ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ဖိစီးမှု များတဲ့အခါ မွေးလာမယ့်ကလေးကို ထိခိုက်စေမယ့်အရာ (၅) ခု

စိတ်ဖိစီးမှုက နေ့စဉ်ဘဝမှာ မကြာခဏ ရောက်လာနေကျအရာပါပဲ။ ကိုယ်ဝန်ဆောင် မိခင်တွေမှာလည်း စိတ်ဖိစီးမှုတွေက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်ကြပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ စိတ်ဖိစီးမှု ဖြစ်ပေါ်တဲ့အခါ မွေးလာမယ့်ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ကြောင်း ကျွမ်းကျင်သူတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် အခြားထိခိုက်စေမယ့် အရာတွေလည်း ရှိပါသေးတယ်။

၁။ ကလေးကို အချိန်စောမွေးခြင်း

ကျန်းမာတဲ့ကလေး ဖြစ်လာဖို့အတွက် မိခင်က စိတ်ဖိစီးမှုကင်းနေဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ဖိစီးမှုများနေရင် ကလေးကို အချိန်စောမွေးတာ၊ ပေါင်မပြည့်ဘဲ မွေးတာကို ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ corticotropin or CRH ဟော်မုန်းထုတ်လုပ်မှုက မြင့်လာပါတယ်။

ကိုယ်ဝန်ဆောင်မိခင်မှာ CRH ဟော်မုန်းထုတ်လုပ်မှုများလေလေ ကလေးကို အချိန်စောမွေးနိုင်လေပါပဲ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးအပတ်တွေမှာ စိတ်ဖိစီးမှုကင်းအောင် နေထိုင်သင့်ပါတယ်။

၂။ ကလေးရဲ့ဉာဏ်ရည်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း

ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ဖိစီးတဲ့အခါ ထွက်တဲ့ ကော်တီဇော်ဟော်မုန်းတွေ များတဲ့အခါ ကလေးရဲ့ဉာဏ်ရည်ကို သက်ရောက်စေပါတယ်။ အချင်းကြိုးက ကော်တီဇော်ဟော်မုန်းကို ပြိုကွဲစေတယ်ဆိုပေမယ့် စိတ်ဖိစီးမှုက အချိန်ကြာမြင့်တဲ့အခါမှာတော့ နိုင်နိုင်နင်းနင်း မဆောင်ရွက်နိုင်တော့ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က စိတ်ဖိစီးမှုများတဲ့အခါ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေကြောင်း Wayne State Universityက လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

၃။ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေခြင်း

မိခင်ရဲ့စိတ်အခြေအနေက သန္ဓေသားဖွံ့ဖြိုးမှုကိုသာမက မွေးဖွားလာတဲ့အခါ အိပ်စက်မှုစက်ဝန်းကိုပါ ထိခိုက်စေပါတယ်။ ပညာရှင်တွေက အသက် ၆ လ၊ ၁၈ လနဲ့ လ ၃၀ ရှိတဲ့ကလေးတွေရဲ့ အိပ်စက်မှုအချိန်တွေကို လေ့လာခဲ့ကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ပူပန်သောကတွေ များတဲ့အခါ အသက် ၁၈ လနဲ့ လ ၃၀ အရွယ်ကလေးတွေရဲ့ အိပ်စက်မှုကို ထိခိုက်ကြောင်း တွေ့ရပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ကော်တီဇောဟော်မုန်းက အချင်းကြိုးကနေ ဖြတ်ပြီး ကလေးရဲ့ဦးနှောက်ဧရိယာကို သက်ရောက်မှု ရှိစေလို့ပါ။

၄။ ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေခြင်း

အမေရဲ့ဗိုက်ထဲမှာ စိတ်ဖိစီးမှုရဲ့ အကျိုးဆက်ကို ခံစားရတဲ့ကလေးတွေဟာ မွေးဖွားလာတဲ့အခါ ရောဂါပိုးကူးစက်နိုင်ချေများပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုပါ ဖြစ်ပေါ်စေပါတယ်။ ဒါ့ပြင် မျက်လုံး၊ နား၊ အစာချေမှုစနစ်၊ အသက်ရှူလမ်းကြောင်း၊ အသားအရေ၊ သွေးလည်ပတ်မှုစနစ်တွေကိုပါ သက်ရောက်မှုဖြစ်စေတာပါ။

ဓာတ်မတည့်မှုတွေနဲ့ ပန်းနာရင်ကျပ်ရောဂါကိုလည်း ရစေပါသေးတယ်။ ကိုယ်ဝန်ဆောင်မိခင်က စိတ်ဖိစီးမှုများတဲ့အပြင် ဆေးလိပ်ပါသောက်တယ် ဆိုရင်တော့ ကလေးကျန်းမာရေးအတွက် ဆိုးကျိုးတွေ ပိုများနေမှာပါ။

၅။ ကလေးမှာ ကြောက်စိတ်တွေ ပိုများလာခြင်း

ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ဖိစီးမှုသောကတွေများနေရင် မွေးလာတဲ့ကလေးက အနာဂတ်မှာ ကြောက်စိတ်စွဲနေနိုင်ကြောင်း Denver တက္ကသိုလ်က Dr.Elysia Davis က ဖော်ပြထားပါတယ်။ လမ်းလျှောက်တတ်စအရွယ်ကိုရောက်တဲ့အခါ သူစိမ်းကို အရမ်းကြောက်တတ်တာ၊ ဘောလုံးလှိမ့်လာရင်တောင် ကြောက်လန့်နေတာ စတဲ့ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

တခြားကလေးတွေက ပျော်ပျော်ပါးပါး ဆော့ကစားနေချိန်မှာ လူကြောက်တဲ့အကျင့်ကို ရသွားစေမှာပါ။ အဲဒီလိုကလေးတွေက မူကြို၊ ကျောင်း သွားရမှာကိုလည်း အရမ်းကြောက်နေတတ်ပါတယ်။

စိတ်ဖိစီးမှုအားလုံးက မတူညီပါဘူး။

ရေတိုဖြစ်တဲ့ စိတ်ဖိစီးမှုက ကလေးကို မထိခိုက်စေပါဘူး။ ကော်တီဇော်ဟော်မုန်းအဆင့်ကို တိုင်းတာဖို့ဆိုရင် စိတ်ဖိစီးမှုဖြစ်ပြီးတဲ့နောက် ကိုယ်ဝန်ဆောင်မိခင်ရဲ့တံတွေးနဲ့ အမိုင်နိုအရည်ကို စမ်းသပ်ကြည့်လို့ရပါတယ်။ ရေရှည်စိတ်ဖိစီးမှုကတော့ CRH levels ကို မြင့်စေပြီး ကလေးအတွက် နောက်ဆက်တွဲ ဆိုးကြိုးတွေ ဖြစ်ပေါ်စေပါတယ်။

စိတ်ဖိစီးမှုကို ကုသနည်း

- မနက်စာကို စားဖြစ်အောင်စားပြီး အသီးအနှံ၊ အသီးအရွက်၊ ငါးတွေကို ပိုစားပေးပါ။

- ကိုယ်ဝန်ဆောင်မိခင်တွေက လမ်းလျှောက်ခြင်းအပြင် မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ပျော်ရွှင်မှုဟော်မုန်းတွေကို မြင့်တက်စေပြီး စိတ်ဖိစီးမှုတွေကို လျော့စေပါတယ်။

- တရားထိုင်တာကလည်း စိတ်ဖိစီးမှုတွေကို နည်းပါးစေတဲ့ နည်းလမ်းတစ်ခုပါပဲ။

- ပတ်ဝန်းကျင်က လူတွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးပါ။ မိသားစုနဲ့ စကားပြောတာ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာက ပျော်ရွှင်စေတဲ့ နည်းလမ်းတွေပါပဲ။

- စိတ်ပူပန်စေတဲ့အရာတွေကို ချရေးပြီး မကောင်းတဲ့စိတ်ခံစားချက်တွေကို ဖယ်ထုတ်လိုက်ပါ။

- ဝါသနာပါတဲ့အရာလေးတွေကို ပြုလုပ်ပြီး အတွေးလွန်နေတာတွေကို လျှော့ချပါ။

- အိပ်ရေးဝဝအိပ်တာက ကလေးရဲ့ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

- စိတ်ဖိစီးမှုတွေကို ကိုယ်တိုင် မဖြေရှင်းနိုင်တော့တဲ့အခါ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။

မိခင်ရဲ့မေတ္တာက အများကြီး ပြောင်းလဲမှု ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကို စကားပြောပေးတာ၊ သီချင်းဆိုပြတာ၊ တရားစာဆိုပြတဲ့ စတဲ့အရာတွေက ကလေးကို စိတ်ဖိစီးမှုကြောင့်ဖြစ်လာမယ့် ဆိုးကျိုးတွေကို လျော့စေတဲ့အရာပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments