သင့်အိမ်သာထဲကို အကောင်ပလောင်တွေ မဝင်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းများ

ပိုးမွှားတွေ၊ အကောင်တွေ သင့်အိမ်ထဲကို ဘာကြောင့် ခဏခဏ ရောက်လာတယ်လို့ ထင်ပါသလဲ။ တကယ်တော့ အစိုဓာတ်ကြောင့်ပါ။ တွေ့ရတဲ့အကောင်အများစုက ရေချိုးခန်းနဲ့ အိမ်သာထဲမှာ ဆိုတာကို သင်သတိထားမိပါလိမ့်မယ်။

ဒီလိုအကောင်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ဖူးမှာပါ။ ဒါကြောင့် နောက်ပိုင်းစိတ်ညစ်ရတာတွေ မဖြစ်ရအောင် အကောင်တွေ အိမ်သာထဲ မဝင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ မြွေ

မြွေတွေက အေးမြစိုစွတ်ပြီးမှောင်တဲ့ နေရာတွေကိုသာ သဘောကျတတ်ကြတာကြောင့် အိမ်သာတွေ၊ ရေချိုးခန်းတွေထဲ ဝင်နေတတ်တာတော့ မဆန်းပါဘူး။ သူတို့ကို ဘယ်နည်းတွေက ဆွဲဆောင်နေလို့ ရောက်လာလဲဆိုတော့ မြောင်းထဲက အစာအကြွင်းအကျန်တွေကြောင့် ရောက်လာတာပါ။ မြောင်းထဲမှာ အစာတွေကုန်သွားပြီဆိုရင် ပြန်ထွက်တဲ့လမ်းကို ရှာတတ်ကြပါတယ်။

ဒီလိုနဲ့ ပိုက်လုံးတွေထဲ ဖြတ်သန်းရင်းနဲ့ အိမ်ထဲရောက်လာကြတာပါ။ ဒါကြောင့် အိမ်ထဲမြွေအဝင်မခံချင်ဘူးဆိုရင်တော့ မြောင်းကို သန့်နေအောင်ထားသင့်ပါတယ်။ ဒါပေမယ့် သင်က အအေးပိုင်းဒေသမှာ နေတာဆိုရင်တော့ သိပ်ကြောက်စရာမလိုပါဘူး။ အညာလိုမျိုး ပူတဲ့ဒေသတွေမှာဆိုရင်တော့ ဂျောင်ကျိုဂျောင်ကြားတွေကို သေချာဂရုစိုက်သင့်ပါတယ်။

မြွေစိမ်းနဲ့ ခြဲထဲမှာ အလွယ်တကူမြင်နေရတဲ့ မြွေတွေကိုတော့ သိပ်စိုးရိမ်စရာမရှိပါဘူး။ မြွေဟောက်တို့၊ မြွေပွေးတို့နဲ့စာရင် အဆိပ်နည်းတာကြောင့် သိပ်ကြောက်စရာမလိုပါဘူး။ ဒါပေမယ့် ဘယ်လိုမြွေပဲဖြစ်ဖြစ် သတိထားသင့်ပါတယ်။ တချို့သောမြွေတွေက မျိုးစပ်ထားတာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မရှိပေမယ့် တောင်အမေရိကနှင့် ဩစတေးလျလိုမျိုးနေရာတွေရဲ့ တချို့အိမ်သာတွေမှာ anaconda လိုမျိုး မြွေတွေတောင် ဝင်နေတတ်ကြပါသေးတယ်။

၂။ ကြွက်

မြွေတွေလိုပဲ ကြွက်တွေကလည်း အစာကို အဆက်မပြတ် လိုက်ရှာနေကြပြီး ပိုက်တွေကပဲ သူတို့ကို ဆွဲဆောင်နေပါတယ်။ အိမ်သာနဲ့ အမှိုက်စွန့်ပစ်တဲ့နေရာက နီးနေရင် ကြွက်တွေဝင်ဖို့ အခွင့်အလမ်းပိုများပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က အရမ်းကိုသေးတာကြောင့် ပိုက်တွေကနေတစ်ဆင့် အလွယ်တကူ ဝင်နိုင်ပြီးတော့ လေမရှိရင်တောင် အသက်ရှင်နိုင်ကြပါတယ်။

