အမွေခွဲခြင်း

ညီအကိုနှစ်ယောက် ဆိတ်နှစ်ကောင် အမွေ ရလိုက်သည်။ "အကိုကြီး" "ဘာလဲ ညီလေး" "ဘယ်ဟာက အကိုကြီး ဆိတ်လဲ၊ ဘယ်ဟာက ညီလေး ဆိတ်လဲ" "ဒီလိုလုပ်ကွာ ဆိတ်တကောင် နားရွက်တဖက်ကို ဖြတ်လိုက်။ နားရွက်တဖက် မရှိတဲ့ ဆိတ်က အကိုကြီးဆိတ် ဟုတ်ပြီလား" "ဟာ ဟုတ်သားပဲ၊ အကိုကြီးက တော်လိုက်တာ"

သူတို့ ဆိတ်တကောင်ကို နားရွက်တဖက် ဖြတ်ကာ ခြံထဲတွင် လွှတ်ထားလိုက်သည်။ ဆိတ်နှစ်ကောင်က အတူတူပင် နေကြသည်။ နားရွက်တဖက် အဖြတ် ခံလိုက်ရသော ဆိတ်က နားရွက် အဖြတ် မခံရသော ဆိတ်ကို မနာလို ဖြစ်သည်။ ထို့ကြောင့် ခွေးကို သွားပြီး စည်းရုံးသည်။ နားရွက် တဖက်ကို ကိုက်ဖြတ်ပေးရန် ဖြစ်သည်။ ခွေးကလည်း နားရွက် မပြတ်သေးသောဆိတ်၏ နားရွက် တဖက်ကို ကိုက်ဖြတ်ပေး လိုက်သည်။

နောက်တနေ့ မိုးလင်းသော် ညီဖြစ်သူက "အကိုကြီးရေ" "ဘာလဲ ညီလေး" "ဆိတ်နှစ်ကောင်စလုံး နားရွက် တဖက်စီ မရှိဘူး။ ဘယ်ဆိတ်က အကိုကြီး ဆိတ်လဲ ဘယ်ဆိတ်က ညီလေး ဆိတ်လဲ" "ဟာ ခက်တော့တာပဲ ဒီလိုလုပ်ကွာ ဆိတ်တကောင်ကို နားရွက် နောက်တဖက် ထပ်ဖြတ်လိုက်။ နားရွက် လုံးဝ မရှိတဲ့ ဆိတ်က အကိုကြီးဆိတ်၊ နားရွက် တဖက်တည်း ရှိတဲ့ ဆိတ်က ညီလေးဆိတ် ဟုတ်ပြီလား" "ဟာ ဟုတ်လိုက်တာ အကိုကြီးက အရမ်းတော်တာပဲ ဒါကြောင့်လည်း အကိုကြီး ဖြစ်နေတာ"

ဆိတ်တကောင်ကို နားရွက် ထပ်ဖြတ်လိုက် ပြန်သည်။ နားရွက် နှစ်ဖက်စလုံး မရှိသော ဆိတ်က နားရွက် တဖက်တည်း ရှိသော ဆိတ်ကို မနာလို ဖြစ်ပြန်သည်။ ထို့ကြောင့် ခွေးနှင့် သွားပေါင်းပြီး နားရွက် တဖက်တည်း ရှိနေသော ဆိတ်ကို နားရွက် မဲ့သွားစေရန် ကိုက်ခိုင်း ပြန်သည်။ ခွေးကလည်း အပေါင်းအသင်း သဘောကျ ဆိတ်တကောင်၏ ကျန်နားရွက် တဖက်ကို ကိုက်ဖြတ် ပေးလိုက် ပြန်သည်။

နောက်တနေ့ မိုးသောက်သော် "အကိုကြီးရေ" "ဘာဖြစ်ပြန်ပြီလဲ ညီလေး" "ဆိတ်နှစ်ကောင် စလုံးမှာ နားရွက်တွေ မရှိတော့ဘူး။ ဘယ်ဟာက အကိုကြီးဆိတ် ဘယ်ဟာက ညီလေး ဆိတ်လဲ" "ဟာ ခက်တော့တာပဲ တယ်ဒုက္ခပေးတဲ့ ဆိတ် ဒီလိုလုပ်ကွာ တကောင်ကို အမြီး ဖြတ်လိုက်။ အမြီးပြတ်နေတဲ့ ကောင်က အကိုကြီးဆိတ် အမြီးရှိတဲ့ အကောင်က ညီလေးဆိတ် ဟုတ်ပြီလား"

"မှန်လိုက်တာ အကိုကြီးရာ အစ်ကိုကြီးက တကယ့်ကို ဉာဏ်ကြီးလှပါတယ်။ တကယ်ဆိုရင် ဒီတဲစုတ်မှာ နေရမှာ မဟုတ်ဘူး နိုင်ငံမှာ တက်ပြီး ဘုရင်အဖြစ် အုပ်ချုပ်ရမှာ" ဤသို့ဖြင့် ဆိတ်တကောင်မှာ အမြီးပြတ်ရ ပြန်သည်။ ထိုညတွင် အမြီး အဖြတ်ခံ လိုက်ရသည့် ဆိတ်က အမြီး ရှိနေသော ဆိတ်ကို မနာလို ဖြစ်သဖြင့် အပေါင်းအသင်း ခွေးကို သွားခေါ်ကာ ကျန်အမြီး ရှိနေသည့် ဆိတ်အား ကိုက်ဖြတ်ခိုင်း လိုက်ပြန်သည်။

နောက်တနေ့ မိုးသောက်သော် "အကိုကြီးရေ" "ညီလေးရေ" "ခက်တော့ နေပြီ ဆိတ်နှစ်ကောင်လုံး အမြီး မရှိတော့ ပြန်ဘူး" "ဟေ ဟုတ်လား၊ ဘယ်လို ဖြစ်ရပြန်တာလဲ" "အကိုကြီးနဲ့ ညီလေး ပိုင်ဆိုင်မှုကို ဘယ်လို ခွဲရမလဲဗျာ ခက်တော့တာပဲ"

"မခက်ပါဘူးကွာ လွယ်လွယ်လေးပါ။ အဖြူရောင်ဆိတ်က မင်းဆိတ်၊ အနက်ရောင် ဆိတ်က ငါ့ဆိတ် အဲသည်လို ခွဲလိုက်ပေါ့ ဟုတ်ပြီလား" "မှန်လိုက်တာဗျာ အကိုကြီးက အသက်ကြီးသလောက် ပညာ ကြီးပါပေတယ်။ ကမ္ဘာ့သမ္မတ လောက်ကို ဖြစ်သင့်ပါတယ်"

ထိုညတွင် ဆိတ်နှစ်ကောင်မှာ ပြဿနာ မရှိတော့။ နှစ်ကောင် စလုံးတွင် နားရွက်လည်းမရှိ အမြီးလည်း ငုံးတိ။ အကိုကြီးကတော့ "ငါသာ သမ္မတဖြစ်ရင် ဆိတ်တွေ အကောင် တထောင်လောက် မွေးမယ်" ဟု စိတ်ကူးယဉ် အိပ်မက်ထဲတွင် ပျော်နေသည်။ ညီဖြစ်သူကလည်း "ငါ့မှာ အကိုကြီးလို ဉာဏ်ပညာကြီးသူ ရှိနေသရွေ့ ဆင်းရဲစရာမရှိ" ဟု တွေးနေသည်။

ဆိတ်တွေကလည်း "နားရွက်ပြတ် အမြီးပြတ်ရမည့် အရေး ကင်းဝေးပါစေ" ဆုတောင်း နေသည်။ ခွေးကလည်း အမြီးလေး စားရ၊ နားရွက်လေး ကိုက်ရသည်ကို ကျေနပ်ကာ အခေါ်စောင့်နေသည်။ (အိန္ဒိယပုံပြင် တပုဒ်ကို မှီငြမ်းပါသည်)

တင်ညွန့် ၂၅.၂.၂၀၂၂

Post a Comment

0 Comments