လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်အတွက် ဆံပင်က အရမ်းအရေးပါပါတယ်။ ဆံပင်ပုံစံ မလှတဲ့အခါ ရှိသင့်တဲ့အသက်ထက် ပိုပြီး ရုပ်ရင့်နေတတ်ပါတယ်။ အဲဒါကြောင့် သင့်အသက်ကို ၅ နှစ်လောက် နုပျိုသွားစေမယ့် ဆံပင်ပုံစံတွေ အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ဆံပင်ညှပ်တဲ့ပုံစံ
ဆံပင်ညှပ်တဲ့အခါ ဆံပင်အကုန်လုံးကို ချထားတဲ့ပုံစံက သင့်ကို အသက်ကြီးတယ်လို့ ထင်ရစေမှာပါ။ အလွှာလေးတဲ့ပါတဲ့ ဆံပင်ပုံစံ၊ ပုခုံးနားမှာ ငှက်မွှေးလေးတွေလို ဝဲကျနေတဲ့ဆံပင်ပုံစံ၊ ဆံခွေလေးတွေက သင့်ကို နုပျိုတယ်လို့ ထင်ရစေတဲ့ ဆံပင်ပုံစံတွေပါပဲ။
၂။ ဆံပင်အရောင်
ဆံပင်ကိုအရောင်ဆိုးဖို့ ရွေးချယ်တဲ့အခါ အသားအရောင်နဲ့ လိုက်ဖက်ဖို့လည်း ထည့်စဉ်းစားသင့်ပါတယ်။ ဆံပင်ကို ဆေးဆိုးရင် နှစ်ရောင်ထက်ပိုပြီး မဆိုးသင့်ပါဘူး။ အရောင်တွေ အရမ်းများရင် ငယ်ရွယ်တဲ့ ပုံစံမပေါက်ဘဲ ပိုပြီး အသက်ကြီးတဲ့ပုံစံ ဖြစ်သွားစေမှာပါ။ ဆံပင်ကို ပင်ကိုယ်အရောင်ကနေ မပြောင်းချင်ဘူးဆိုရင် အရောင်ဖျော့ဖျော့လေးတွေ ထည့်သုံးနိုင်ပါတယ်။
၃။ ဆံပင်အရှည်
ဆံပင်တိုတဲ့အခါ ပိုပြီး ငယ်ရွယ်တက်ကြွတဲ့အသွင်ကို ရစေပါတယ်။ ပိုပြီး နုပျိုတယ်လို့ ထင်ရစေဖို့ ဆံပင်ကို တိုတိုညှပ်နိုင်ပါတယ်။ ဒါပေမယ့် ဆံပင်အရမ်းတိုတဲ့ ပုံစံတွေက မျက်နှာတိုင်းနဲ့ မလိုက်ဖက်ပါဘူး။ မေးစေ့နဲ့ လည်ပင်းအလယ်လောက်ကြားက ဆံပင်အတိုကတော့ အကောင်းဆုံးပါပဲ။
၄။ ဆံပင်အထူ
ဆံပင်က အရမ်းကပ်နေရင် အသက်ကြီးတယ်လို့ ထင်ရစေမှာပါ။ အဲဒါကြောင့် ဆံပင်ကို ခပ်ပွပွလေးဖြစ်အောင် ညှပ်တာက အသက်ကြီးတယ်လို့ မထင်ရစေတော့ပါဘူး။ ပြီးတော့ ဆံပင်ကို အလွှာလေးတွေ ဖြစ်အောင်ညှပ်တာ၊ ဆံပင်အောက်ပိုင်းကို ကောက်တာ စတာတွေက ရှိရင်းအသက်ထက် ၅ နှစ်ခန့် နုပျိုသွားစေမှာပါ။
၅။ ဆံမြိတ်
ဆံမြိတ်ချတာက နဖူးပေါ်က အရေးအကြောင်းတွေကို ဖုံးအုပ်ပေးနိုင်ပါတယ်။ ဆံမြိတ်ချတဲ့အခါ ထူထူထဲထဲကြီး ချတာကလည်း မလှသလို ခပ်ပါးပါး ချတာကလည်း မျက်နှာပေါ်က အဆီတွေကို ပိုပေါ်လွင်သွားစေပါတယ်။ အဲဒါကြောင့် ဆံမြိတ်ချတဲ့အခါ မထူမပါးလောက်ချရင် အရမ်းကို ပြည့်စုံတဲ့အလှ ဖြစ်သွားစေမှာပါ။
၆။ ဆံပင်ခွဲကြောင်း
ဆံပင်ကို ခေါင်းအလယ်တည့်တည့်ခွဲတာက ပိုပြီး အသက်ကြီးတယ်လို့ ထင်ရစေမှာပါ။ တစ်ဖက်တည်းကို အများကြီးခွဲထားရင် မျက်လုံးက ပိုကြီးတဲ့ပုံစံ ဖြစ်သွားစေပါတယ်။ ဆံပင်ကို မြွေလိမ်မြွေကောက်ပုံစံ ခွဲတာက နူးညံ့တဲ့အသွင်အပြင် ရစေပြီး ဆံပင်ထူတယ်လို့လည်း ထင်ရစေပါတယ်။
၇။ ဆံပင်စည်းတဲ့ပုံစံ
ဆံပင်ကို အုပ်လုံးသိမ်းပြီး အပြောင်စည်းထားတဲ့ပုံစံက အိုမင်းရင့်ရော်တယ်လို့ ထင်ရစေပါတယ်။ ဆံပင်စည်းမယ်ဆိုရင် ဆံနွယ်လေးတွေကို ဘေးဘက်တွေမှာ အနည်းငယ်ချထားပေးပါ။
၈။ ပွဲတက်ပုံစံ
ပွဲတက်တဲ့အခါ ဆံပင်ကို နောက်ပြန်ဖြီးပြီး ပုံသွင်းတာက နုပျိုတယ်လို့ ထင်ရစေမှာမဟုတ်ပါဘူး။ ပွဲတက်တဲ့အခါ သဘာဝဆန်ဆန် ဆံပင်ပုံစံက သင့်ကို လူအများကြားမှာ ထင်ပေါ်နေစေမှာပါ။ ဒါမှမဟုတ် ဆံပင်ကို ကျစ်ပြီး ဘေးချထားတာ၊ စည်းထားတာက အသက်ကြီးတဲ့အသွင်ကို လျော့သွားစေမှာပါ။
Bonus
- ဆံပင်ပုံသွင်းပစ္စည်းတွေကို အရမ်းသုံးတာက ဆံသားကို ပျက်စေပြီး မူရင်းဆံပင်အလှကိုပါ ပျောက်သွားစေမှာပါ။
- ဆံပင်ကို အလှဆင်တဲ့အခါ ကလေးတွေ အသုံးပြုတဲ့ဆံညှပ်တွေ၊ ကတ္တီပါဆံကုပ်တွေက သင့်ကို နုပျိုတယ်လို့ ထင်ရစေမှာ မဟုတ်ပါဘူး။ -သင်က အသက် ၃၀ အောက်ဆိုရင် ဆံခွေသေးသေးလေးတွေဖြစ်အောင် ဆံပင်ကောက်တာက အလိုက်ဖက်ဆုံးပါ။
Zombie (lovemedia)
0 Comments