လူသားတိုင်းက ပြီးပြည့်စုံနေသူတွေ မဟုတ်ကြတာကြောင့် အမှားတွေနဲ့လည်း မကင်းပါဘူး။ အဲဒါကြောင့် မိမိရဲ့မရည်ရွယ်ဘဲ လုပ်မိတဲ့ အပြုအမူတချို့က သူတစ်ပါးကို ထိခိုက်သွားစေတာလည်း ရှိပါတယ်။ ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါမှာလည်း အချို့နည်းလမ်းတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုရနေတတ်ပါတယ်။
၁။ မိမိကလေးကို အခြားသူတွေရှေ့မှာ အပြစ်ပေးခြင်း
ကလေးက အမှားလုပ်မိတဲ့အခါ တချို့မိဘတွေက စိတ်မြန်ကိုယ်မြန်နဲ့ သူစိမ်းတွေ ရှေ့မှာတင် အပြစ်ပေးလိုက်ကြပါတယ်။ အဲဒီအချိန်မှာ ဘေးပတ်ဝန်းကျင်မှာ တခြားသူတွေရှိနေမှန်း သတိမထားမိတော့ပါဘူး။ ဒါပေမယ့် ကလေးရဲ့စိတ်ထဲမှာတော့ တခြားသူတွေ သူ့အပေါ်ဘယ်လိုမြင်သွားမလဲ ဆိုတာကို စိုးရိမ်စိတ် ဖြစ်လာပါတယ်။ လူအများကြီးရှိတဲ့နေရာမှာ ကလေးကို အပြစ်ပေးတာက လူကြောက်တဲ့စိတ်တွေ၊ ရှက်စိတ်တွေပိုပြီး ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုလည်း လျော့စေပါတယ်။
၂။ အတိတ်က ကိစ္စတွေကို ဆွဲပြောခြင်း
အချို့မိဘတွေက ကလေးတွေ အပြစ်လုပ်မိတဲ့အခါ အရင်က အပြစ်တွေကိုပါ ဆွဲခေါ်ပြီး ထည့်ပြောတတ်ကြပါတယ်။ တစ်ခါတရံ အတိတ်က အပြစ်တွေအတွက်ပါ ပေါင်းပြီး အပြစ်ပေးတတ်ကြပါတယ်။ တကယ်တော့ အဲဒီအပြုအမူက ကလေးတွေအတွက်တော့ မိဘအပေါ်မှာ ရင်းနှီးမှုတွေ လျော့သွားစေမှာပါ။
၃။ ကိုယ့်ကိုယ်ကိုယ်အတွက်ပဲ အချိန်ပေးခြင်း
ကလေးတွေကို မပွေ့ဖက်တာ၊ ချစ်ကြောင်းမပြောတာ၊ ဂရုမစိုက်တာက အထီးကျန်တဲ့စိတ်ကို ရသွားစေနိုင်ပါတယ်။ ကလေးတွေရဲ့ခံစားချက်ကို နားမထောင်ပေးတဲ့အခါ ကလေးတွေကလည်း တခြားသူရဲ့ခံစားချက်ကို နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။
၄။ မကောင်းတဲ့ အလေ့အထများ
မိဘတွေဆိုတာ ကလေးတွေအတွက် အမြဲစံပြပါပဲ။ မိဘတွေရဲ့အပြုအမူတချို့က မှားနေပေမယ့်လည်း ကလေးတွေရဲ့စိတ်ထဲမှာတော့ မှန်တယ်လို့ ထင်နေမှာပါပဲ။ မိဘရဲ့ကောင်းတဲ့အပြုအမူ၊ ဆိုးတဲ့အပြုအမူ အားလုံးက ကလေးအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။
၅။ အထိန်းချုပ်လွန်ခြင်း
တချို့မိဘတွေက တစ်ခါတရံမှာ အထိန်းချုပ်လွန်ပြီး သူတို့သဘောဆန္ဒအတိုင်းပဲ လုပ်ခိုင်းပါတယ်။ အဲဒီအခါ မိဘရဲ့ဆုံးဖြတ်ချက်မပါရင် ဘာကိုမှ မလုပ်တတ်သူတွေအဖြစ်ကို ရောက်သွားတတ်ပါတယ်။
၆။ အလိုလိုက်ခြင်း
မိဘတွေက သားသမီးတွေကို ချစ်တဲ့စိတ်ကြောင့် အထိန်းအကွပ်မဲ့ပြီး အမြဲ အလိုလိုက်မိတတ်ကြပါတယ်။ အလိုလိုက်ခံရတာနဲ့ အသားကျသွားတဲ့ကလေးက တစ်ကိုယ်ကောင်းဆန်တဲ့ အကျင့်ကို ရသွားပြီး အခြားသူတွေနဲ့ ဆက်ဆံဖို့ ခက်ခဲသွားပါတယ်။ ထိန်းချုပ်လို့မရတဲ့ ကလေးက မိဘတွေအတွက်သာမက ပတ်ဝန်းကျင်ကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေမှာပါ။
၇။ ယုံကြည်မှု မရှိခြင်း
မိဘတွေရဲ့ယုံကြည်မှုက ကလေးတွေအတွက်တော့ တံတိုင်းလိုပါပဲ။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ မိဘတွေရဲ့ယုံကြည်မှုက အရမ်းကို အရေးပါပါတယ်။ မိသားစုက အမြဲယုံကြည်မှုတွေ ပေးနေရင် ကလေးတွေအတွက် အားအင်တွေ တိုးနေမှာပါ။
၈။ ဒေါသကြီးတဲ့ အပြုအမူ
ကလေးတွေက မိဘတွေကိုကြည့်ပြီး ပြဿနာတွေ ဖြေရှင်းနည်းကို အတုယူကြပါတယ်။ ကလေးတွေအပေါ် ရိုင်းတဲ့အသုံးအနှုန်းတွေ၊ ဒေါသကြီးတဲ့ အပြုအမူတွေနဲ့ ဆက်ဆံရင် ကလေးတွေကလည်း သူတို့ကြုံရတဲ့ပြဿနာကို ဒေါသနဲ့ပဲ ဖြေရှင်းသွားပါလိမ့်မယ်။
၉။ ပြဿနာတွေကနေ ရှောင်ပြေးခြင်း
ပြဿနာတွေကို အပြီးသတ်ဖို့ နည်းလမ်းက လမ်းလျှောက်ထွက်ပြီး မေ့ပစ်လိုက်ပါလို့ ပြောကြပါတယ်။ တကယ်တော့ ပြဿနာတွေက သူ့အလိုလို ပြီးဆုံးသွားတတ်တဲ့အရာတွေ မဟုတ်ပါဘူး။ အော်ကြီးဟစ်ကျယ် ပြောလိုက်လို့လည်း ပြဿနာကနေ ရုန်းမထွက်နိုင်တာကြောင့် အကျိုးသင့်အကြောင်းသင့်နည်းနဲ့ ပြဿနာတွေကို ဖြေရှင်းတတ်အောင် သင်ကြားပေးပါ။
Zombie (lovemedia)
0 Comments