လှပတဲ့ဆံပင်ရဖို့ ခေါင်းဘီးကလည်း အရေးပါပါတယ်။ သင့်ဆံပင်နဲ့ကိုက်ညီတဲ့ ခေါင်းဖြီးကို ဘယ်လိုရွေးချယ်သင့်လဲ ဆိုတာ love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ Paddle brush
Paddle brush က ဆံပင်ရှည်သူ၊ ဆံပင်ကောက်သူ၊ ဆံပင်သိပ်မထူဘဲ ဖြောင့်သူတွေအတွက် သင့်တော်ပါတယ်။ ဒီခေါင်းဘီးက ဆံပင်ငြိတာတွေကို သက်သာစေပြီး ဦးခေါင်းကို နှိပ်နယ်ပြီးသားလည်း ဖြစ်စေပါတယ်။
၂။ Oval brush
ဘဲဥပုံစံရှိတဲ့ ခေါင်းဘီးက ဆံပင်ဖြောင့်သူ အထူးသဖြင့် ဆံပင်ရှည်သူတွေ ရွေးချယ်သင့်တဲ့ ဘီးပါပဲ။ ဘီးအမွေးရဲ့အဆုံးမှာ အလုံးလေးတွေ ပါတာကြောင့် ဆံပင်ထုံးနေတာ မဖြစ်စေတော့ပါဘူး။ ဆံပင်ရေစိုနေချိန်မှာတော့ မဖြီးသင့်ပါဘူး။
၃။ Round brush
လုံးဝန်းတဲ့ပုံစံရှိတဲ့ ခေါင်းဖြီးကိုတော့ ဘယ်ဆံပင် အမျိုးအစားမှာမဆို အသုံးပြုနိုင်ပါတယ်။ ဒီခေါင်းဖြီးက ဆံပင်ပုံသွင်းတဲ့အခါ အလွန်အဆင်ပြေပါတယ်။ ဆံပင်ကို ထူသယောင် ဖြစ်စေဖို့အတွက် ဖြီးမယ်ဆိုရင် ရွေးချယ်သင့်တဲ့ ခေါင်းဖြီးပါပဲ။
၄။ Rat tail comb
ကြွက်မြီးပုံစံရှိတဲ့ ခေါင်းဖြီးကိုလည်း ဘယ်ဆံပင် အမျိုးအစားမှာမဆို ဖြီးလို့ရပါတယ်။ ဆံပင်ကို ညီညီညာညာဖြစ်အောင် ခွဲကြောင်းဖော်တဲ့အခါ အဆင်ပြေတာကြောင့် အမျိုးသမီးတိုင်း ရှိထားသင့်ပါတယ်။
၅။ Wide tooth comb
အသွားတွေကျယ်တဲ့ ခေါင်းဖြီးက ဘယ်ဆံပင်အမျိုးအစားမဆို သင့်တော်ပါတယ်။ ဆံပင်တွေ ရှုပ်နေတာကို အလွယ်တကူ ရှင်းပေးနိုင်ပါတယ်။ ဆံပင်စိုနေတဲ့အချိန်မှာ ဖြီးလို့ အဆင်ပြေတဲ့ဘီးပါပဲ။
၆။ Vented brush
ဆံပင်လေမှုတ်တဲ့အခါ အဆင်ပြေပြီး ဘယ်ဆံပင်မဆို သင့်တော်တဲ့ ခေါင်းဘီးပါ။ ဘီးရဲ့အနောက်ဘက်မှာပါတဲ့ အပေါက်လေးတွေကြောင့် လေမှုတ်တဲ့အခါ ဆံပင်ကို မြန်မြန်ခြောက်စေပါတယ်။
၇။ Boar bristle brush
ဒီခေါင်းဖြီးလေးကတော့ ဆံပင်ပါးသူ၊ ဆံပင်ကောက်သူတွေအတွက်ပါ။ ဆံပင်ပုံသွင်းတဲ့အခါ Boar ဘီးကို အသုံးများကြပါတယ်။
၈။ Teasing hairbrush
ဆံပင်ကို ထူတယ်လို့ ထင်ရအောင် ဆံပင်အရင်းကနေ စပြီးခေါင်းဖြီးချင်တယ်ဆိုရင် teasing hairbrush ကို ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် ဆံပင်ကို အရင်းကနေ မြှောက်ပြီးဖြီးတာက ဆံပင်ကို အရမ်းထိခိုက်စေတာကြောင့် တစ်ခါတရံမှသာ ကောင်းပါတယ်။
၉။ Mixed bristle brush
ဆံပင်အရမ်းထူသူအတွက် misxed bristle brush က အလွန်အဆင်ပြေပါတယ်။ ဆံပင်ကို အပူမပေးဘဲ ပုံသွင်းတဲ့အခါ ဒီခေါင်းဘီးကို သုံးကြပါတယ်။ ဘီးမှာ အသွားအမာနဲ့ အပျော့ဆိုပြီး နှစ်မျိုးပါပါတယ်။ ပျော့တဲ့အသွားတွေက ဆံပင်မှာလိမ်းထားတဲ့ဆီတွေကို ပြန့်စေတာကြောင့် တောက်ပတဲ့ ဆံသားကို ရစေမှာပါ။ ဘီးမှာပါတဲ့မာတဲ့ အသွားတွေက ဆံပင်ရှုပ်နေတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေပါတယ်။
၁၀။ Loop brush
ဒီခေါင်းဖြီးက ဘယ်ဆံပင်မှာမဆို ဖြီးလို့ရပြီး ဆံပင်အတုတွေကို ဖြီးတဲ့အခါ ပိုသုံးပါတယ်။ သူ့ရဲ့အသွားက တခြားဘီးတွေနဲ့ လုံးဝမတူပါဘူး။ အသွားတွေက ကွင်းသေးသေးလေး ဖြစ်နေတာကြောင့် ခေါင်းဖြီးရတာက အရမ်းကို အဆင်ပြေပါတယ်။
၁၁။ Denman brush
ဆံပင်ကောက်သူတွေအတွက် Denman brush က အရွေးသင့်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ဆံပင်အရမ်းကောက်နေသူတောင် ဖြီးလို့အဆင်ပြေစေမယ့် အသွားတွေက ပါနေလို့ပါပဲ။
Zombie (lovemedia)
0 Comments