစေတဲ့ နေ့ရဲ့အချိန်အတိအကျကို အတိအကျ ဖော်ထုတ်ခြင်းက မိဘတိုင်း လုပ်သင့်တဲ့အရာပါပဲ။ ဒီလိုမေးတာက သင်နှင့် သင့်ကလေးတွေကြားမှာ ပိုမိုယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးကို ဖန်တီးပေးမှာဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့မပြောချင်တဲ့ အရာတွေအတွက်တောင် သူတို့ရဲ့ခံစားချက်တွေက ပြောပြနေမှာပဲဖြစ်ပါတယ်။

သူတို့အပေါ် လိမ်တာတွေ၊ တာဝန်မဲ့တာတွေ၊ မလေးစားမှုတွေလိုမျိုးကိုလည်း သင်သိလာမှာပါ။ ကလေးတစ်ယောက်မှာ စိတ်ကအရေးကြီးဆုံးပါပဲ။ ဒါကြောင့် ကလေးတွေရဲ့ ခံစားချက်ကို အလေးထားပြီး ဖြစ်လာမယ့်အနာဂတ်မှာ သင့်ဘက်က ပြောင်းလဲစရာရှိတာကို ပြောင်းလဲတာက အကောင်းဆုံးပါပဲ။

၅။ ဒီနေ့နဲ့ ပတ်သက်ပြီး မေးစရာရှိလား။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးတွေမှာ သဘာဝကျကျ မေးခွန်းတွေ အများကြီးရှိပါတယ်။ တစ်နေ့တာကို ဖြတ်သန်းပြီးတဲ့နောက် သူတို့ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုတွေ၊ မေးခွန်းတွေကို ဖြေပေးရမှာက မိဘတွေရဲ့ တာဝန်ပါပဲ။ ဒါကြောင့် သင့်ကလေး ဘာမေးမေး စိတ်ရှည်ရှည်နဲ့ ပြန်လည်ဖြေပေးပါ။ ဒီလိုဖြေပေးတာက ကလေးကို ဗဟုသုတလည်း ရစေနိုင်သလို သင်တို့ကြား ရင်းနှီးမှုတွေလည်း ပိုတိုးလာစေနိုင်ပါတယ်။

၆။ ဒီနေ့မှာ ဘာကြောင့် စိတ်ဆိုးရသလဲ။

သင့်ကလေးက သူ့ကိုစိတ်ဆိုးစေတဲ့ အရာတစ်ခုခုနဲ့ တစ်ချိန်မဟုတ် တစ်ချိန်ကြုံတွေ့မှာပါ။ သင်မမေးရင် သင်မသိနိုင်ပါဘူး။ သင်လုပ်လိုက်တဲ့ အပြုအမှုကြောင့် စိတ်ဆိုးနိုင်သလို သင်ပြောလိုက်တဲ့ စကားကြောင့်လည်း စိတ်ဆိုးနိုင်ပါတယ်။ ဒါကြောင့် သူတို့ကို စိတ်ဆိုးစေတဲ့အရာတွေကို မေးခြင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုဖော်ပြရမလဲ ဆိုတာ သိလာပါလိမ့်မယ်။

၇။ ဒီနေ့ လူတစ်ယောက်အတွက် အကောင်းဆုံး ကြိုးစားလုပ်ပေးခဲ့တဲ့အရာက ဘာလဲ။

သင့်ကလေးက ဒီနေ့ဖြတ်သန်းခဲ့ရတဲ့နေ့မှာ တစ်စုံတစ်ယောက်ကို မကူညီခဲ့ဘူးဆိုရင်တောင် ဒီလိုမေးခွန်းကို ထပ်ခါထပ်ခါ မေးပေးတာက နောက်လာမယ့်နေ့တွေမှာ တစ်စုံတစ်ယောက်ကို ကူညီပေးဖို့ စိတ်ကူးလာပါလိမ့်မယ်။ တကယ်လို့ သူကကူညီပြီး အကောင်းဆုံး လုပ်ခဲ့တယ်ဆိုရင်တော့ ချီးကျူးပေးလိုက်ပါ။

ဒီလို ချီးကျူးပေးလိုက်တာက သူတို့ကိုပျော်စေနိုင်တဲ့အပြင် တစ်စုံတစ်ယောက်ကို ကူညီဖို့ ဝန်မလေးတတ်တဲ့သူ ဖြစ်လာပါလိမ့်မယ်။ ကလေးမှာ ရှေ့ဆက်ရမယ့် အနာဂတ်တွေ အများကြီးရှိသေးတာကြောင့် လူတွေကို ကူညီချင်တဲ့စိတ်ဖြစ်အောင် သင်ပေးတာက သူ့ဘဝအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments