နွေရာသီမှာ ပန်းအိုးထဲကပန်းတွေ အချိန်ကြာကြာလန်းဆန်းစေမယ့် နည်းလမ်း (၇) ခု

ရာသီဥတုကလည်း ပူပြင်းလာတာကြောင့် ဘုရားပန်းအိုးထဲက ပန်းတွေ၊ အလှပန်းအိုးထဲက ပန်းတွေကလည်း တာရှည်မခံတော့ပါဘူး။ ရက်အနည်းငယ်အတွင်းမှာပဲ နွမ်းခြောက်လာကြပါတယ်။

ဒါပေမယ့် စိတ်ပူစရာ မလိုတော့ပါဘူး။ ပန်းအိုးထဲက ပန်းတွေကို ရက်ကြာကြာ လန်းဆန်းစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

၁။ ပန်းတွေကို အသီးတွေနဲ့ ဝေးရာမှာထားပါ။

ပန်းတွေကို ပန်းသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီးတို့နဲ့ နီးစပ်တဲ့နေရာမှာ မထားရပါဘူး။ အဲဒီအသီးတွေမှာ အီသိုင်လင်း ပါဝင်တာကြောင့် ပန်းတွေ မြန်မြန်ပွင့်လာစေပါတယ်။ ဒါ့အပြင် ပန်းတွေကိုလည်း ညှိုးတာမြန်စေပါတယ်။

၂။ သကြား၊ သံပရိုသီး၊ အရောင်ချွတ်ဆေး

ဒီနည်းက ပန်းတွေကို ကြာရှည်ခံစေတဲ့အပြင် အားလည်း ပြည့်စေတဲ့နည်းပါ။ သကြား၊ သံပရိုသီးအရည်၊ အရောင်ချွတ်ဆေးတို့ကိုရောပြီး ပန်းအိုးထဲက ရေထဲကို ထည့်လိုက်ပါ။ သကြားမှာ အပင်အတွက် အာဟာရဓာတ်တွေပါဝင်ပြီး သံပရိုသီးကတော့ ပန်းရိုးတံ ရေစုပ်ယူအောင် ကူညီပေးပါတယ်။ အရောင်ချွတ်ဆေးကတော့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးပါတယ်။

၃။ ဆံပင်ဖျန်းဆေး

ပန်းတွေကို ရက်ကြာကြာ ပွင့်လန်းစေချင်ရင် ဆံပင်ဖျန်းဆေးနဲ့ ဖျန်းပေးပါ။ ဒါပေမယ့် အလွန်အကျွံဖျန်းစရာ မလိုပါဘူး။ အပေါ်ယံဖျန်းရင် လုံလောက်ပါပြီ။

၄။ ပန်းတွေကို အသုံးအဆောင်ပစ္စည်းတွေနဲ့ ဝေးရာမှာထားပါ။

တီဗွီ၊ မိုက်ခရိုဝေ့ဗ်မီးဖိုနဲ့ တခြားအိမ်အသုံးအဆောင် ပစ္စည်းတွေအနီးမှာ ပန်းအိုးတွေကို မထားသင့်ပါဘူး။ အဲဒီပစ္စည်းတွေက အပူထွက်တာကြောင့် ပန်းတွေကို မြန်မြန်နွမ်းခြောက်စေပါတယ်။

၅။ ပန်းရဲ့ရိုးတံကို ခပ်စောင်းစောင်းပုံစံညှပ်ပါ။

ပန်းရဲ့ရိုးတံတွေကို ထက်တဲ့ကတ်ကြေးတဲ့ တိကနဲ ညှပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ပန်းရဲ့ရိုးတံကို ညှပ်တဲ့အခါ တိကနဲ မညှပ်လိုက်ဘဲ ခပ်စောင်းစောင်းပုံစံဖြစ်အောင် ညှပ်ပါ။ အဲဒီအခါ ရိုးတံထဲကို ရေတွေပိုဝင်ပြီး ပန်းကလည်း အချိန်ကြာကြာ လန်းဆန်းနေမှာပါ။

၆။ ပန်းအိုးကို ရေ၊ အရောင်ချွတ်ဆေးတို့နဲ့ဆေးကြောပါ။

ပန်းအိုးကို အများစုကတော့ ရေ၊ ဆပ်ပြာတို့နဲ့ ဆေးကြောကြပါတယ်။ ဒါပေမယ့် အရောင်ချွတ်ဆေးက ဘက်တီးရီးယားတွေကို နည်းပါးစေတဲ့အစွမ်း ရှိပါတယ်။ ပန်းအိုးကို ရေ၊ အရောင်ချွတ်ဆေးတို့နဲ့ ဆေးတဲ့အခါ ပန်းအိုးထဲ ဘက်တီးရီးယားတွေနည်းပါးပြီး ပန်းလည်း ရက်ကြာကြာခံနိုင်မှာပါ။

၇။ ပန်းအိုးကို တဘက်နဲ့ မသုတ်ပါနဲ့။

ပန်းအိုးကို ရေဆေးပြီးတဲ့အခါ တဘက်ခြောက်နဲ့ သုတ်မယ့်အစား မှောက်ထားလိုက်ပါ။ သဘာဝအတိုင်း ပန်းအိုးကို အခြောက်ခံတာက ဘက်တီးရီးယားတွေ မဝင်စေပါဘူး။ မြေပန်းအိုးတွေမှာဆိုရင် အစိုဓာတ်လည်း ထိန်းပြီးသားဖြစ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments