အိပ်နေရင်း ရုတ်တရက် တစ်နေရာရာကနေ ပြုတ်ကျသွားတဲ့ခံစားချက် ဖြစ်ရတဲ့အကြောင်းအရင်းများ

သင်က အိပ်ပျော်နေရင်း ရုတ်တရက် တစ်နေရာရာကနေ ပြုတ်ကျသွားတဲ့ ခံစားချက်မျိုးကို ကြုံတွေ့ဖူးမှာပါ။ အချို့က အဲဒါကို ထမင်းလုံးတစ္ဆေ ခြောက်တယ်လို့ ခေါ်ကြပါတယ်။ အိပ်နေရင်း တစ်နေရာရာကနေ ပြုတ်ကျသွားတဲ့ ခံစားချက်မျိုးဖြစ်ရတဲ့ အကြောင်းအရင်းကို ဒီနေ့မှာ love media ကနေ ဖော်ပြပေးပါမယ်နော်။

အိပ်ပျော်သွားတဲ့အခါ အသိစိတ်က ခန္ဓာကိုယ်ကနေ ထွက်သွားတာကြောင့် ဦးနှောက်က နိုးကြားနေချိန်နဲ့မတူဘဲ စတင်အလုပ်လုပ်ပါတယ်။ အိပ်မပျော်တပျော်အချိန်ကနေ အိပ်ပျော်တဲ့ အဆင့်ကို ကူးပြောင်းသွားချိန်မှာ တစ်နေရာရာကနေ ပြုတ်ကျသွားတဲ့ ခံစားချက်ကို ခံစားရပါတယ်။

ကြွက်သားတစ်ခု သို့မဟုတ် ကြွက်သားအစုအဝေးက ရုတ်တရက် ဆတ်ခနဲ လှုပ်ရှားခြင်းကြောင့် ဒီလိုခံစားချက်ကို ခံစားရတာပါ။ တစ်ခါတရံမှာ အိပ်မက်မက်စအချိန်မှာ ဖြစ်ပေါ်လေ့ ရှိပါတယ်။

အိပ်နေရင်း တစ်နေရာရာကနေ ပြုတ်ကျသွားတဲ့ ခံစားချက်ဖြစ်ပေါ်ပြီးနောက် အိပ်ရာကနေ ရုတ်တရက် နိုးလာပါတယ်။ အဲဒီနောက် တကယ် အိပ်မက်မက်တာလား၊ တကယ်ပြုတ်ကျတာလားဆိုတာ ခဏတာမျှ ဝေခွဲမရဖြစ်သွားပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေလည်း ရှိပါတယ်။

- လေ့ကျင့်ခန်းလုပ်တဲ့အချိန်က အိပ်ချိန်နဲ့ အရမ်းနီးကပ်တဲ့အခါ ခန္ဓာကိုယ်မှာ လှုံ့ဆော်မှုတွေများလာပါတယ်။ အဲဒီကနေ စောစောအိပ်ပျော်ဖို့ ခက်လာပြီး အိပ်ပျော်ပြီးနောက်လည်း ရုတ်တရက်လန့်နိုးလာပါတယ်။

- စိတ်ဖိစီးမှုတွေ၊ ပူပန်စရာတွေနဲ့ အိပ်ရာဝင်တဲ့အခါ ဦးနှောက်က လိုအပ်တာထက် ပိုပြီး အလုပ်လုပ်ရပါတယ်။ ခန္ဓာကိုယ်က အိပ်ပျော်သွားတဲ့အခါ ဦးနှောက်က အချက်ပေးတဲ့အနေနဲ့ အိပ်နေရင်း ပြုတ်ကျသလို ခံစားရတာပါ။

- ကာဖိန်းဓာတ်ပါတဲ့ သောက်စရာတွေက အိပ်စက်မှုကို သက်ရောက်မှု ရှိစေပါတယ်။ အိပ်ခါနီး ကော်ဖီသောက်ရင်လည်း အိပ်ပျော်သွားတဲ့အခါ ရုတ်တရက် လန့်နိုးလာပါတယ်။

- အိပ်စက်ချိန်မမှန်တာ၊ အိပ်ရေးမဝတဲ့အခါမှာလည်း ကြွက်သားတွေက ဆတ်ခနဲ လှုပ်ရှားပြီး ပြုတ်ကျတဲ့ ခံစားချက်ကို ရစေပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာတစ်ချက်ကိုလည်း Colorado တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ရှာတွေ့ခဲ့ပါတယ်။ အိပ်ပျော်နေချိန် ကြွက်သားတွေ အနားယူတာကို ဦးနှောက်က မှားယွင်းနားလည်သွားတာပါ။

အဲဒါကြောင့် အိပ်ပျော်စအချိန်မှာ သစ်ပင်ပေါ်က ပြုတ်ကျတာ၊ ချောက်ထဲ ပြုတ်ကျတာ၊ မြောင်းထဲ ပြုတ်ကျတာလို့ အိပ်မက်မက်ပြီး လန့်နိုးလာတာပါ။

တစ်ခါတရံမှာလည်း ကြွက်သားတွေ ဆတ်ခနဲ လှုပ်ရှားမှုက ညှင်သာတာကြောင့် အိပ်ရာက လန့်မနိုးလာပါဘူး။ ကြွက်သားတွေ ကျုံ့တာကလည်း တစ်ခါတလေမှာ လန့်မနိုးစေပါဘူး။ ခဏလောက် ထိတ်ကနဲ ဖြစ်သွားရုံပဲ ခံစားရစေပါတယ်။

အိပ်နေရင်း ပြုတ်ကျတဲ့ခံစားချက်က ပြင်းထန်တဲ့ရောဂါ မဟုတ်ပါဘူး။ လူတိုင်း ပုံမှန်ဖြစ်နေကျအရာပါပဲ။ အဲဒါကြောင့် ဆရာဝန်ဆီကို သွားပြဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် အိပ်နေရင်း ခဏတိုင်း လန့်လန့်နိုးနေရင်တော့ အာရုံကြောနဲ့သက်ဆိုင်တဲ့ ဆရာဝန်တွေနဲ့ ပြသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments