မိန်းကလေးတွေက အသက် ၈ နှစ်အရွယ်လောက်ကို ရောက်တဲ့အခါ ပတ်ဝန်းကျင်၊ ခန္ဓာကိုယ်ပြောင်းလဲမှု၊ သူငယ်ချင်း၊ မိသားစုတွေကြောင့် ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုက လျော့ပါးသွားပါတယ်။ တစ်ခါတရံမှာ အဲဒီအရွယ်ကနေစပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးသွားတာလည်း ဖြစ်တတ်ပါတယ်။
ဒါပေမယ့် စိတ်ပူစရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ မိန်းကလေးတွေကို ယုံကြည်မှုရှိလာအောင်၊ ယုံကြည်မှုတွေ ပျောက်နေရင် ပြန်လည်သန်မာလာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။
၁။ သင့်သမီးမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းလာစေတဲ့ အကြောင်းအရင်းကို ရှာပါ။
လေ့လာချက်တွေအရ မိန်းကလေးတွေမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက အသက် ၈ နှစ်ကနေ ၁၄ နှစ်မှာ လျော့ကျသွားပါတယ်။ ပုံမှန်အားဖြင့်တော့ မိဘတွေရဲ့ မျှော်လင့်ချက်ကြီးမားမှုနဲ့ အလွန်ကျွံ အုပ်ထိန်းမှုတို့ကြောင့်ပါ။ အဲဒါကြောင့် ဆယ်ကျော်သက်ဖြစ်ခါစ မိန်းကလေးတွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။
၂။ အကြောက်တရားတွေကို ရင်ဆိုင်တတ်အောင် အားပေးပါ။
တချို့အရာတွေကို သင့်သမီးက စတင်သင်ယူချင်ပေမယ့် သူ့မှာကြောက်စိတ်၊ မဝံ့မရဲစိတ်တွေ ရှိနေမှာပါ။ ဥပမာ သင့်သမီးက ရေကူးသင်ချင်ပေမယ့် ကြောက်ရွံ့နေတယ်ဆိုရင် ရေကူးသင်တဲ့အခါ ရလာမယ့် ကြောက်စိတ်တွေကို ချရေးဖို့ပြောပါ။ ပြီးတော့ အဲဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို ပြောပြပါ။ သူ့ရဲ့အရင်အတွေ့အကြုံတွေကိုလည်း မမေ့ပစ်လိုက်ဖို့ လိုပါသေးတယ်။
၃။ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ပြီးနောက် လက်မလျှော့တတ်စေဖို့ သင်ပေးပါ။
အရှုံးက မဖြစ်မနေ တွေ့ကြုံရမယ့်အရာပါ။ ဒါပေမယ့် သင့်သမီးလေးကို အရှုံးတွေ တွေ့ရတဲ့အခါ လက်ခံတတ်အောင်၊ သင်ခန်းစာယူတတ်အောင်၊ နောက်တစ်ကြိမ်အတွက် အဆင်သင့်ဖြစ်နေအောင် လမ်းညွှန်ပေးပါ။ ဒါ့အပြင် အရှုံးဆိုတာ နောက်ဆုတ်ဖို့မဟုတ်ဘဲ သန်သန်မာမာနဲ့ ရှေ့ဆက်တိုးနိုင်ဖို့ သင်ကြားပေးတဲ့အရာဖြစ်ကြောင်း ပြောပြပေးနိုင်ပါတယ်။
၄။ "ဖြစ်ကောင်းဖြစ်နိုင်တယ်"ဆိုတဲ့စကားကို အသုံးပြုတတ်အောင် သင်ကြားပေးပါ။
သင့်သမီးက ကျောင်းမှာ လူအများရှေ့ စကားထွက်ပြောရတဲ့ အခြေအနေမျိုးတွေမှာ "ဖြစ်ကောင်းဖြစ်နိုင်တယ်" ဆိုတဲ့စကားကို ထည့်ပြောတတ်စေဖို့ ပြောပြထားပေးပါ။ ဒီစကားက သူ့အတွက် သေချာမသိသေးတဲ့ အကြောင်းအရာတွေမှာ ထိန်းချုပ်လိုက်နိုင်ဖို့ အကူအညီ ဖြစ်စေမှာပါ။ ပြီးတော့ သူ့အတွက် စဉ်းစားချိန်လည်း ပိုရစေပါတယ်။
၅။ ကိုယ်ပိုင်ရွေးချယ်မှုရအောင် ခွင့်ပြုပေးပါ။
သင့်သမီးကို အိမ်မှာ ရွေးချယ်မှုတွေအတွက် ဆုံးဖြတ်ခွင့်မပေးရင် အပြင်ရောက်တဲ့အခါလည်း မဆုံးဖြတ်တတ်ဖြစ်နေမှာပါ။ အဲဒါကြောင့် အသေးအမွှားအရာလေးတွေကနေစပြီး ကိုယ်ပိုင်စဉ်းစား ဆုံးဖြတ်တတ်အောင် ခွင့်ပြုပေးပါ။ သူ့ရဲ့ဆုံးဖြတ်ချက်ကို မိဘတွေက ယုံကြည်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း တိုးလာစေမှာပါ။
၆။ ကြိုးစားအားထုတ်မှုတွေအတွက် ချီးကျူးပါ။
ရလဒ်ကောင်းထွက်လာမှ ချီးကျူးတာမလုပ်ဘဲ ကြိုးစားအားထုတ်မှုကောင်းရင် ချီးကျူးပေးပါ။ အဲဒီအခါ သူ့ကြိုးစားမှုက အရာမထင်ရင်တောင် သင့်ရဲ့အားပေးမှုကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက လျော့သွားမှာ မဟုတ်ပါဘူး။ သူ့ရဲ့ကြိုးစားအားထုတ်မှုကို ဉာဏ်ရည်နဲ့တော့ မတိုင်းတာသင့်ပါဘူး။ ဉာဏ်ရည်နဲ့တိုင်းတာက စိတ်ခွန်အားတွေကို လျော့စေသလို အလုပ်ကြိုးစားချင်စိတ်လည်း ပျောက်စေပါတယ်။
၇။ သင့်ရဲ့ကျရှုံးမှုတွေအကြောင်း မျှဝေပြောပြပါ။
ကလေးတွေက မိဘတွေကို သူတို့ရဲ့စံပြအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် အခက်အခဲတွေကို သင်ကြုံတွေ့ရစဉ်က ဘယ်လိုဖြတ်ကျော်ခဲ့ကြောင်း၊ ဘယ်လိုခံစားရခဲ့ကြောင်း စတဲ့အတွေ့အကြုံတွေကို ရင်းရင်းနှီးနှီး အကြံပေးပါ။
Zombie (lovemedia)
0 Comments