ရေခဲသေတ္တာမှာ အနံ့ဆိုးတွေ မထွက်အောင် တစ်ပတ်တစ်ခါ သန့်ရှင်းရေး လုပ်ပေးသင့်ကြောင်း ကျွမ်းကျင်သူတွေက လမ်းညွှန်ကြပါတယ်။ ရေခဲသေတ္တာထဲက အနံ့ဆိုးတွေကို ပျောက်စေမယ့် နည်းလမ်းတွေ အများကြီးထဲကမှ အထိရောက်ဆုံး နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ပါ။
- အရင်ဆုံး ရေခဲသေတ္တာမီးကို ပိတ်လိုက်ပါ။
- အစားအသောက်တွေ အားလုံးကို ထုတ်လိုက်ပြီး မကောင်းတော့တဲ့ အစားအစာတွေကို လွှင့်ပစ်ပါ။
- စင်တွေ၊ ဗန်းတွေကိုလည်း ထုတ်ပါ။
- ရေခဲသေတ္တာကို သန့်ရှင်းရေး လုပ်ဖို့အတွက် သဘာဝသန့်စင်ဆေးရည်တွေကတော့
(၁) သံပရိုရည် တစ်ဆ၊ ရေနှစ်ဆရောပါ။
(၂) ရှာလကာရည်နဲ့ ရေကို ဆတူရောပါ။ ရှာလကာရည်နဲ့ သန့်စင်ပြီးရင် ရေနဲ့နောက်တစ်ခါ ပြန်ပြီး သန့်ရှင်းရေးလုပ်ဖို့ လိုပါတယ်။
(၃) ရေတစ်လီတာနဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရောမွှေပါ။ သဘာဝသန့်စင်ဆေးရည် (၃) မျိုးထဲက နှစ်သက်ရာတစ်မျိုးကို ရွေးပြီး ဖော့နဲ့ ရေခဲသေတ္တာ အတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ပါ။
အထက်ပါနည်းလမ်းတွေ ပြီးသွားတဲ့အခါ ရေခဲသေတ္တာတံခါးကို ၁၅ မိနစ်ခန့် ဖွင့်ထားပေးပါ။
၂။ အနံ့စုပ်ယူပေးသော အရာများ
ရေခဲသေတ္တာကို သန့်ရှင်းရေး လုပ်ပြီးနောက် အနံ့တွေ ကျန်နေသေးတယ်ဆိုရင် အနံ့စုပ်ပေးတဲ့အရာတွေကို သုံးနိုင်ပါတယ်။
- သံပရိုသီး
- ပေါင်မုန့်ညို
- လက်ဖက်ရည်အိတ်
- ကော်ဖီမှုန့်
- မီးသွေးမှုန့် စတဲ့ အနံ့စုပ်ယူပေးတဲ့အရာတွေက နှစ်သက်ရာတစ်မျိုးမျိုးကို ပန်းကန်တစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲက စင်ပေါ်မှာ တင်ထားပါ။ ၂၄ နာရီအတွင်း မကောင်းတဲ့ အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်ပါတယ်။ ၂၄ နာရီထက် ပိုပြီး ထားလို့လည်း ရပါတယ်။
Zombie (lovemedia)
0 Comments