ဒါကြောင့် အစားအသောက် အကြွင်းအကျန်တွေကို အမှိုက်အိတ်ထဲမှာ စွန့်ပစ်ဖို့က အရေးကြီးတာ မဟုတ်ဘဲ အစားအသောက်တွေကို အိမ်သာထဲ ဘယ်တော့မှ ပစ်မချဖို့ အရေးကြီးပါတယ်။ ပိုက်တွေမှာ အစာမရှိရင် ကြွက်တွေက သင့်မိလ္လာစနစ်ကို ဝင်ရောက်ဖို့ မဖြစ်နိုင်ပါဘူး။ အိမ်သာအဖုံးကိုလည်း အချိန်တိုင်း ပိတ်ထားသင့်ပြီး ကြွက်ထောင်ခြောက်ကိုလည်း တပ်ထားသင့်ပါတယ်။

၃။ ပင့်ကူ

ပင့်ကူတွေကတော့ ရေမကူးတတ်တာကြောင့် ပိုက်တွေကနေ ဝင်လာနိုင်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့်လည်း တခြားနေရာတွေကနေ ဝင်တတ်တာကြောင့် သတိထားပြီး ဂရုစိုက်သင့်ပါတယ်။ သူတို့တွေက နံရံတွေ၊ ကြမ်းခင်းတွေကနေ လာတတ်ကြပြီး အိမ်သာနံရံမှာ အိမ်တွေဆောက်ကြပါလိမ့်မယ်။

ဘယ်သူမှတော့ အိမ်သာကိုတော့ ပင့်ကူနဲ့အတူတူ တက်ချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သင်အိမ်သာတက်ရင်းနဲ့ ပင့်ကူတွေ အိမ်ဆောက်နေတာကိုတော့ မြင်ဖူးမှာပါ။ ပင့်ကူတွေမှာ အဆိပ်ရှိတာကြောင့် သတိတော့ထားသင့်ပါတယ်။ သူတို့က ယင်ကောင်တွေ၊ ခြင်တွေကို ဖမ်းဆီးပြီး စားသောက်တတ်ကြပါတယ်။

ဒါကြောင့် သင့်အိမ်သာကို အမြဲတမ်း သန့်ရှင်းနေအောင် လုပ်သင့်ပါတယ်။ တစ်ခါတစ်လေကျရင်လည်း အိမ်သာခွက်တွေထဲ ဝင်နေတတ်တာကြောင့် အိမ်သာမတက်ခင် အရင်စစ်ဆေးသင့်ပါတယ်။ ပင့်ကူအဆိပ်ကတော့ မသေစေနိုင်ပေမယ့် မရှိအောင်လုပ်တာက အကောင်းဆုံးပါပဲ။

၄။ အိမ်မြှောင်

ယူအက်စ်အနောက်တောင်ပိုင်းမှာ အိမ်သာပိုက်တွေကနေတဆင့် အိမ်မြှောင်တွေရောက်လာတာ တော်တော်အဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်မြှောင်တွေက တတ်နိုင်သမျှ အစာရှာဖို့ ကြိုးစားနေကြတာကြောင့်ဖြစ်ပါတယ်။

သင့်အိမ်သာရဲ့ အထဲပိုင်းကို သေချာမသန့်ရှင်းရင် ပုရစ်နှင့် အခြားအင်းဆက်တွေ (ယင်ကောင်တွေလိုမျိုး အကောင်တွေ) ကို အများအပြား တွေ့နိုင်ပါတယ်။ အိမ်မြှောင်တွေကလည်း ဒီလိုအကောင်မျိုးတွေကို ကြိုက်တတ်ကြတာကြောင့် အိမ်သာထဲမှာပဲ အနေများကြပါတယ်။ ပြီးတော့လည်း အိမ်မြှောင်တွေက အရမ်းကိုသေးငယ်နေတဲ့အပြင် နံရံကိုလည်း ကပ်ပြီး အလွယ်တကူ သွားနိုင်ပါသေးတယ်။

၅။ အပေါ့ဆမ်

၂၀၀၈ ခုနှစ်တုန်းက သြစတြေးလျမှာ အမျိုးသားတစ်ဦးဟာ အိမ်သာထဲမှာ ရေတွေ ပွက်ပွက်ထနေတာကို တွေ့လိုက်ရပါတယ်။ ခဏကြာတော့ အပေါ့ဆမ်ပေါက်စလေးတစ်ကောင် ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း အမျိုးသမီးတစ်ဦးက အိမ်သာထဲမှာ သေနေတဲ့ အပေါ့ဆမ်တစ်ကောင်ကို တွေ့ခဲ့ပါသေးတယ်။

ဘာကြောင့် သူတို့ကို ရေထဲမှာပဲ တွေ့နေရလဲဆိုတော့ သူတို့က အပေါက်ဖောက်တဲ့နေရာမှာ အရမ်းကိုတော်လို့ပါ။ ပြီးတော့လည်း အသက်မရှူပဲနဲ့လည်း ရေထဲမှာအကြာကြီး နေနိုင်ကြပါတယ်။ ကံကောင်းတာတစ်ခုက အပေါ့ဆမ်ပေါက်စတွေကပဲ ရေပိုက်ထဲကို ဝင်နိုင်ကြပါတယ်။

ဒါပေမယ့်လည်း အန္တရာယ်ကင်းတယ်လို့ မဆိုလိုနိုင်ပါဘူး။ သူတို့တွေက ကြွက်တွေလိုပဲ ခွေးရူးပြန်ရောဂါကို သယ်ဆောင်နိုင်တာကြောင့် သင့်အိမ်ထဲမှာ တစ်ကောင်ကောင်ကို တွေ့ပြီဆိုတာနဲ့ ချက်ချင်းပဲ ပိုးသတ်ဆေးဖြန်းသင့်ပါတယ်။ သေနေတာတွေ့ရင်လည်း လက်နဲ့တိုက်ရိုက်မကိုင်ပဲနဲ့ လက်အိတ်စွပ်ပြီး ကိုင်သင့်ပါတယ်။

ဒီလိုအကောင်တွေ မဝင်အောင် ဘယ်လိုကာကွယ်ရမလဲ။

- ပထမဆုံးအနေနဲ့ သင့်အိမ်သာကို သန့်ရှင်းအောင်ထားပါ။ အမြင်မှာတော့ သန့်ရင်သန့်နိုင်ပေမယ့် မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို သုံးပါ။ ရှာလကာရည်နဲ့လည်း အလွယ်တကူဆေးနိုင်သလို မုန့်ဖုတ်ဆိုဒါသုံးပြီးလည်း သန့်ရှင်းနိုင်ပါတယ်။

အိမ်သာထဲမှာလည်း Freshener တစ်ခု တပ်ထားသင့်ပြီးတော့ ရေဆေးပြီးတိုင်း အနံ့ကောင်းကောင်း ထွက်လာနိုင်ပါတယ်။

- ခြောက်သွေ့အောင်ထားပါ။ ပိုးမွှားအများစုက စိုထိုင်းတာကို နှစ်သက်ကြပါတယ်။ ဒါကြောင့် ရေချိုးပြီးတာနဲ့ ဘေစင် ဒါမှမဟုတ် ကြမ်းပြင်မှာ ကျန်နေတဲ့ ရေတွေကို ဖယ်ရှားဖို့က အရေးကြီးပါတယ်။ တကယ်လို့ သင့်ရေပိုက်က ယိုစိမ့်မှုဖြစ်နေတယ်ဆိုရင်လည်း အချိန်ဆွဲမနေဘဲ ချက်ချင်းပြုပြင်သင့်ပါတယ်။

- ပိုက်တွေကို သန့်ရှင်းရေးလုပ်ပါ။ အလွယ်ဆုံး လုပ်နိုင်တဲ့နည်းကတော့ ဇလုံတစ်ခုထဲမှာ သကြား၊ ရေ၊ ရှာလကာရည်နှင့် ပန်းကန်ဆပ်ပြာ ၅-၁၀ စက်တို့ကို အညီအမျှထည့်ပါ။ အဲဒါတွေအားလုံးကို ရောပြီး အိမ်သာထဲ ဒါမှမဟုတ် ရေချိုးခန်းထဲကို လောင်းထည့်လိုက်ပါ။ ပွက်ပွက်ဆူနေတဲ့ရေကိုလည်း အိမ်သာထဲ လောင်းထည့်နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments