ခွေးဟောင်တာ အဆန်းမဟုတ်ပေမယ့် တစ်ခါတရံမှာ သင့်ကို အကြောင်းမရှိဘဲ ထိုးဟောင်နေတာကို ကြုံတွေ့ဖူးမှာပါ။ ခွေးတွေက သင့်ကို ဆက်သွယ်ချင်တဲ့အခါ၊ သတင်းပေးချင်တဲ့အခါတွေမှာလည်း သင့်တစ်ယောက်တည်းကို ထိုးဟောင်နေတတ်ပါတယ်။ အဲဒါကြောင့် ခွေးက သင့်ကို ကြည့်ပြီးဟောင်နေရတဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ပျင်းရိတဲ့အခါ

လူသားတွေလိုပဲ ခွေးလေးတွေမှာ ပျင်းရိလာတတ်ကြပါတယ်။ အိမ်ထဲမှာ တစ်ကောင်တည်း တစ်နေကုန်နေရတဲ့အခါ ငြီးငွေ့လာတတ်ကြပါတယ်။ အဲဒါကြောင့် သင်က အပြင်က ပြန်ရောက်လာတာနဲ့ ကစားချင်တာကြောင့် ဟောင်နေတော့မှာပါ။ ပျင်းရိလို့ ဟောင်တဲ့အခါ အဆက်မပြတ် ဟောင်တတ်ကြပါတယ်။

၂။ လိုချင်တာရှိတဲ့အခါ

သင့်မှာ ခွေးရှိတဲ့အခါ သူလိုချင်တာရှိတိုင်း သင့်ကို ဟောင်တာမျိုး ကြုံဖူးမှာပါ။ သူတို့လိုချင်တဲ့ အရုပ်၊ စားစရာ၊ ပစ္စည်းတစ်ခုခု၊ လမ်းလျှောက်ထွက်ချင်တဲ့အခါ ဟောင်နေမှာပါ။ ဒါပေမယ့် ခဏခဏဟောင်တာကို စိတ်အနှောင့်အယှက်ဖြစ်ရင် မသိချင်ယောင် ဆောင်နေလိုက်ပါ။ အဲဒီအခါ ခဏခဏ မဟောင်တော့ပါဘူး။

၃။ စိတ်မပျော်ရွှင်တဲ့အခါ

ခွေးလေးတွေက အမြဲတမ်း အထီးကျန်နေရတဲ့အခါ စိတ်မပျော်ရွှင်တော့ပါဘူး။ အဲဒီအခါ ပစ္စည်းတွေကို လိုက်ကိုက်တာ၊ အကြောင်းမရှိဘဲ ဟောင်တာတွေကို ပြုလုပ်တတ်ကြပါတယ်။ ခွေးလေးတွေ စိတ်မပျော်ရွှင်တဲ့အခါ ခန္ဓာကိုယ်ကို စက်ဝိုင်းပုံစံလှည့်ပြီး ဟောင်နေတတ်ကြပါတယ်။

၄။ သတိပေးချင်တဲ့အခါ

ခွေးလေးတွေက လူသားတွေကို ကူညီတတ်ကြပါတယ်။ သင့်ဖုန်းလာနေတဲ့အခါ၊ မီးဘေးကိစ္စတစ်ခုခု ကြုံတဲ့အခါ၊ ကလေးတွေ ငိုနေတဲ့အခါ၊ လူစိမ်းရောက်လာတဲ့အခါ ခွေးလေးတွေက သင့်ကို အဆက်မပြတ်ဟောင်ပြီး သတိပေးတတ်ကြပါတယ်။ အဲဒီအခါ ဟောင်ရုံမက ခုန်လည်း ခုန်ပြီး အမူအရာလုပ်ပြတတ်ပါတယ်။

၅။ ကြောက်လန့်တဲ့အခါ

ခွေးလေးတွေ ကြောက်လန့်နေတဲ့အချိန်ကို လူအများစုက သတိမထားမိကြပါဘူး။ ခွေးလေးတွေ တစ်ခုခုကို ကြောက်လန့်လို့ ဟောင်တဲ့အခါ အသံက ထူးခြားနေတတ်ပါတယ်။ ကြောက်လန့်တဲ့အသံနဲ့ ဟောင်ရုံမက ဆွဲဆွဲငင်ငင်လည်း အူတတ်ကြပါတယ်။ ကြောက်လန့်နေချိန်မှာ ဟောင်တဲ့အသံက လူသားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေပေမယ့် သူတို့အတွက်တော့ ဟောင်တဲ့နည်းနဲ့ လူသားတွေရဲ့အကူအညီကိုရဖို့ ဆက်သွယ်တတ်ကြပါတယ်။

၆။ ပျော်ရွှင်တဲ့အခါ

သင်က ခွေးလေးတွေကို မွေးထားသူဆိုရင် ခွေးလေးတွေ ပျော်တဲ့အခါ ဟောင်သံကို သတိထားမိပါလိမ့်မယ်။ သင်နဲ့ ကစားရတာ ပျော်ပြီး စိတ်လှုပ်ရှားတဲ့အခါ သင့်ကို ထိုးဟောင်ပြီး လျှာနဲ့ပါ လျက်တတ်ကြပါတယ်။ အမြီးကိုလည်း လှုပ်ရမ်းပြတာ၊ သင့်ခြေထောက်ကို လာကိုက်တာ စသဖြင့် သူတို့ပျော်ရွှင်ကြောင်း ပြသတတ်ကြပါတယ်။

၇။ နှုတ်ဆက်ချင်တဲ့အခါ

ခွေးလေးတွေက သင်နဲ့မတွေ့ရတာကြာပြီးမှ ပြန်တွေ့ရတဲ့အခါမှာလည်း ထိုးဟောင်တတ်ကြပါတယ်။ အဲဒီလိုဟောင်တာက သင့်ကို လွမ်းနေကြောင်း၊ မတွေ့ရတာကြာပြီဖြစ်တဲ့အကြောင်း နှုတ်ဆက်တဲ့အနေနဲ့ ဟောင်တာပါ။ နှုတ်ဆက်ချင်လို့ ဟောင်တဲ့အခါ ဆက်တိုက်ဟောင်ပြီး အမြီးကိုလည်း လှုပ်ရှားနေတတ်ပါတယ်။ တစ်ခါတရံ သင့်ခန္ဓာကိုယ်ပေါ်ကိုလည်း ခုန်တက်မှာပါ။

၈။ သူတို့ပိုင်နက်ကို ပြသချင်တဲ့အခါ

ခွေးလေးတွေက လမ်းမှာ ဖြတ်သွားတဲ့ တခြားသူစိမ်းတွေကိုလည်း မြင်တာနဲ့ တန်းဟောင်နေတတ်ပါတယ်။ တစ်ခါတရံမှာ ဒီနေရာကို သူတို့ပိုင်ကြောင်း ပြသချင်လို့ အကြောင်းမရှိအကြောင်းရှာ ဟောင်နေတာပါ။ လူစိမ်းမြင်တာနဲ့ ခဏခဏ သွားဟောင်နေရင် ခွေးတွေကို အိမ်ထဲမှာပဲ ထားပြီး လူစိမ်းတွေအများကြီးနဲ့ ပေးမတွေ့သင့်ပါဘူး။

ခွေးတွေက အရမ်းဟောင်နေတဲ့အခါ

- ငြိမ်ငြိမ်နေ၊ တော်ပြီ၊ ထိုင်၊ သွား စတဲ့ စကားလုံးတွေနဲ့ ရင်းနှီးအောင် လေ့ကျင့်ပေးပါ။ ဝါကျတိုလေးတွေက ခွေးလေးတွေအတွက် ပိုမှတ်မိလွယ်ပါတယ်။

- ခွေးကို မပျင်းအောင် မနက်ပိုင်းဖြစ်ဖြစ် ညနေပိုင်းဖြစ်ဖြစ် ခဏလောက် လမ်းလျှောက်ထွက်ပေးပါ။

- သတင်းစာလာပို့သူ၊ ပစ္စည်းလာပို့သူ၊ လမ်းသွားလမ်းလာတွေကို မဟောင်ဖို့ ဖြည်းဖြည်းချင်း လေ့ကျင့်ပေးပါ။

- သူတို့ရဲ့ခန္ဓာကိုယ်နာကျင်တာ၊ ပျားကိုက်ခံရတာ၊ ပူတဲ့အခါ စတဲ့ အခြေအနေမျိုးတွေမှာလည်း အဆက်မပြတ်ဟောင်နေတတ်ပါတယ်။

Zombie (lovemedia)